ဧရာဝတီတိုင်းမှာ မိုးဆက်တိုက်ရွာပြီး ရေကြီး၊ရေလျှံ၊လမ်းတံတား တချို့ပျက်ဆီးမှုနဲ့ ကြုံတွေ့နေ

“မိုးရွာတိုင်း ရေကြီးပေမယ့် သေချာစနစ်ကျတဲ့ စီမံခန့်ခွဲမှုမျိုး လုပ်နိုင်ရင် ထိခိုက်ဆုံးရှုံးမှု နည်းတယ်ဆိုတာကို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ မြင်သာအောင် လုပ်ပြနိုင်ခဲ့ပါတယ်”

 

၁၇၊ ဇွန်လ။

ဧရာဝတီတိုင်းအတွင်းမှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေပြီး ရေကြီးရေလျှံတာ ၊ လမ်းတံတား ပျက်ဆီးတာတွေ ရှိနေပါတယ် ။ ဒေသအတွင်းမှာ အခုလို မိုးရွာတာနဲ့ ရေလျှံတာ ၊ ရေကြီးတာတွေက ၂ နှစ်နဲ့ ၃ နှစ်အတွင်းမှာ အဖြစ်များလာတယ်လို့ မြန်အောင်မြို့နယ် အင်ပင်မြို့မှာ နေထိုင်တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

““မိုးနည်းနည်းများတာနဲ့ရေလျှံ လမ်းပျက် တံတားပျက်ဆိုတာတွေပေါ့။မိုးများတာတော့ ဟုတ်ပေမယ့် မြစ်ရေမတက်နေတော့ တကယ်လို့ ရေစီးရေလာကောင်းအောင် လုပ်ထားနိုင်ရင် ရေလျှံတာ လမ်းပျက်တာတွေ မဖြစ်ဘူးပေါ့”လို့ သူက ပြောပါတယ်။

 

ရုတ်တရက် ရေကြီး၊ ရေလျှံမှုတွေကို ကာကွယ်ဖို့ ခက်ခဲပေမယ့် ရေစီးရေလာ ကောင်းမွန်ဖို့ စနစ်တကျ စီစဉ်ထားနိုင်ရင် ရေလျှံလို့ ပျက်ဆီးမှုဖြစ်ရတဲ့နူန်းကို လျော့ချနိုင်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာဘာရေး ဌာနကနေ CDM ပြုလုပ်ထားသူ ဦးစိုးက ပြောပါတယ်။

 

“ကျွန်တော်တို့ မိုးရွာတိုင်း ရေကြီးပေမယ့် သေချာစနစ်ကျတဲ့ စီမံခန့်ခွဲမှုမျိုး လုပ်နိုင်ရင် ထိခိုက်ဆုံးရှုံးမှု နည်းတယ်ဆိုတာကို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ မြင်သာအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ မိုးရွာရင် ရုတ်တရက် ရေလျှံတက်လာတာမျိုး ရှိနိုင်ပေမယ့် ဒါကို ချက်ချင်းဖြေရှင်းနိုင်ဖို့ စီစဉ်ထားတဲ့အခါ အပျက်ဆီး မများဘူးပေါ့ ” လို့ သူက ဆိုပါတယ်။

ဧရာဝတီတိုင်းအတွက် လက်ရှိ ဇွန်လထဲမှာ ပုံမှန်မိုးရေချိန်ထက် ပိုမိုရရှိနိုင်တယ်လို့ မိုးဇလပညာရှင်တွေက ခန့်မှန်းထားခဲ့ပြီး အမှန်တကယ်လည်း ဇွန်လဆန်းပိုင်းကတည်း မိုးရွာသွန်းမှုဟာ ဆက်တိုက်ရှိနေခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းတဲ့ ဒေသတွေ များပြားခဲ့ပါတယ်။

 

