ဟော်မုဇ်ရေလက်ကြားမှာ ကုန်တင်သင်္ဘော တိုက်ခိုက်ခံရပြီးနောက် အမေရိကန်က အီရန်ကို ဗုံးကြဲ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တိုက်ခိုက်မှုဟာ အီရန်လက်ချက်လို့အပြစ်တင်လိုက်ပြီး ပြီးခဲ့တဲ့အပတ်က သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။

 

၂၇၊ ဇွန်။

 

ဟော်မုဇ်ရေလက်ကြားထဲမှာ ကုန်တင်သင်္ဘောတစင်းကို အီရန်ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်စစ်တပ်က ဇွန်လ ၂၆ ရက်၊ သောကြာနေ့မှာ အီရန်ကိုတိုက်ခိုက်ခဲ့ပါတယ်။

 

အဆိုပါ အခြေအနေမှာ နှစ်နိုင်ငံစလုံးက ပြီးခဲ့တဲ့အပတ်က သဘောတူထားခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး စည်းကမ်းချက်တွေကို ချိုးဖောက်တယ်ဆိုပြီး တဘက်နဲ့တဘက်အပြန်အလှန် စွပ်စွဲနေကြပါတယ်။

 

အမေရိကန် ဗဟိုစစ်ဌာနချုပ်ကတော့ သူတို့ရဲ့ စစ်လေယာဉ်တွေဟာ ဒုံးကျည်နဲ့ ဒရုန်းသိုလှောင်ရုံတွေနဲ့ ကမ်းရိုးတန်း ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့တာလို့ ပြောပြီး အမေရိကန်အရာရှိတဦးကတော့ စစ်ဆင်ရေး ပြီးဆုံးသွားပြီလို့ အစီရင်ခံပါတယ်။

 

အီရန်ဘက်ကတော့ အီရန်တောင်ပိုင်း စီရစ်ခ်က ဆိပ်ခံတံတားတဝိုက်ကို ဒုံးကျည်တစင်း ကျရောက်ခဲ့တယ်လို့ ပြောပြီး ဒေသတွင်းမှာရှိတဲ့ အမေရိကန်စစ်ရေးပစ်မှတ်တွေကို အီရန်ရေတပ်က ပြန်လည်တိုက်ခိုက်ပြီး တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ တချို့နေရာတွေမှာတော့ တိုးတက်မှုလက္ခဏာအချို့ ရှိနေပါတယ်။

အစ္စရေးနဲ့အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကြား တိုက်ပွဲတွေကို အဆုံးသတ်ဖို့အစ္စရေးနဲ့ လက်ဘနွန်တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 

နှစ်ဘက်စလုံးက အဆိုပါ သဘောတူညီချက်ကို ဟစ်ဇ်ဘိုလာတွေ လက်နက်ဖြုတ်သိမ်းဖို့နဲ့ အစ္စရေးက လက်ဘနွန်ကနေ စစ်တပ်တွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုတဲ့ ပထမဆုံးခြေလှမ်းအဖြစ် ပုံဖော်ထားပေမဲ့ ဒါကို ဘယ်လိုအတည်ပြု အကောင်အထည်ဖော်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

 

အိုမန်ကမ်းရိုးတန်းအနီး ခုတ်မောင်းနေတဲ့ ကုန်တင်သင်္ဘောတစင်း ကြာသပတေးနေ့က တိုက်ခိုက်ခံရပြီးနောက် အီရန်အစိုးရက ဟော်မုဇ်ရေလက်ကြားကို သူတို့ ထိန်းချုပ်သွားမှာဖြစ်ကြောင်း ပြောခဲ့သလို ပင်လယ်ကွေ့နိုင်ငံတွေကိုလည်း အမေရိကန်ဘက်ကမရပ်တည်ကြဖို့ သတိပေးခဲ့ပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တိုက်ခိုက်မှုဟာ အီရန်လက်ချက်လို့အပြစ်တင်လိုက်ပြီး ပြီးခဲ့တဲ့အပတ်က သဘောတူညီချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။

 

