
ပြီးခဲ့တဲ့နှစ်က အိန္ဒိယအပေါ် အခွန်စည်းကြပ်ဖို့ ထရမ့်ရဲ့ အစီအစဉ်တွေကို ကြေညာခဲ့ပြီးနောက်မှာ မဟာအင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ တင်းမာမှုတွေ ရှိခဲ့ပါတယ်။
၁၈၊ ဇွန်။
ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ G7 ထိပ်သီးအစည်းအဝေးအတွင်း နှစ်နိုင်ငံတွေ့ဆုံမှုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယနိုင်ငံကို လာရောက်လည်ပတ်ဖို့ ကတိပြုခဲ့ပြီး ဒါဟာ နှစ်နိုင်ငံကြားဆက်ဆံရေး ပြန်လည်ကောင်းမွန်လာမယ့် လက္ခဏာတရပ် ဖြစ်ပါတယ်။
ခရီးစဉ်ဟာ အနာဂတ် တချိန်ချိန်မှာ ဖြစ်လာလိမ့်မယ်လို့ ထရမ့်က ပြောခဲ့ပြီး အိန္ဒိယနဲ့ အမေရိကန်တို့ဟာ ကုန်သွယ်ရေးသဘောတူညီချက်တခု ရရှိဖို့ နီးစပ်နေပြီလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်က အိန္ဒိယအပေါ် အခွန်စည်းကြပ်ဖို့ ထရမ့်ရဲ့ အစီအစဉ်တွေကို ကြေညာခဲ့ပြီးနောက်မှာ မဟာအင်အားကြီး နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ တင်းမာမှုတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိကန်စစ်တပ်ကြောင့် အိန္ဒိယသင်္ဘောသားသုံးဦး သေဆုံးမှုကလည်းဆက်ဆံရေးကို ပိုမိုရှုပ်ထွေးသွားစေခဲ့ပါတယ်။
အီရန်ဆိပ်ကမ်းတွေအပေါ် ပိတ်ဆို့ထားမှုကို ချိုးဖောက်တယ်လို့ စွပ်စွဲထားတဲ့ ရေနံတင်သင်္ဘောတစင်းကို အမေရိကန်စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် အိုမန်ပင်လယ်ကွေ့အတွင်း အဆိုပါ သင်္ဘောသားတွေ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီက G7 ထိပ်သီးအစည်းအဝေးမှာ ထရမ့်နဲ့ တွေ့ဆုံစဉ် ဟော်မုဇ်ရေလက်ကြားမှာ လုပ်ကိုင်နေတဲ့ အိန္ဒိယသင်္ဘောသားတွေရဲ့ ဘေးကင်းလုံခြုံရေးကိစ္စကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ကုန်သွယ်ရေးသဘောတူညီချက်ရဖို့ ကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောကြားရာမှာ ထရမ့်က မိုဒီကို “တင်းတင်းမာမာနဲ့ ညှိနှိုင်းတတ်သူ” လို့ ခေါ်ဆိုခဲ့ပြီး မကြာခင်မှာ အိန္ဒိယကို လာရောက်လည်ပတ်မယ်လို့ ကတိပြုခဲ့ပါတယ်။
ဂျပန်၊ ဩစတြေးလျတို့နဲ့ တွေ့ဆုံမှုရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ ခရီးစဉ်အတွက် အိန္ဒိယဟာ ထရမ့်ကို လာရောက်လည်ပတ်ဖို့ တိုက်တွန်းနေခဲ့တာ လပေါင်းများစွာ ရှိနေပါပြီ။
အမေရိကန်-အိန္ဒိယ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးအပေါ် မေးမြန်းတဲ့အခါမှာတော့ အိန္ဒိယသာ တိုက်ခိုက်ခံရမယ်ဆိုရင် အမေရိကန်က ကူညီမှာဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။
မိုဒီကို ရည်ညွှန်းပြီး သူက “ဘယ်သူမဆို အဲဒီလူကို တိုက်ခိုက်ရင် ကျွန်တော်တို့ အဲဒီမှာ ရှိနေမှာပါ။ ဒါပေမဲ့ ခေါင်းဆောင်သစ်တယောက် ဖြစ်လာရင်တော့ ကျွန်တော် သိပ်မသေချာဘူး” လို့ပြောခဲ့ပါတယ်။
ပြည်တွင်းမှာတော့ မိုဒီဟာ အမေရိကန်ရဲ့ လုပ်ရပ်တွေကို တိုက်ရိုက် ပြစ်တင်ရှုတ်ချတာ မလုပ်ခဲ့တာကြောင့် အတိုက်အခံပါတီတွေရဲ့ ဝေဖန်မှုကို ခံနေရပြီး ဒီကိစ္စကို ထရမ့်နဲ့ ဆွေးနွေးဖို့တောင်းဆိုခံခဲ့ရပါတယ်။
အင်္ဂါနေ့က G7 ခေါင်းဆောင်တွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ မိုဒီက အရှေ့အလယ်ပိုင်း ပဋိပက္ခကို ထည့်သွင်းပြောကြားခဲ့ပြီး အိန္ဒိယ အရပ်သား အများအပြား အသက်ဆုံးရှုံးခဲ့ရကာသင်္ဘောသားတွေရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးသင့်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ဒီနေ့ကမ္ဘာကြီးဟာ အရင်းအမြစ်တွေ ရှားပါးမှုဒဏ်ကို ခံစားနေရတာ မဟုတ်ပါဘူး၊ ယုံကြည်မှုရှားပါးတဲ့ဒဏ်ကို ခံစားနေရတာပါ။ ကျွန်တော်တို့ရဲ့ မိတ်ဘက်ဖြစ်မှုတွေရဲ့ အနာဂတ်ဟာ ဒီယုံကြည်မှုကို တည်ဆောက်ခြင်းအပေါ်မှာ မူတည်နေပါတယ်” လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး အိန္ဒိယက ဝေဖန်သုံးသပ်သူအချို့ကတော့ အဆိုပါ ပြောကြားချက်ဟာ ထရမ့်နဲ့ တွေ့ဆုံမှုနဲ့ဆက်စပ်နေတယ်လို့ ယူဆကြပါတယ်။
အိန္ဒိယဟာ သူတို့သုံးစွဲတဲ့ ရေနံရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်ပကနေ တင်သွင်းနေရတာဖြစ်ပြီး အီရန်စစ်ပွဲနဲ့ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု ငါးပုံတပုံခန့်ကို ပုံမှန်ဖြတ်သန်းသယ်ယူပို့ဆောင်နေတဲ့ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရပါတယ်။
ရေလက်ကြားကို မကြာခင် ပြန်ဖွင့်လှစ်နိုင်ခဲ့ရင်တောင် ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ထောက်ပံ့မှုတည်ငြိမ်ဖို့ လနဲ့ချီ အချိန်ယူရနိုင်ပါတယ်။
Ref – BBC