
မုန်တိုင်းဟာ စနေ၊ တနင်္ဂနွေအတွင်း ကျူရှူးကျွန်းနဲ့ ရှီကိုကူးကျွန်းတွေကို ဖြတ်သန်းသွားမယ်လို့ မျှော်လင့်ရပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ ပိုပြီးဝေးဝေးမှာ ဝဲလည်နေတဲ့ အပူပိုင်းမုန်တိုင်း ဟီဂေါ့စ်နဲ့လည်း ပေါင်းစည်းသွားနိုင်ခြေ ရှိနေပါတယ်။
၂၆၊ ဇွန်။
အပူပိုင်းမုန်တိုင်းနှစ်လုံးဟာ ဂျပန်ကျွန်းစုတွေဆီကို ဦးတည်ရွေ့လျားနေတာကြောင့် ဂျပန်လေကြောင်းလိုင်းတွေဟာ ဇွန်လ ၂၆ ရက်၊ သောကြာနေ့မှာ လေကြောင်းခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်လာနိုင်ခြေရှိလို့ အာဏာပိုင်တွေက တချို့ဒေသတွေမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ သတိပေးထားပါတယ်။
တိုင်ဖုန်းမုန်တိုင်းအဆင့်ကနေ လျှော့ချလိုက်တဲ့ အားကောင်းတဲ့ အပူပိုင်းမုန်တိုင်း မက်ခလာဟာ တနာရီကို ၁၄၄ ကီလိုမီတာနှုန်းအထိ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ပြောထားပြီး ဂျပန်တောင်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတချို့မှာတော့ မိုးသည်းထန်စွာရွာသွန်းနေပြီ ဖြစ်ပါတယ်။
မုန်တိုင်းဟာ စနေ၊ တနင်္ဂနွေအတွင်း ကျူရှူးကျွန်းနဲ့ ရှီကိုကူးကျွန်းတွေကို ဖြတ်သန်းသွားမယ်လို့ မျှော်လင့်ရပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ ပိုပြီးဝေးဝေးမှာ ဝဲလည်နေတဲ့ အပူပိုင်းမုန်တိုင်း ဟီဂေါ့စ်နဲ့လည်း ပေါင်းစည်းသွားနိုင်ခြေ ရှိနေပါတယ်။
မုန်တိုင်းနှစ်လုံး အပြန်အလှန်သက်ရောက်မှုရှိတဲ့အခါ ဖူဂျီဝါရာသက်ရောက်မှုလို့ ခေါ်တဲ့ မိုးလေဝသဖြစ်စဉ်တခု ဖြစ်လာနိုင်ပြီး အဲဒီလိုဖြစ်ရင် မုန်တိုင်းတွေရဲ့ ရွေ့လျားမှုနဲ့ အင်အားပြင်းထန်မှုကို ခန့်မှန်းရ ပိုခက်ခဲသွားစေပါတယ်။
ဂျပန်လေကြောင်းလိုင်းနဲ့ အောနစ်ပွန် လေကြောင်းလိုင်းတို့ဟာ တောင်ပိုင်းဒေသတွေဖြစ်တဲ့ အိုကီနာဝါနဲ့ ကာဂိုရှီးမားကို ပြေးဆွဲမယ့် ခရီးစဉ်တွေအပြင် အဆိုပါ ဒေသတွေကနေ ပြန်လာမယ့် ခရီးစဉ် ၇၀ နဲ့ ၅၀ တို့ကို အသီးသီး ဖျက်သိမ်းခဲ့ပါတယ်။
ကျိုတိုဒေသမှာတော့ မြေပြိုနိုင်တဲ့အန္တရာယ်ကို သတိပေးထားပြီး ဒေသခံပြည်သူ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့အကြံပြုထားပါတယ်။
ကျိုတိုနဲ့ အိုဆာကာ မြို့နှစ်မြို့စလုံးက အဓိကမြစ်တွေရဲ့ ရေမျက်နှာပြင်မြင့်တက်လာနေပြီး ရေကြီးရေလျှံမှုအတွက် သတိထားဖို့ လိုအပ်တယ်လို့ ကြေညာထားပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီး လမ်းတွေပိတ်ကုန်တာကြောင့် မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ တိုယိုတာဟာ ကျူရှူးက စက်ရုံတခုမှာလုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားရသလို၊ နစ်ဆန်းကလည်းထုတ်လုပ်မှုလိုင်းတချို့ကို ရပ်နားဖို့ စီစဉ်ထားတယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြထားပါတယ်။
ဂျပန်စစ်တပ်ဟာ အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ မီယာကိုကျွန်းဆီ သွားမယ့် V-22 Osprey သယ်ယူပို့ဆောင်ရေးလေယာဉ်ရဲ့ ပထမဦးဆုံး ပျံသန်းမယ့် အစီအစဉ်ကိုလည်းဖျက်သိမ်းခဲ့တယ်လို့ ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။
Ref – CNA