ဒေါ်လာ နှစ်ဘီလီယံကျော် သဘောတူညီချက်နဲ့ ဩစတြေးလျက ကနေဒါကို အဆင့်မြင့် ရေဒါနည်းပညာ ရောင်းချ

“ကနေဒါဟာ အာတိတ် Over-the-Horizon ရေဒါစီမံကိန်းကတဆင့် အာတိတ်ဒေသ လုံခြုံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နေတယ်” လို့ ကနေဒါနိုင်ငံရဲ့ကာကွယ်ရေးပစ္စည်း ဝယ်ယူရေးဆိုင်ရာ နိုင်ငံတော်အတွင်းရေးမှူး စတီဖင် ဖူဟာက ပြောပါတယ်။

 

၂၂၊ ဇွန်။

 

ဩစတြေးလျဒေါ်လာ ၂.၅ ဘီလီယံ တန်ကြေးရှိတဲ့ သဘောတူညီချက်အရ ကနေဒါနိုင်ငံကို အဝေးပစ်ဒုံးကျည်တွေကိုထောက်လှမ်းနိုင်တဲ့ အဆင့်မြင့်ရေဒါနည်းပညာ ရောင်းချသွားမယ်လို့ဩစတြေးလျက ဇွန်လ ၂၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒါဟာ နိုင်ငံရဲ့သမိုင်းတလျှောက် အကြီးမားဆုံး ကာကွယ်ရေးဆိုင်ရာ ပို့ကုန်သဘောတူညီချက် ဖြစ်ပါတယ်။

 

သဘောတူညီချက်ဟာ Over-the-Horizon Radar လို့ လူသိများတဲ့ ရေဒါနည်းပညာကို ဩစတြေးလျအနေနဲ့ ပြည်ပကို ပထမဆုံးအကြိမ် ရောင်းချတာဖြစ်ပြီး ကနေဒါရဲ့ အာတိတ်ဒေသ စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းတွေကိုအထောက်အကူပြုမှာ ဖြစ်ပါတယ်။

 

“ဒီနေ့ သဘောတူညီချက်ဟာ ဩစတြေးလျရဲ့ ကာကွယ်ရေးဆိုင်ရာကုန်သွယ်မှုမှာ ထူးခြားတဲ့ မှတ်တိုင်တခုဖြစ်သလို၊ ကနေဒါနဲ့ နှစ်ဦးနှစ်ဘက်အကျိုးရှိပြီး ပိုမိုနက်ရှိုင်းတဲ့ ကာကွယ်ရေးစက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ပေးလိုက်တာလည်း ဖြစ်တယ်” လို့ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီစီက ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

 

ကနေဒါရဲ့ အာတိတ်ဒေသဟာ နိုင်ငံတခုလုံး ကုန်းတွင်းပိုင်းဧရိယာရဲ့ ၄၀ရာခိုင်နှုန်းခန့် ရှိနေပေမဲ့ လူဦးရေ ကျဲပါးပြီး အခြေခံအဆောက်အအုံလည်းအနည်းငယ်ပဲ ရှိပါတယ်။

 

ရုရှားနိုင်ငံရဲ့ ငါးပုံတပုံခန့်ရှိတဲ့ အာတိတ်ဒေသအများစုဟာ ကနေဒါနဲ့ အမေရိကန်ရဲ့ အလက်စကာပြည်နယ်တို့နဲ့ မျက်နှာချင်းဆိုင် အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။

 

“ကနေဒါဟာ အာတိတ် Over-the-Horizon ရေဒါစီမံကိန်းကတဆင့် အာတိတ်ဒေသ လုံခြုံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်နေတယ်” လို့ ကနေဒါနိုင်ငံရဲ့ကာကွယ်ရေးပစ္စည်း ဝယ်ယူရေးဆိုင်ရာ နိုင်ငံတော်အတွင်းရေးမှူး စတီဖင် ဖူဟာက ပြောပါတယ်။

 

“ဒီစီမံကိန်းဟာ အာတိတ်ဒေသတွင်း လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့၊နားလည်သဘောပေါက်ဖို့နဲ့ တုံ့ပြန်ဖို့ ကနေဒါရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် ပေါင်းစပ် အာတိတ်စောင့်ကြည့်ရေးနဲ့ ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရေး ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှုရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်” လို့ သူက ဆက်ပြောပါတယ်။

 

ဩစတြေးလျရဲ့ ဂျင်ဒါလီ လုပ်ငန်းသုံးရေဒါကွန်ရက်ဟာ ကီလိုမီတာ ၃,၀၀၀အကွာအဝေးအထိ ရှိနေတဲ့ လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ဒုံးကျည်တွေကိုထောက်လှမ်းခြေရာခံနိုင်စွမ်း ရှိပါတယ်။

 

အဆိုပါ နည်းပညာကို ကနေဒါနဲ့ မျှဝေမယ့် သဘောတူညီချက်ကြောင့်ဩစတြေးလျမှာ အလုပ်အကိုင်ပေါင်း ၃၀၀ ခန့် ဖန်တီးပေးနိုင်မှာဖြစ်ပြီး ဒါဟာ ရေဒါနည်းပညာနဲ့ ပတ်သက်လို့ နိုင်ငံနှစ်ခုကြား ပိုမိုကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ ပထမအဆင့်ဖြစ်တယ်လို့ ဩစတြေးလျအစိုးရက ပြောထားပါတယ်။

 

Ref – Reuters