အမေရိကန် ဗဟိုစစ်ဌာနချုပ်က တိုက်ခိုက်မှုတွေအကြောင်း ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ “အီရန်တပ်ဖွဲ့တွေရဲ့ ကုန်သွယ်ရေးရေကြောင်းလိုင်းအပေါ်အကြောင်းမဲ့ ရန်စတိုက်ခိုက်မှုဟာ အပစ်အခတ်ရပ်စဲရေးကို အထင်အရှား ချိုးဖောက်လိုက်တာပဲဖြစ်တယ်” လို့ ဖော်ပြထားပြီးပါတယ်။

 

အမေရိကန်စစ်တပ်ကတော့ ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးတာနဲ့ ကူညီပံ့ပိုးမှုတွေကို ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

 

ဒုသမ္မတ ဂျေဒီဗန့်စ်က အမေရိကန်အနေနဲ့ နားလည်မှုစာချွန်လွှာလို့လည်း လူသိများတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုလေးစားလိုက်နာခဲ့တယ်လို့ ပြောပါတယ်။

 

“အီရန်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ။ကျွန်တော်တို့ဘက်က ဒါကို လေးစားလိုက်နာခဲ့ပါတယ်။ ဒီနားလည်မှုစာချွန်လွှာကိုကျင့်သုံးတဲ့နေရာမှာ သူတို့ဘက်က သဘောထားကွဲလွဲတာရှိရင် ဖုန်းဆက်ပြီး ပြောလို့ရပါတယ်။ ဒါပေမဲ့ အကြမ်းဖက်လာရင်တော့ အကြမ်းဖက်မှုနဲ့ပဲ ပြန်ရင်ဆိုင်ရမှာပါ” လို့ဗန့်စ်က X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။

 

အီရန်အစိုးရပိုင် မီဒီယာတွေကတော့ အမည်မဖော်လိုတဲ့ စစ်ဘက်သတင်းမြစ်တခုကိုကိုးကားပြီး စီရစ်ခ်ဆိပ်ကမ်းမှာ ပေါက်ကွဲသံ ကြားရပြီးနောက် တိုက်ခိုက်ခံရမှုကိုသတင်းဖော်ပြခဲ့ပါတယ်။

 

အဆိုပါ သတင်းမြစ်ရဲ့ အဆိုအရ တိုက်ခိုက်မှုမတိုင်ခင် ငါးနာရီခန့်အလိုမှာ ဟော်မုဇ်ရေလက်ကြားရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ သင်္ဘောတွေဆီကို စီရစ်ခ်ဘက်ကနေ သတိပေးပစ်ခတ်မှုတွေ အကြိမ်ကြိမ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

 

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အီရန်ဟာ ရေလက်ကြားအတွင်းသင်္ဘောတွေ သွားလာမှုကို ထိန်းချုပ်ခွင့်ရထားတယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောပါတယ်။

 

“အမေရိကန်ဟာ မျက်နှာစာမျိုးစုံကနေ ရန်စပြီး ဒီကတိကဝတ်ကို ချိုးဖောက်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် လိုအပ်တဲ့တုံ့ပြန်မှုကို ပေးခဲ့ပြီးပြီ။ ဆက်ပြီးတော့လည်းပေးသွားမှာပါ။ တကယ်လို့ ရန်စကျူးကျော်မှုတွေ ထပ်လုပ်လာရင် ကျွန်တော်တို့ရဲ့တုံ့ပြန်မှုက ဒီထက်မက ပိုပြီးပြင်းထန်ကျယ်ပြန့်လိမ့်မယ်” လို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောပါတယ်။

 

အကြမ်းဖက်မှုတွေ တကျော့ပြန် မဖြစ်ပွားခင် သောကြာနေ့မှာ ရေနံဈေးနှုန်းတွေဟာ သုံးရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး တပတ်တာအတွင်း အကြီးအကျယ် ကျဆင်းမယ့်အခြေအနေရှိနေပါတယ်။

ဒါဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ထောက်ပံ့မှု ငါးပုံ တပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်သင်္ဘောတွေ ပြန်လည်သွားလာခွင့်ရတာကြောင့် ဖြစ်ပါတယ်။

 

 

Ref – Reuters