အမေရိကန်က အီရန်ကို ထပ်မံတိုက်ခိုက် ၊ အီရန်က ကူဝိတ်နဲ့ ဘာရိန်းတို့ကို ပြန်လည်တိုက်ခိုက်

အီရန်ကလည်း အမေရိကန်စစ်အခြေစိုက်စခန်းတွေ တည်ရှိတဲ့ ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတို့ကို ဒုတိယမြောက်နေ့အဖြစ် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

၉ ၊ ဇူလိုင်

ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောလိုင်းတွေ ပုံမှန်ဖြတ်သန်းသွားလာနိုင်ရေးအတွက် အမေရိကန်စစ်တပ်က ဇူလိုင်လ ၈ရက်နေ့မှာ အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ခဲ့ပြီးနောက် အီရန်ကလည်း ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံကို ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် အခြေအနေတွေ တင်းမာနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အဆိုပါရေလက်ကြားကို ဖြတ်သန်းတဲ့ ကုန်တင်သင်္ဘော သုံးစင်း တိုက်ခိုက်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ အခုလိုတိုက်ခိုက်တာဖြစ်တယ်လို့ အမေရိကန်က ဆိုပါတယ်။

သမ္မတ ဒေါ်နယ်ထရန့်ကလည်း အီရန်နှင့် ယာယီအပစ်အခတ်ရပ်စဲရေးဟာ “ပြီးဆုံးသွားပြီ” လို့ ယူဆကြောင်း ပြောခဲ့ပါတယ်။

“အရေးပါတဲ့ နိုင်ငံတကာရေပိုင်နက်မှာ လွတ်လွတ်လပ်လပ် သွားလာနေတဲ့ ကုန်သွယ်ရေးသင်္ဘောတွေနဲ့ အရပ်သားသင်္ဘောသားတွေအပေါ် မကြာသေးခင်က အကြောင်းမဲ့ရန်စ ရန်မူခဲ့မှုတွေအတွက် အမေရိကန်ပြည်ထောင်စုက အီရန်မှာ တာဝန်ရှိကြောင်း အရေးယူဆောင်ရွက်နေတာ ဖြစ်ပါတယ်။” လို့ အမေရိကန်စစ်တပ်ရဲ့ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ CENTCOM က X လူမှုကွန်ရက် မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်တောင်ပိုင်း ကမ်းရိုးတန်းတလျှောက်ရှိ မြို့အတော်များများ တုန်လှုပ်ချောက်ချားခဲ့ရပြီး တချို့နေရာတွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ရပါတယ်။

အီရန်ကလည်း အမေရိကန်စစ်အခြေစိုက်စခန်းတွေ တည်ရှိတဲ့ ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတို့ကို ဒုတိယမြောက်နေ့အဖြစ် ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒုံးကျည်နဲ့ ဒရုန်းတွေကို ကြားဖြတ်ပစ်ချနေကြောင်း ပြောခဲ့ပြီး၊ ကာတာနိုင်ငံက “လုံခြုံရေးခြိမ်းခြောက်မှု မြင့်မားနေကြောင်း” သတိပေးချက် ယာယီထုတ်ပြန်ခဲ့ရပြီး နောက်ပိုင်းမှာတော့ ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။

အီရန်အနေနဲ့ သင်္ဘောတိုက်ခိုက်မှုတွေအတွက် သူတို့မှာ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောတာ မရှိခဲ့ပေမယ့် အီရန်ဟာ  ဆွေးနွေးပွဲတွေမှာ အသာစီးရဖို့အတွက် အခုလို လုပ်ရပ်တွေကို အသုံးပြုလေ့ရှိတယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောကြပါတယ်။

အခုနောက်ဆုံး အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်-အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ဇွန် ၁၇ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာကို အမြဲတမ်းသဘောတူညီချက်အဖြစ် ပြောင်းလဲနိုင်မယ့် မျှော်လင့်ချက်တွေကို မှေးမှိန်သွားစေပုံရပါတယ်။

Ref – Reuters