အပူလှိုင်းဒဏ် သက်သာရာရဖို့ ကြိုးစားရင်း ပြင်သစ်မှာ လူ ၄၀ ရေနစ်သေဆုံး

 

တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေဟာ အပူဒဏ်သက်သာဖို့ မြောင်းတွေ၊ မြစ်တွေထဲကို ခုန်ဆင်းပြီး အပူဒဏ်ကို အန်တုနေကြပါတယ်။ 

 

 

၂၄၊ ဇွန်။ 

 

ဥရောပရဲ့ ဒေသအတော်များများမှာ အပူလှိုင်းဖြတ်သန်းနေတာကြောင့် စံချိန်တင်အပူဒဏ်ကနေ လွတ်မြောက်ဖို့ အပူဒဏ်လျှော့ချဖို့ ကြိုးစားရင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြင်သစ်နိုင်ငံမှာ လူ ၄၀ ရေနစ်သေဆုံးခဲ့တယ်လို့ ဇွန်လ ၂၃ ရက်၊ အင်္ဂါနေ့မှာ ဝန်ကြီးချုပ်က ပြောပါတယ်။

 

ဗြိတိန်၊ အီတလီ၊ ဆွစ်ဇာလန်နဲ့ စပိန်နိုင်ငံတို့မှာလည်း ပြင်းထန်တဲ့ အပူဒဏ်ကို ခံစားနေရပြီး တချို့ဒေသတွေမှာ စံချိန်တင်အပူချိန်တွေကြောင့် ကျောင်းတွေနဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်တွေ ပြတ်တောက်ကုန်သလို၊ အီဖယ်မျှော်စင်အပါအဝင် ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာနေရာတွေကိုပါ ပိတ်ပစ်ခဲ့ရပါတယ်။

 

ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့အဆိုအရ ဥရောပတိုက်ဟာ ကမ္ဘာ့ပျမ်းမျှအပူချိန်ထက်နှစ်ဆကျော် ပိုမိုပူနွေးလာနေတာကြောင့် အခုလို ကာလရှည်အပူလှိုင်းဖြတ်တဲ့ ဖြစ်စဉ်မျိုးတွေ ပိုပြီးဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

 

ပြင်သစ်နိုင်ငံဟာ အင်္ဂါနေ့မှာ စံချိန်တင်အပူဆုံးနေ့ကို ကြုံတွေ့ခဲ့ရပြီး အနောက်တောင်ပိုင်းက မြို့တမြို့မှာ အမြင့်ဆုံးအပူချိန် ၄၄.၃ ဒီဂရီဆဲလ်စီးယပ်စ် (၁၁၁.၇၄ ဒီဂရီဖာရင်ဟိုက်) အထိ ရှိခဲ့တယ်လို့ ပြင်သစ်မိုးလေဝသဌာန (Meteo France) ရဲ့ ခန့်မှန်းချက်အရ သိရပါတယ်။

 

ဒေသခရိုင် ၅၄ ခုမှာ အနီရောင်အဆင့် သတိပေးချက်တွေ ထုတ်ပြန်ထားရပြီး ဒါဟာမကြုံစဖူးထူးခြားတဲ့ ဖြစ်ရပ်ပဲလို့ ပြင်သစ်မိုးလေဝသဌာနက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ သတိပေးချက်ထုတ်ပြန်တဲ့ ခရိုင် ၅၈ ခုအထိ တိုးလာပါတယ်။ 

 

တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေဟာ အပူဒဏ်သက်သာဖို့ မြောင်းတွေ၊ မြစ်တွေထဲကို ခုန်ဆင်းပြီး အပူဒဏ်ကို အန်တုနေကြပါတယ်။ အားကစားဝန်ကြီး မာရီနာဖာရာရီကတော့ အပူဒဏ်ကနေ လွတ်မြောက်ချင်တဲ့ဆန္ဒကို နားလည်ပေမဲ့ ခွင့်ပြုချက်မရှိတဲ့နေရာ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့နေရာတွေမှာ ရေမကူးကြဖို့ သတိပေးထားပါတယ်။

 

