မြစ်ရေကာတာတွေ မကျိုးပေါက်စေရေး ကြိုတင်ပြင်ဆင်ရမယ့်အဆို ဆက်ဆွေးနွေးမယ်

 

၁၈၊ ဇွန်။

ဧရာ၀တီတိုင်းအတွင်း ဧရာ၀တီမြစ်၊ ငဝန်မြစ်၊ တိုးမြစ်ရေကာတာတွေ မိုးရာသီ မြစ်ရေကြီးမြင့်ချိန် ရေကာတာတွေ မကျိုးပေါက်စေရေးအတွက် တာတမံတွေ ကြံ့ခိုင်မှုကောင်းမွန်စေဖို့ ကြိုတင်ဆောင်ရွက်ထားရန် အစိုးရအဖွဲ့အား တိုက်တွန်းတဲ့အရေးကြီးအဆို ကို ဧရာ၀တီတိုင်းလွှတ်တော်ထဲမှာ ဆက်လက်ဆွေးနွေးသွားဖို့ ရှိပါတယ်။

ဇွန်လ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ လွှတ်တော်မှာ လေးမျက်နှာမြို့နယ် အမှတ်(၁)မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဝင်းနိုင်က အဲဒီအဆိုကို တင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တဦးက ထောက်ခံ ဆွေးနွေးကာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ စပါးကျီလို့ ထင်ရှားတဲ့ ဧရာ၀တီတိုင်းမှာ ရေကြီးမြင့်၊ ရေကာတာတွေ ကျိုးပေါက်တဲ့အတွက် စိုက်ပျိုး ထားတဲ့ စပါးခင်းတွေ နစ်မြုပ်ပျက်စီးမှုမရှိစေရေး၊ မြို့ရွာနေအိမ်တွေ မပျက်စီးစေရေးတို့အတွက် အဆိုတင်သွင်းရ ခြင်းဖြစ်တယ်လို့ အဆိုရှင်က ပြောပါတယ်။

“ရေကာတာများ ကျိုးပေါက်၍ ရေကြီးနစ်မြုပ်မှုဖြစ်ပါက စိုက်ပျိုးထားရှိသော လယ်ယာမြေများအားလုံး ဆုံးရှုံး ပျက်စီးမှုနှင့် ရင်ဆိုင်ကြရမှာဖြစ်ပြီး လယ်သမားများ၏ တရာသီစိုက်ပျိုးထားသော သီးနှံများအားလုံး လက်လွှတ် ဆုံးရှုံးကြရမျာဖြစ်ပါတယ်” လို့ အဆိုရှင် ဥိးကျော်ဝင်းနိုင်က ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ ရေကာတာ ကျိုးပေါက်မှုအနည်းဆုံး သုံးကြိမ် ကြုံတွေ့ခဲ့ရပြီး ဧရာ၀တီတိုင်းရဲ့ မြို့နယ် ထက်ဝက်နီးပါး နေအိမ်ရေနစ်မြုပ်တာ၊ ကျွဲနွားတိရစ္ဆာန်တွေ သေကျေ၊ ပျက်စီးတာ၊ လယ်ယာမြေတွေ ရေကြီးနစ် မြုပ်တာတို့နဲ့ ကြုံခဲ့ရကာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်၊ ရုံးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရတယ်လို့ အဆို ရှင်က အဆိုတင်သွင်းစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

၁၉၇၄ ခုနှစ်မှာ ဟင်္သာတမြို့နယ် အိပ်ပျက်ရေကာတာကျိုးပေါက်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ လေးမျက်နှာမြို့နယ် ထိန်ငူ ရေကာတာကျိုးပေါက်ကာ၊ ၁၉၉၇ ခုနှစ်မှာ ဟင်္သာတမြို့နယ် ကျွဲတဲကုန်းရေကာတာ ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း တတိုင်းလုံးနီးပါး ရေကြီးမြင့်ပြီး ဟင်္သာတမြို့နယ်အတွင်း ရေကာတာကျိုး ပေါက်မှာ စိုးရိမ်တာကြောင့် ကမ်းရင်းတာနဲ့ ပန်းတာကြားရှိ ဝါသလ၊ ဂွေးတောက်ချောင်း၊ မေဒုံ၊ သရက်နှစ်ပင် စ တဲ့ကျေးရွာတွေမှ နေအိမ် နှစ်ရာနီးပါး ရွှေ့ပြောင်းခဲ့ကြရပါတယ်။

ရေကြီးရင် လယ်ယာတွေ၊ နေအိမ်တွေ ပျက်စီးမှာ ကြောက်ရသလို နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာ တွေ ဖြစ်လာမှာ၊ ပိုးမွှား၊ မြွေအန္တရာယ်တွေဖြစ်လာမှာတို့ကိုလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အဲဒီရဲ့ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူတွေ လူမှုဘ၀ထိခိုက်မှုများ စွာ ကြုံတွေ့လာနိုင်ပြီး တိုင်းဒေသကြီးရဲ့ GDP တိုးတက်မှုကိုပါ ထိခိုက်လာနိုင်တယ်လို့ အဆိုရှင်က ပြောပါတယ်။

 

“မိုးရာသီဆိုရင် ရေကာတာ ကျိုးဖို့ကြောက်ရသလို ရေကြီးမှာကိုလည်း ကြောက်ရပါတယ်။ ရေကာတာ မကျိုးရင် တောင် ရေတအားကြီးရင် စပါးခင်းတွေက ပျက်စီးတာပါပဲ။ မြစ်နားက လယ်တွေဆိုရင် ပိုဆိုးပါတယ်။ လယ်သမား တွေမှာ လယ်ခရုပြီးရင် ရေကြီးဖို့ အကြောက်ရဆုံး” လို့ ဟင်္သာတမြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ သွင်းအားစုစျေးကြီးတာ၊ လယ်ယာထွက်ကုန်စျေးကောင်းမရတာတို့ကြောင့် စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက် သူတွေက ပြောကြပါတယ်။