ယူကရိန်းသမ္မတ ဇလန်းစကီးက ပူတင်နဲ့ တွေ့ဆုံဖို့ ကမ်းလှမ်း

“ဒီကနေ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ တကယ်လို့ ရုရှားက ဒီအခွင့်အရေးကိုပါ ထပ်ပြီး ငြင်းပယ်မယ်ဆိုရင်တော့ ပိုပြီးပြင်းထန်တဲ့ ဖိအားပေးမှုတွေ လိုအပ်လာပါလိမ့်မယ်”လို့ ဇလန်းစကီးက ဆိုပါတယ်။

 

၁၆၊ ဇွန်။

 

လေးနှစ်ကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ရေး ဆွေးနွေးမှုတွေလုပ်ဖို့အတွက် မကြာခင် ကျင်းပမယ့် G7 ထိပ်သီးအစည်းအဝေးမှာဖြစ်စေ၊ အမေရိကန်မှာ ဖြစ်စေ ပူတင်နဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက တနင်္လာနေ့မှာပြောကြားလိုက်ပါတယ်။

 

ရုရှားရဲ့ ညတွင်းချင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ကီးဗ်မြို့က သမိုင်းဝင် ခရစ်ယာန်ဘုန်းကြီးကျောင်းမှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇလန်းစကီးက ပြင်သစ်နိုင်ငံမှာ တနင်္လာနေ့ စတင်မယ့် G7 အစည်းအဝေးကို ပူတင်ကို ဖိတ်ကြားဖို့ အမေရိကန်ဘက်က သဘောတူထားတယ်လို့ သူက ဆိုပါတယ်။

 

“ကျွန်တော်တို့ဘက်က G7 အစည်းအဝေးမှာ ပူတင်နဲ့ တွေ့ဆုံဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ သဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ ထရမ့်လည်းရှိမယ်၊ မက်ခရွန်လည်းရှိမယ်၊ ဆိုလိုတာက ဥရောပနိုင်ငံတွေအပြင် အမေရိကန်ပါ ရှိနေမှာပါ။ ဒါဟာ အားလုံးအတူတကွတွေ့ဆုံဖို့အတွက် ကောင်းမွန်တဲ့ ကျွန်တော့်အမြင်အရတော့ အရမ်းကောင်းတဲ့ အခွင့်အရေးတခုပါ” လို့ ဇလန်းစကီးက သတင်းထောက်တွေကို အင်္ဂလိပ်လို ပြောကြားခဲ့ပါတယ်။

 

“ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုက သဘောတူခဲ့ကြပေမယ့် ရုရှားဘက်ကတော့ သူတို့ဆွေးနွေးဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာကို နောက်တကြိမ် ထပ်ပြီး ပြသလိုက်တာပါပဲ” လို့သူက ပြောပါတယ်။

 

ဒါ့အပြင်  “မနေ့က သမ္မတထရမ့်နဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့တာကတော့ ပူတင်အနေနဲ့ ငြင်းပယ်ဖို့ ခက်ခဲသွားစေမယ့် အနည်းဆုံးတော့ သမ္မတထရမ့်ကို မငြင်းရဲမယ့် ပုံစံမျိုးနဲ့ အမေရိကန်မှာ ဒီလိုတွေ့ဆုံပွဲမျိုးကို စီစဉ်နိုင်ဖို့ပါပဲ” လို့ ယူကရိန်းသမ္မတက တယ်လီဂရမ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

 

“ဒီကနေ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ တကယ်လို့ ရုရှားက ဒီအခွင့်အရေးကိုပါ ထပ်ပြီး ငြင်းပယ်မယ်ဆိုရင်တော့ ပိုပြီးပြင်းထန်တဲ့ ဖိအားပေးမှုတွေ လိုအပ်လာပါလိမ့်မယ်”လို့ ဆိုပါတယ်။

 

ယူကရိန်းအရာရှိတဦးရဲ့ အဆိုအရ ဇလန်းစကီးဟာ G7 မှာ ဆွေးနွေးပွဲလုပ်မယ့် အဆိုပြုချက်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

 

ယူကရိန်းက အဆိုပါ ဖိတ်ကြားချက်ကို ရုရှားဘက်က သက်ဆိုင်ရာပုဂ္ဂိုလ်တွေထံ တိုက်ရိုက် ပေးပို့ခဲ့ပေမယ့် ရှင်းလင်းတဲ့ အဖြေတခုမှ ပြန်မရခဲ့ဘူးလို့ အဆိုပါ အရာရှိက ပြောပါတယ်။

မက်ခရွန်ရဲ့ရုံးအဖွဲ့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိသေးပါဘူး။

 

အခုလ အစောပိုင်းက ပူတင်ထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာတစောင်မှာ ဇလန်းစကီးက လူချင်းတွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပြီး စစ်ပွဲကြောင့် ရုရှားရဲ့ စီးပွားရေးအပေါ် ဝန်ထုပ်ဝန်ပိုးတွေပိုမိုတိုးပွားလာနေတယ်လို့ ထောက်ပြခဲ့ပါတယ်။

 

ဒါကို တုံ့ပြန်တဲ့အနေနဲ့ ပူတင်က တွေ့ဆုံဖို့ အကြောင်းပြချက် မရှိဘူးလို့ လူသိရှင်ကြား ပြောဆိုခဲ့သလို ယူကရိန်းရဲ့ အဝေးပစ်ဒရုန်း တိုက်ခိုက်မှုတွေဟာ စီးပွားရေးအရ ဘာခြိမ်းခြောက်မှုမှ ဖြစ်မလာစေဘူးလို့ ဆိုခဲ့ပါတယ်။

 

 

Ref – Reuters