အပူလှိုင်းနဲ့ပတ်သက်တဲ့ အရေးပေါ်အစည်းအဝေး မတိုင်ခင်မှာ ဝန်ကြီးချုပ် ဆီဘက်ရှန် လီကော်နူးက ရေနစ်မှုတွေကို “ဝမ်းနည်းစရာကောင်းတဲ့ ကပ်ဘေးတခု” လို့ ပြောကြားခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့ကစလို့ သေဆုံးသူ ၄၀ ရှိခဲ့ကာ အများစုကတော့ လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

 

တနင်္လာနေ့တုန်းကတော့ ပြင်သစ်အရှေ့တောင်ပိုင်း ကာပန်ထရပ်စ်မြို့က ရှေ့နေတဦးရဲ့ ပြောကြားချက်အရ အသက် ၂ နှစ်နဲ့ လေးနှစ်အရွယ် ကလေးငယ်နှစ်ဦးကို သူတို့အိမ်အပြင်ဘက်က ကားထဲမှာ သတိလစ်နေတာကို မိခင်ဖြစ်သူက တွေ့ရှိခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးသမားတွေ ရောက်လာပေမဲ့ အသက်မရှင်တော့ဘူးလို့ သိရပါတယ်။

 

အပူလှိုင်းဟာ ဂရိအက္ခရာ အိုမီဂါ (Ω) ပုံသဏ္ဌာန်ရှိတာကြောင့် Omega block လို့ ခေါ်တဲ့ ရာသီဥတုပုံစံတခုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပြီး ပိုမိုအေးမြတဲ့ ရာသီဥတုစနစ်နှစ်ခုကြားမှာ ပူနွေးတဲ့လေထုက ပိတ်မိနေတာကြောင့် အပူချိန်တွေဟာ တရက်ထက်တရက် ပိုမြင့်တက်လာတာဖြစ်ပါတယ်။ အပူလှိုင်းတွေနဲ့ မုန်တိုင်းတွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်လာနေပါတယ်။

 

ပြင်သစ်မိုးလေဝသဌာနက အခုလက်ရှိအခြေအနေဟာ ၁၆ ရက်ကြာခဲ့ပြီး ဥရောပတဝန်းမှာ လူပေါင်း ၈၀,၀၀၀ ခန့် သေဆုံးခဲ့ရတဲ့ ၂၀၀၃ ခုနှစ် ဩဂုတ်လက အပူလှိုင်းနဲ့နှိုင်းယှဉ်နိုင်တယ်လို့ ပြောပါတယ်။ အခုဖြစ်စဉ်ကတော့ ဘယ်လောက်အထိ ကြာမြင့်မလဲဆိုတာ မသေချာသေးပါဘူး။

 

မိုးလေဝသခန့်မှန်းချက်အရ “ကြာသပတေးနေ့ဟာ ပြင်သစ်မှာ နောက်ထပ် အလွန်ပူပြင်းတဲ့နေ့တနေ့ ဖြစ်လာဦးမှာဖြစ်ပြီး အပူချိန်တွေက ဒီအတိုင်း ဆက်ပြီးမြင့်နေဦးမှာပါ။ သောကြာနေ့ကျမှ အတ္တလန္တိတ်ကမ်းရိုးတန်းကနေစပြီး အပူချိန်တဖြည်းဖြည်း ပြန်ကျသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” လို့ ဆိုပါတယ်။

 

အပူလှိုင်းတွေဟာ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုထိခိုက်စေနိုင်ရုံတင်မကဘဲ စီးပွားရေးလုပ်ငန်းတွေကိုလည်း အခြေအနေနဲ့ အညီပြောင်းလဲလုပ်ကိုင်ရစေသလို ကောက်ပဲသီးနှံရိတ်သိမ်းမှုကိုလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

 

အီတလီနိုင်ငံမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက မြို့ပေါင်း ၁၅ မြို့အတွက် အမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ထားပြီး အာဏာပိုင်တွေက အချို့သောကဏ္ဍတွေမှာလုပ်ငန်းခွင်လုပ်ကိုင်ချိန်တွေကို လျှော့ချဖို့ အစီအမံတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

