
“ မြစ်ရေကတော့ တက်လာနေတယ်။ လက်ရှိအခြေအနေကတော့ စိုးရိမ်စရာလို့ မမြင်သေးဘူး။ ဒီနှစ်က ဝါထပ်တော့ ဝါထပ်နှစ်ဆို ရေကြီးတတ်တယ်။ ဒီတော့ ပိုပြီးစောင့်ကြည့်ရပါတယ်။
၂၆၊ ဇွန်လ။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ထူးခြားမိုးလေဝသဖြစ်စဉ်ကြောင့် လာမယ့် ၇ ရက်အတွင်း ရခိုင်ပြည်နယ်ဟာ မိုးအလွန်များနိုင်တဲ့ အန္တရာယ်ဇုန်ဖြစ်လာနိုင်ပြီး ဧရာဝတီတိုင်းမှာလည်း ရုတ်တရက် ရေကြီး၊ ရေလျှံတာတွေ ဖြစ်လာနိုင်တယ်လို့ မိုးဇလ ပညာရှင်တွေက သတိပေးထားပါတယ်။
“ အခုက မြောက်ဖျားပိုင်းမှာလည်း မိုးကများနေတယ်။ ခုအနေအထားအရလည်း ဆက်များနေဦးမှာပဲ။ ဒီရေတွေက ဧရာဝတီမြစ်ကနေ အောက်ကိုဆင်းရင် ဧရာဝတီတိုင်းမှာလည်း မိုးများနေချိန်မှာ အပေါ်ရေတွေရောက်လာမှာ အဲ့ဒီအချိန်မှာ ဒီရေတက်နေရင် သေချာပေါက် ရေကြီး၊ ရေလျှံဖြစ်လိမ့်မယ် ” လို့
မြန်မာနိုင်ငံ မိုးဇလ ဌာနက ဝန်ထမ်းတဦးက တွက်ချက်ပြပါတယ်။
ဒါနဲ့ပတ်သက်လို့ ဧရာဝတီတိုင်းအတွင်းက လူမှူကူညီရေး အဖွဲ့တွေကလည်း စိတ်ပူပန်မှုရှိနေပြီး မြစ်ရေအတက်၊ အကျ အခြေအနေတွေကို ဆက်တိုက်စောင့်ကြည့်နေတယ်လို့ ဟင်္သာတ၊ ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်နဲ့ ဝါးခယ်မမြို့နယ်တွေက ဒေသခံ လူမှုကူညီရေး အသင်းတာဝန်ခံတွေက ဆိုပါတယ်။
“ မြစ်ရေကတော့ တက်လာနေတယ်။ လက်ရှိအခြေအနေကတော့ စိုးရိမ်စရာလို့ မမြင်သေးဘူး။ ဒီနှစ်က ဝါထပ်တော့ ဝါထပ်နှစ်ဆို ရေကြီးတတ်တယ်။ ဒီတော့ ပိုပြီးစောင့်ကြည့်ရပါတယ်။ အခုက သောင်တွေကလည်း တူးထားတာတွေက ပြန်ပိတ်ကုန်တဲ့အပြင် သောင်ထွန်းတာတွေ၊ တချို့နေရာတွေမှာ ကျောက်စုပ်တာ အလွန်အကျွံလုပ်တာတွေလည်း ရှိနေတော့ ရေကြီးရင် ရေကြီးရုံနဲ့ ပြီးပါစေ ဆုတောင်းနေရတယ် ရေကြီးလာနိုင်ချေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကတော့ နိုင်သလောက် ပြင်ဆင်ထားပါတယ် ” လို့ ဇလွန်မြို့နယ် လူမှုကူညီရေး အသင်းတခုရဲ့ ဦးဆောင်သူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက ရက် ၁၀၀ စီမံချက်ဆိုပြီး ခြုံရှင်း၊ ဈေးရှင်း စတဲ့ကိစ္စရပ်တွေ လုပ်ဆောင်နေကြပေမယ့် ရေစီးရေလာကောင်းမွန်ဖို့နဲ့ ရုတ်တရက် ရေကြီးလာရင် ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုမျိုးတွေတော့ လုပ်နေတာ မရှိသေးဘူးလို့ အထက်ပါ လူမှုကူညီရေး အသင်းတွေ ဆိုပါတယ်။
“ကျွန်တော်တို့ နယ်ထဲမှာဆိုရင် မြစ်ရေတက်တာနဲ့ ကမ်းပြိုတဲ့ နေရာတွေရှိတယ်။ ဒီနေရာတွေကို ခုချိန်မှာ သေချာပြင်ဆင်တာ၊ စောင့်ကြည့်တာတွေ လုပ်ရတော့မှာ။ ပြိုတော့မှ ဟောပြိုပြီ ဆိုပြီးလုပ်ရမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာမှမလုပ်ကြသေးဘူး ” လို့ ဟင်္သာတမြို့က ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစလို့ ပုသိမ် အပါအဝင် ဧရာဝတီတိုင်းထဲက ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး ကမ်းပြိုတာတွေလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ မိုးဇလဌာနက ထုတ်ပြန်ထားချက်အရ ဧရာဝတီတိုင်းအတွင်းမှာရှိနေတဲ့ မြစ်ရေတွေဟာ ဆက်တိုက်တက်လာနေပြီး စိုးရိမ်ရေမှတ်နားကို ကပ်လာနေပြီဖြစ်ပါတယ်။
မိုးဇလ ပညာရှင်တွေကတော့ ရခိုင်ပြည်နယ်က အနိမ့်ပိုင်းဒေသတွေမှာ ရုတ်တရက် ရေကြီးရေလျှံတာ၊ မြေပြိုတာ၊ ရခိုင်ကမ်းရိုးတန်းတလျှောက် မိုးသက်လေပြင်း ပြင်းထန်စွာကျရောက်တာတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပြီး ရခိုင်နဲ့ ကပ်နေတဲ့ ဧရာဝတီတိုင်းက ရခိုင်ရိုးမတောင်ခြေတွေမှာ နေထိုင်ကြသူတွေ အနေနဲ့ အထူးသတိထားကြဖို့ကို သတိပေးထားပါတယ်။