ရေကြည်မြို့နယ်၊ကျေးရွာငါးခုမှာ စစ်တပ်က ရွာသားတွေကို ဖယ်ရှားပြီး စခန်းချနေ

“ဒီဘက်က ရွာတွေတော်တော်များများ ရှောင်နေကြရတယ်။ စစ်သားတွေ နှင်လို့ ထွက်ပြေးရတာရော ကိုယ့်ဟာ ကိုယ်ကြောက်လို့ ပြေးကြတာရောပဲ။ ရေကြည်တို့ အသုတ်တို့ နီးစပ်ရာကို ပြေးနေကြတယ်”

၂၆၊ ဇွန်။

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်နဲ့ ကပ်လျှက် ရေကြည်မြို့နယ်ထဲက ကျောက်ခဲနီ၊ကမ္ဘားကြီး၊သောင်တန်း ၊စိမ့်ကွင်း၊ဘုရားကြီးရွာတွေမှာ စစ်တပ်က ပစ်ကွင်းမလွတ်ဘူးဆိုပြီး ရွာထဲကနေ ရွာသားတွေကို ထွက်ခွာခိုင်းနေပါတယ်။

“ရေကြည်မြို့နယ်တလျှောက်လုံး အသုတ်ကနေ ရိုးတောင်ခြေတလျှောက် ရွာတွေမှာ စခန်းတွေချနေတာ။ တချို့ ရွာတွေဆိုရင် သူတို့ ပစ်ကွင်းမလွှတ်ဘူးဆိုပြီး ရွာသားတွေကို ရှောင်ခိုင်းတယ်။ အတင်းအဓမ္မ နှင်ထုတ်နေတာ” လို့ ရေကြည်မြို့နယ်အတွင်း နေထိုင်တဲ့ စစ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။

ဇွန်လ ဒုတိယပတ်အတွင်းမှာ အာရက္ခတပ်တော်နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဘိုးတော်ချောင်းဒေသမှာ ရှိနေတဲ့ အမှတ် ၁၈၈ တောင်ကုန်းကို သိမ်းပိုက်လိုက်နိုင်ပြီး နောက်ပိုင်းမှာ စစ်တပ်က ဗျူဟာမြောက်အရေးပါတဲ့ ဧရိယာတွေကို ကာကွယ်နိုင်ဖို့ စစ်အင်အားတိုးမြှင့်လာပြီး လူနေကျေးရွာတွေအထိ ဝင်ရောက်လာပြီး လက်နက်ကြီး ပစ်ခတ်နိုင်ဖို့ အထိုင်ချပြင်ဆင်ပြီး ဒေသခံတွေကို ရွာတွေကနေ ထွက်ခွာခိုင်းနေတာ ဖြစ်ပါတယ်။

“ဒီဘက်က ရွာတွေတော်တော်များများ ရှောင်နေကြရတယ်။ စစ်သားတွေ နှင်လို့ ထွက်ပြေးရတာရော ကိုယ့်ဟာ ကိုယ်ကြောက်လို့ ပြေးကြတာရောပဲ။ ရေကြည်တို့ အသုတ်တို့ နီးစပ်ရာကို ပြေးနေကြတယ်” လို့ ရေကြည်မြို့ နယ် ရိုးမတောင်ခြေမှာရှိတဲ့ ကျေးရွာတခုမှ အမည်မဖော်လိုသူ ရွာသားတဦးက ပြောပါတယ်။

အဲဒီလို စစ်တပ်က စစ်စခန်းတွေတိုးချနေသလို အသွားအလာတွေနဲ့ ကုန်စည်၊ ဆေးဝါးဝယ်ယူတာတွေကိုလည်း ကန့်သတ်နေပါတယ်။

“စျေးတွေအကုန် တက်နေတယ် ဒီဘက်မှာ ဆိုင်ရှင်တွေ ပြောကြတာတော့ ကုန်တွေ အများကြီးဝယ်လို့မရဘူး။ အကန့်အသတ်နဲ့ပဲ ဝယ်ရတယ်ပြောတယ်။ ရိက္ခာတွေ တော်လှန်ရေးအဖွဲ့တွေ ဆီကို ရောက်သွားမှာကြောက်လို့လုပ်နေတာ ပြောတယ်” လို့ ရေကြည်ဒေသခံက ပြောပါတယ်။

စစ်တပ်ဟာ အခုရက်ပိုင်းအတွင်း ရေကြည်၊ သာပေါင်းအစပ် ရိုးမတောင်ခြေဆီ စစ်ကား ငါးစီးဝန်း ကျင်နဲ့ အင်အားဖြည့်နေတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အင်အားကတော့ တောက်လျှောက်ဖြည့်နေတာပဲ။ တော်တော်အထိနာ နေတယ်ထင်တယ်” လို့ သာပေါင်းဒေသခံတဦးက မှတ်ချက် ပေးပါတယ်။ ကားလမ်းကနေ လက်နက်၊ အင်အားဖြည့်တင်းသလို ငဝန်မြစ်ကြောင်းအတိုင်း စစ်ရေယာဉ်တွေနဲ့ ဖြည့်တင်းတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“၁၈၈ ကို ရလိုက်တာ တော်တော်အားသာချက်ရှိတယ်။ အဲဒါက တော်တော်ကြီးကို အခိုင်အမာချထားတဲ့ စခန်းကြီး ပါ။ ၃၄၄ ကို ထိုးဖောက်ဖို့ လွယ်သွားသလို သာပေါင်းဘက်ကိုလည်း ထိုးဖောက်ဖို့ လွယ်သွားတယ် ဒီစခန်းရလိုက် တာ” လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ရခိုင်ရိုးမကတဆင့် ဧရာဝတီကမ်းရိုးတန်း အထိ လမ်းပေါက်နေသလို  အမြှောက်တပ် ၃၄၄ ကို ထိန်းချုပ်နိုင်ဖို့ အရေးပါတဲ့ သာပေါင်းနဲ့ ရေကြည်မြို့နယ်အတွင်း ဧရိယာတွေမှာ အာရက္ခတပ်တော်နဲ့ စစ်တပ်အကြား စစ်ရေးအားပြိုင်မှုတွေ ရှိနေပြီး ဒေသခံကျေးရွာတွေမှာ ဖြတ်လေးဖြတ်အပြင် ထိုးစစ်တွေ၊ ထိတွေ့တိုက်ပွဲတွေကြောင့် ကျေးရွာတွေကို စွန့်ခွာစစ်ရှောင်ရတာတွေ ရှိနေပါတယ်။