အယ်လ်ပ်စ်တောင်တန်းနဲ့ အက်ပနိုင်းတောင်တန်း တလျှောက်မှာတော့ မိုးသည်းထန်စွာရွာသွန်းတာ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးသီးကြွေတာတွေကို ဖြစ်ပေါ်စေမယ့်မုန်တိုင်းတွေ ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဗြိတိန်နိုင်ငံလည်း အပူဒဏ်ကို အလူးအလဲ ခံစားနေရပြီး ဗြိတိန်မိုးလေဝသဌာနကအင်္ဂါနေ့မှာ အင်္ဂလန်တောင်ပိုင်းရဲ့ အပူချိန်ဟာ ၃၇ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ဇွန်လအတွက် စံချိန်သစ်တခု ဖြစ်လာနိုင်ပြီးဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ အပူချိန် ပိုပြီးတက်လာနိုင်ပါတယ်။ ကျောင်းပေါင်းများစွာကတော့ ကျောင်းတွေကို စောစောပိတ်ဖို့ စီစဉ်ထားကြပါတယ်။

 

ဥရောပတဝန်းလုံးမှာ သယ်ယူပို့ဆောင်ရေးကွန်ရက်တွေ အခက်အခဲကြုံနေရပြီးရထားခရီးစဉ်အချို့ကို ဖျက်သိမ်းတာ ဒါမှမဟုတ် ပုံမှန်ထက် ပိုနှေးကွေးစွာ မောင်းနှင်တာတွေ လုပ်ဆောင်နေရပါတယ်။

 

စပိန်မိုးလေဝသအေဂျင်စီကတော့ နိုင်ငံရဲ့ အချို့နေရာတွေမှာ အန္တရာယ်ရှိတဲ့ အပူဒဏ်ကြောင့် အပူချိန် ၄၄ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်တယ်လို့ အနီရောင်အဆင့်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ စပိန်မြောက်ပိုင်းက မြူနီစီပယ်ဒေသအတော်များများမှာတော့ တောမီးလောင်မယ့် အန္တရာယ်တွေရှိတာကြောင့် ရိုးရာမီးပုံပွဲတွေကို ဖျက်သိမ်းခဲ့ပါတယ်။

 

မက်ဒရစ်မြို့မှာတော့ အိုးမဲ့အိမ်မဲ့တွေနဲ့ အခြားထိခိုက်လွယ်တဲ့ ပြည်သူတွေအတွက်ရာသီဥတုခိုလှုံရာနေရာတွေကို ဖွင့်လှစ်ပေးထားပါတယ်။

 

ဘယ်လ်ဂျီယံနိုင်ငံမှာလည်း အပူချိန်တွေ မြင့်တက်လာတာကြောင့် ဘရပ်ဆဲလ်မြို့အနီးက မူလတန်းကျောင်းတကျောင်းဟာ သူတို့ရဲ့ နောက်ဆုံးစစ်ဆေးခြင်းစာမေးပွဲတွေကို အနီးနားက ခရစ်ယာန်ဘုရားကျောင်းတခုဆီ ပြောင်းရွှေ့ကျင်းပခဲ့ရပါတယ်။

 

ဒါ့အပြင် ဆွစ်ဇာလန်နိုင်ငံမှာ အရှေ့မြောက်ပိုင်း စိန့်ဂါလန် ပြည်နယ်ဟာ ရေမျက်နှာပြင်နိမ့်ကျမှုနဲ့ အပူချိန်မြင့်မားမှုတွေကို အကြောင်းပြပြီး မြစ်တွေ၊ အိုင်တွေထဲကနေ ရေထုတ်ယူသုံးစွဲမှုကို ကန့်သတ်လိုက်ပါတယ်။ အပူလှိုင်းဒဏ်သင့်တဲ့ မြို့တွေမှာတော့ ပန်ကာတွေနဲ့ အဲကွန်းတွေဟာ ချက်ချင်းဆိုသလို အရောင်းသွက်ပြီး ပြတ်လပ်ကုန်ပါတယ်။

 

Ref – Reuters