
“စာရင်းတွေက ကျွန်တော်တို့ အတိအကျ မသိနိုင်ဘူး၊ မြို့ပေါ်ဖြစ်ရင်တော့ လက်လှမ်းမီတာပေါ့နော်။ ရွာဘက်တွေကျတော့ မသိနိုင်တော့ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဘက်မှာ သွေးလွန်တုတ်ကွေးကြောင့် အသေအပျောက်တွေ ရှိပါတယ် ”
၁၉၊ ဇွန်လ။
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကနေ စစ်ရှောင်နေကြရသူတွေ ခြင်အန္တရာယ်ကို ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ မေလကစလို့ ရာသီတုတ်ကွေးနဲ့ သွေးလွန်တုတ်ကွေး ဖြစ်ပွားမှုတွေ ပိုပိုများလာနေတာကြောင့် ခြင်ထောင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်နေပါတယ်။
“ပုံမှန်ဆိုရင်လည်း ဒီကာလတွေက တုတ်ကွေးရာသီဆိုတော့ ဖြစ်ကြတယ်။ ဒါပေမယ့် အခုကကျတော့ စစ်ရှောင်တဲ့သူတွေ ရှိလာတယ်။ သူတို့ဆီမှာ ခြင်ထောင်လိုမျိုး လုံလောက်တဲ့ ခြင်ကာကွယ်ရေး ပစ္စည်းတွေ မပြည့်စုံဘူး။ အဲ့တော့ ဖျားလိုက် ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ ဖြစ်နေတဲ့သူတွေ များလာတယ်။ သွေးလွန်တုတ်ကွေးတွေလည်း ဖြစ်ကြတယ်။ ကျွန်တော် စာရင်းသေချာ မသိပေမယ့် အသေအပျောက်ရှိတယ် ” လို့ ဟင်္သာတမြို့က လူမှုကူညီရေး အသင်းတခုရဲ့ ခေါင်းဆောင်ဖြစ်သူက ရှင်းပြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နှစ်စဉ် ငှက်ဖျားရောဂါ ကာကွယ်ရေးအတွက် ဆေးစိမ်ခြင်ထောင်တွေကို ခွဲတမ်းကျရာ ကျေးရွာတွေကို ဝေငှပေးတာမျိုးတွေ ရှိပေမယ့် တပြိုင်နက်တည်း လုံလောက်အောင် ပေးနိုင်ခြင်းမရှိတာ၊ ဒေသခံတွေက ခြင်ထောင်ကို အသုံးပြုမှု နည်းပါးတာ၊ အသုံးပြုနည်း မမှန်တာတွေကြောင့် အောင်မြင်တဲ့ တားဆီးနိုင်မှုမျိုး မရှိဘူးလို့ သူက ဆက်ပြောပါတယ်။
ဒီအခြေအနေတွေအပြင် စစ်ရှောင်နေရသူတွေပါ ရောက်ရှိလာချိန်မှာ ရာသီတုတ်ကွေးနဲ့ သွေးလွန်တုတ်ကွေး ဖြစ်ပွားမှုတွေ တက်လာခဲ့တာဖြစ်တယ်လို့ လေးမျက်နှာမြို့က လူမှုကူညီရေး ဆောင်ရွက်သူ တဦးက ပြောပါတယ်။
“စာရင်းတွေက ကျွန်တော်တို့ အတိအကျ မသိနိုင်ဘူး၊ မြို့ပေါ်ဖြစ်ရင်တော့ လက်လှမ်းမီတာပေါ့နော်။ ရွာဘက်တွေကျတော့ မသိနိုင်တော့ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဘက်မှာ သွေးလွန်တုတ်ကွေးကြောင့် အသေအပျောက်တွေ ရှိပါတယ် ” လို့ သူက ဆိုပါတယ်။ လေးမျက်နှာမြို့နယ်အတွင်းက စစ်ရှောင်တွေအတွက် ခြင်ထောင်တွေ ပေးဝေဖို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းကို အကြောင်းကြားထားရပြီး တစုံတရာ အကြောင်းပြန်လာတာတော့ မရှိသေးဘူးလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက စတင်ခဲ့တဲ့ ဧရာဝတီတိုင်းက စစ်ပွဲတွေဟာ ပိုမိုပြင်းထန်လာခဲ့ပြီး လေးမျက်မှာမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာအုပ်စုပေါင်း ၂၀ ဝန်းကျင်လောက်က ဒေသခံ ၁ သောင်းကျော်ဟာ စစ်ရှောင်နေရပါတယ်။
စစ်ရှောင်တချို့ဟာ စစ်နဲ့ဝေးရာ မြို့တွေဆီထိပြောင်းရွေ့ ရှောင်းရှားသွားခဲ့ကြပြီး အများစုကတော့ အနီးနားပတ်ဝန်းကျင်က ကျေးရွာတွေဆီကို ပြောင်းရွေ့တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
“ဒီမှာကတော့ အများစုက ဘုန်းကြီးကျောင်းတွေ၊ အသိတွေ၊ ဆွေမျိုးတွေဆီမှာ နေကြတယ်။ စစ်ရှောင်စခန်းလိုမျိုးကြီး မဟုတ်ပေမယ့် စုပြုံနေကြရတဲ့ အိမ်မျိုးတွေဆိုရင် ခြင်ထောင် မလုံလောက်တာတွေ ဖြစ်တယ်။ ပြီးခဲ့တဲ့လကဆိုရင် ပူကလည်း ပူကြတော့ ခြင်ထောင် မထောင်ကြတာမျိုးလည်း ရှိတယ်။ အိုင်သပြုမှာ (လေးမျက်နှာမြို့နယ်)ဆို လူကြီး ကလေး အကုန်လုံး မဖျားတဲ့သူ မရှိသလောက်ကို ဖြစ်နေတာ ” လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ လူမှုကူညီရေး ဆောင်ရွက်သူက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ခြင်ပေါက်ဖွားမှုကို လျော့ချပြီး ခြင်အန္တရာယ်နဲ့ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ ပရဟိတအဖွဲ့တွေ ပူးပေါင်းပြီး မြောင်းဖော်တာ၊ ခြုံရှင်းတာ၊ ခြင်ဆေးဖြန်း စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နေကြပါတယ်။
ဒါပေမယ့်ဒီလိုလုပ်နိုင်တဲ့နေရာ အများစုဟာ မြို့ပေါ်ဒေသတွေပဲဖြစ်ပြီး ကျေးရွာတွေမှာတော့ ခြင်ပေါက်ဖွားမှု လျော့ချရေး အသိပညာပေး လုပ်ငန်းမျိုးလောက်သာ လုပ်ဆောင်နိုင်ကြတယ်လို့ DNA ရဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။