အခုနှစ် ဧရာ၀တီမှာ လယ်ထွန်ခနဲ့ အလုပ်သမားခတွေပါ စျေးမြင့်တက်

“လယ်သမားတွေက ရေတိမ်နစ်တဲ့ ဘ၀ရောက်နေပြီ။ လယ်မထွန်ပြန်ရင်လည်း ဘာလုပ်စားရမလဲ။ ထွန်ရတော့ မယ်။ စပါးစျေးကောင်းဖို့ပဲ မျှော်လင့်ထားရတယ်။ စပါးစျေးကလည်း ဓါတ်မြေဩဇာတွေ အလုံအလောက်မသုံးရင် စျေးတန်းမဝင်ဘူး”

၁၈၊ ဇွန်။

လယ်ယာလုပ်ငန်းနဲ့ အဓိကသက်မွေးကြတဲ့ ဧရာ၀တီတိုင်းမှာ ဒီနှစ် စိုက်ပျိုးရာသီအတွက် စက်သုံးဆီ၊ သွင်းအားစုစျေးတွေအပြင် လယ်ယာထွန်ယက်ခတွေနဲ့ အလုပ်သမားခတွေပါ စျေးတက်နေပါတယ်။

မနှစ်က လယ်တဧကကို ထွန်ယက်ခ ငါးသောင်းဝန်းကျင်သာ ပေးခဲ့ရရာကနေ အခုနှစ်မှာ ခုနှစ်သောင်းဝန်းကျင် ထိ စျေးတက်သွားခဲ့တယ်လို့ ဆိုပါတယ်။

“တလွှာကို ထွန်ခ ခုနှစ်သောင်းလောက် တောင်းကြတယ်။ ဆီစျေးတက်လို့ပေါ့ အဓိကက စျေးတက်တာ။ အလုပ် သမားခတွေလည်း စျေးတက်တယ်။ တသောင်းကျော်လောက်ထိ ပေးရမယ်ထင်တယ်။ ဒီအတိုင်းဆိုရင် ရိတ်သိမ်းခလည်း တဧကကို နှစ်သိန်းခွဲ၊ သုံးသိန်းလောက် ကျသွားမယ်။ မြတ်ဖို့ဆိုတာ မလွယ်ဘူး” လို့ မြန်အောင်မြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။

လက်ရှိမှာ စက်သုံးဆီ တလီတာကို ကျပ်ခြောက်ထောင်ကနေ တသောင်းဝန်းကျင်ထိ ပေးဝယ်နေကြရပြီး လယ်ယာလုပ်ငန်းအတွက် အဓိကအသုံးပြုရတဲ့ ပုလဲဓါတ်မြေဩဇာ တအိတ်ကိုလည်း တသိန်းကနေ တသိန်းခွဲထိ စျေးရှိနေပါတယ်။

“ဆီက လိုသလောက်လည်း ဝယ်မရဘူး။ တချို့ဆီဆိုင်တွေနဲ့ ရင်းနှီးတဲ့သူတွေပဲ အများဝယ်လို့ရတယ်” လို့ ဟင်္သာ တမြို့နယ်မှ လယ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။

အခုလို ဓါတ်မြေဩဇာ၊ စက်သုံဆီ၊ ထွန်ယက်ခ၊ အလုပ်သမားခတွေ စျေးတက်နေရင် လယ်ယာလုပ်ငန်းလုပ်ကိုင် ကြမယ့်သူတွေ တနှစ်ထက်တနှစ် ပိုနည်းလာနိုင်တယ်လို့ လယ်သမားအရေး ဆောင်ရွက်သူတွေနဲ့ လယ်သမားတွေက ပြောကြပါတယ်။

“လယ်သမားတွေက ရေတိမ်နစ်တဲ့ ဘ၀ရောက်နေပြီ။ လယ်မထွန်ပြန်ရင်လည်း ဘာလုပ်စားရမလဲ။ ထွန်ရတော့ မယ်။ စပါးစျေးကောင်းဖို့ပဲ မျှော်လင့်ထားရတယ်။ စပါးစျေးကလည်း ဓါတ်မြေဩဇာတွေ အလုံအလောက်မသုံးရင် စျေးတန်းမဝင်ဘူး” လို့ ဖျာပုံမြုံနယ်မှ လယ်သမားတဦးဖြစ်တဲ့ ဒေါ်အုံးခင်က ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ စက်သုံးဆီပါအဝင် လယ်ယာသွင်းအားစုတွေ စျေးကြီးတာ၊ လယ်ယာထွက်ကုန် စပါးစျေး မရတာတို့ကြောင့် လယ်သမားတွေဟာ သူတို့လယ်ယာမြေတွေ မလုပ်ကိုင်ကြတော့ဘဲ လယ်ရောင်းမယ့်သူတွေ များလာနေပြီး ဝယ်ယူသူလည်း ရှားနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဧရာ၀တီတိုင်းအတွင်း စပါးစျေးမကောင်းလို့ လယ်သမားတွေ အရှုံးပေါ် အခက်အခဲဖြစ်နေကြချိန် လယ်ယာဖွံ့ဖြိုးရေးဘဏ်ကလည်း သူတို့ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်မီ ပြန်ဆပ်ကြဖို့ ဖိအားပေး၊ ခြိမ်းခြောက် တောင်းခံတာတွေလည်း ရှိနေပါတယ်။

အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိတဲ့ ဧရာဝတီတိုင်းမှာ  မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။