ဒါပေမယ့် ဒီမိုးရေချိန်ဟာ ရုတ်တရက် ရေကြီး၊ ရေလျှံ ဖြစ်နိုင်လောက်တဲ့ အခြေအနေထိ မရှိတာကြောင့် လက်ရှိ ဧရာဝတီတိုင်းထဲမှာ ဖြစ်ပေါ်နေတဲ့ ရေလွှမ်း၊ ရေကျော်မှုတွေဟာ မြစ်၊ ချောင်း၊ အင်း၊ အိုင် စတာတွေကို စီမံခန့်ခွဲမှု ညံ့လို့သာဖြစ်တယ်လို့ မြန်မာနိုင်ငံ မိုးဇလ ဌာနက ဝန်ထမ်းတဦးက ဆိုပါတယ်။

 

“မိုးများလို့ ရေလျှံတာမျိုးဆို သူက ခဏပဲဖြစ်တဲ့ သဘောရှိတယ်။ ရွာနေတုန်း များလွန်းလို့ ရေလျှံပြီး လမ်းတွေ ရေကျော်တာမျိုးပေါ့။ ပြီးရင်ပြန်ကျသွားမယ် သူက မကြာဘူး။ ခုက မိုးနည်းနည်းများတာနဲ့ ရေလျှံတယ်၊ ရေကြီးတယ်၊ လမ်းပျက်တယ်၊ တံတားကျိုးတယ်၊ ပျက်တယ် ဆိုတာမျိုးကျတော့ အဲ့ဒါက မိုးကြောင့်လို့ ပြောလို့မရဘူး။ ဒီအချိန်တောင် ဒီလိုမျိုး ခဏခဏဖြစ်တယ်ဆိုရင် တကယ်မိုးကောင်းတဲ့ ကာလတွေအတွက် ဖြစ်လာနိုင်တာတွေကို ကြိုပြင်ထားဖို့ လိုတယ် ” လို့ သူက သတိပေးပါတယ်။

 

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ အခုလို မိုးတွေဆက်တိုက်ရွာနေပေမယ့် ဧရာဝတီမြစ်ရေ တက်လာပြီး ရေကြီးတာမျိုးတော့ မဖြစ်နိုင်သေးဘူးလို့ မှတ်ချက်ပေးပါတယ်။

 

ဧရာဝတီတိုင်းက မြစ်ရေအခြေအနေတွေက စိုးရိမ်ရေမှတ်ရောက်ရန် အတော်လိုနေပါသေးတဘ်။ ရေကြီးတာ မဖြစ်နိုင်သေးပါဘူးဗျ  ” လို့ ဆိုပါတယ်။

 

ဇွန်လဆန်းပိုင်းကစပြီး ပုသိမ်၊ မြန်အောင်၊ ဘိုကလေး စတဲ့ဒေသတွေမှာ မိုးများရေလျှံပြီး လမ်းပျက်ဆီးတာတွေ၊ တံတားပျက်ဆီးတာတွေ ရှိခဲ့သလို ရန်ကုန်မှာလည်း မိုးများရေလျှံပြီး မြေညီထပ်တွေကို ရေဝင်တာကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေများခဲ့ရပါတယ်။

 

မနေ့က အင်္ဂါနေ့ ညနေ ၅ နာရီအချိန် နောက်ဆုံးရ မိုးလေဝသ ခန့်မှန်းချက်တွေ အရတော့ ဧရာဝတီတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဆက်ရှိနေဦးမှာဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်တာကြောင့် ရခိုင်နှင့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတလျှောက် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေ သတိပြုဖို့ လိုအပ်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။

 

ဒါအပြင် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မိုးများလာနိုင်တဲ့အတွက် အထက်ကရေ ဆင်းလာချိန်မှာ ဒီရေတက်ချိန်နဲ့ မိုးများချိန်ကြုံရင် ဧရာဝတီတိုင်းမှာ ရေကြီး၊ ရေလွှမ်းမိုးတာတွေ ဖြစ်လာနိုင်တာကြောင့် မြစ်ရေ အတက်အကျကို သတိပြုကြဖို့ လိုတယ်လို့လည်း မိုးဇလ ပညာရှင်တွေက အကြံပြုထားကြပါတယ်။