အမေရိကန်နဲ့ အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး

အမေရိကန်နဲ့ အီရန် ညှိနှိုင်းရေးမှူးတွေဟာ လာမယ့် ရက်ပေါင်း ၆၀ အတွင်း အမြဲတမ်း အပစ်အခတ်ရပ်စဲရေး ရရှိဖို့ လုပ်ဆောင်နေကြပါတယ်။

 

၁၈၊ ဇွန်။

 

 

အမေရိကန်နဲ့ အီရန်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် နှစ်နိုင်ငံသမ္မတတွေလက်မှတ်ရေးထိုးလိုက်ပါတယ်။

 

တဘက်မှာလည်း အီရန်ဘက်ကသာ ကတိကဝတ်တွေကို မလိုက်နာရင် တိုက်ခိုက်မှုတွေ ပြန်စမှာဖြစ်သလို အီရန်အရာရှိတွေကိုလည်း သတ်ပစ်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးထားပါတယ်။

 

ပြင်သစ်နိုင်ငံမှာ တခြားခေါင်းဆောင်တွေနဲ့အတူ G7 ထိပ်သီးအစည်းအဝေး တက်ရောက်နေတဲ့ထရမ့်ဟာ အီရန်ကို အစောပိုင်းက ဘာကြောင့်တိုက်ခိုက်ရသလဲဆိုတဲ့ အကြောင်းပြချက်တွေထဲက အနည်းဆုံး တချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

 

အရင်တုန်းက အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည်တွေကို အမြစ်ပြတ်ချေမှုန်းပစ်မယ်လို့ကြုံးဝါးခဲ့ဖူးပေမဲ့ အခုတော့ အီရန်မှာ အဆိုပါဒုံးကျည်တွေ မရှိရင် “မတရားဘူး” ဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။

“သူတို့သာ သဘောတူညီချက်ကို ချိုးဖောက်ရင်တော့ ဗုံးတွေတရစပ်ကြဲပြီး မှုတ်ထုတ်ပစ်မှာပါ” လို့ အီရန်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခုမှာ ထရမ့်က ပြောပါတယ်။

“ကျွန်တော်ကတော့ အဲဒီလို မဖြစ်စေချင်ပါဘူး၊ သူတို့ကို သဘောတူညီချက်ကို လေးစားစေချင်တယ်” လို့လည်း ဆိုပါတယ်။

 

အမေရိကန်နဲ့ အီရန် ညှိနှိုင်းရေးမှူးတွေဟာ လာမယ့် ရက်ပေါင်း ၆၀ အတွင်း အမြဲတမ်း အပစ်အခတ်ရပ်စဲရေး ရရှိဖို့ လုပ်ဆောင်နေကြပါတယ်။

 

အဆိုပါ သဘောတူညီချက်ဟာ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်ပြီးရေနံစျေးနှုန်းတွေကို ကျဆင်းစေလိမ့်မယ်လို့ မျှော်လင့်ကြောင်း ထရမ့်က ပြောပါတယ်။

 

အီရန်ခေါင်းဆောင်တွေကတော့ အခုအောင်မြင်မှုကို အောင်ပွဲခံနေကြပြီး ထရမ့်ရဲ့ ခြိမ်းခြောက်မှုအသစ်တွေကို တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။

သူတို့ဟာ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ်သမ္မတနိုင်ငံ ထူထောင်ပြီးကတည်းက အမေရိကန်နဲ့ အီရန်သမ္မတ နှစ်ဦးစလုံး ပထမဆုံးအကြိမ်ပူးတွဲလက်မှတ်ရေးထိုးတဲ့ သဘောတူညီချက်လို့ ယူဆရတဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

 

“စစ်ရေးအရ အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့သမျှ အရာအားလုံးကို အခု ညှိနှိုင်းမှုကနေတဆင့် အဆပေါင်းများစွာ ပိုပြီး ရရှိခဲ့ပါတယ်၊ နှိုင်းယှဉ်လို့တောင် မရပါဘူး”လို့ အီရန်ရဲ့ အဓိကညှိနှိုင်းရေးမှူး မိုဟာမက် ဘာကာ ကာလီဘက်ဖ်က နိုင်ငံပိုင်ရုပ်မြင်သံကြားကို ပြောပါတယ်။

 

သဘောတူညီချက်ထဲမှာ ဒေါ်လာဘီလီယံနဲ့ချီတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်လွှတ်ပေးဖို့လည်း ပါဝင်ပါတယ်။ အမေရိကန်ကန်နဲ့ အစ္စရေးတို့ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို စစ်စတင်တိုက်ခိုက်ခဲ့ပြီး ပထမဆုံးနေ့မှာတင် အသက် ၈၆ နှစ်အရွယ် အီရန်အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီနဲ့ စစ်ဘက်ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

 

အဲဒီနောက်မှာတော့ ဒေသတွင်းပဋိပက္ခအဖြစ် လျင်မြန်စွာ ကူးစက်သွားခဲ့ပြီး အဓိကအားဖြင့် အီရန်နဲ့ လက်ဘနွန်တို့မှာ လူပေါင်း ၇,၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် စွမ်းအင်စျေးနှုန်းတွေကို မြင့်တက်စေခဲ့ပြီး ငွေကြေးဖောင်းပွမှု ဖိအားတွေကို ပြန်လည်ဖြစ်ပေါ်စေခဲ့သလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အဓိက စားနပ်ရိက္ခာပြတ်လပ်မှု အကျပ်အတည်း ဖြစ်လာနိုင်ခြေအပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်စေခဲ့ပါတယ်။

 

အချက် ၁၄ ချက်ပါဝင်တဲ့ အဆိုပါ သဘောတူညီချက်ဟာ ပြီးခဲ့တဲ့ ဧပြီလက ကြေညာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ရက်ပေါင်း ၆၀ သက်တမ်းတိုးလိုက်တာဖြစ်ပြီး လက်ဘနွန်လည်း ပါဝင်ပါတယ်။ ဒါဟာ နှစ်ဘက်စလုံး ရေရှည်အပစ်ရပ်ရေးအတွက် ဆွေးနွေးနိုင်ဖို့ အချိန်ပေးလိုက်တာ ဖြစ်ပါတယ်။

 

ထရမ့်နဲ့ အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်တို့ နှစ်ဦးစလုံးဟာ အင်္ဂလိပ်စာနဲ့ အီရန်ဘာသာစကားနှစ်မျိုးလုံးနဲ့ ရေးသားထားတဲ့ နားလည်မှုစာချွန်လွှာကို ဒစ်ဂျစ်တယ်စနစ်နဲ့ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အမေရိကန်နဲ့ အီရန်အရာရှိတွေက ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဆိုပါ သဘောတူညီချက်ဟာ ဗုဒ္ဓဟူးနေ့ကတည်းက စတင်အာဏာသက်ရောက်နေပြီလို့ ဆိုပါတယ်။

 

အီရန်နဲ့ အိုမန်အကြားက ကျဉ်းမြောင်းပြီး အရေးပါတဲ့ ရေလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြား ပြန်ပွင့်လာတော့မယ့် အလားအလာတွေကြောင့် ဗုဒ္ဓဟူးနေ့မှာ ရေနံစျေးနှုန်းတွေပြန်လည်ကျဆင်းသွားခဲ့ပါတယ်။

 

 

Ref – Reuters