ဧရာဝတီတိုင်းအတွင်း ကြိုးကြာခေါင်းနီငှက်တွေ စံချိန်တင်တွေ့ရှိ

“အခုနောက်ပိုင်း ကြိုးကြာခေါင်းနီတွေကို အမဲလိုက်တာတွေတော့ မရှိတော့ပါဘူး”

 

၁၆၊ ဇွန်။

မြန်မာနိုင်ငံရဲ့ ဌာနေမျိုးစိတ်တခုဖြစ်တဲ့ မျိုးတုန်းမယ့် အန္တာရယ် ရင်ဆိုင်နေရတဲ့ ကြိုးကြာခေါင်းနီငှက်တွေကို

မအူပင်မြို့နယ်ထဲမှာ တစုတဝေးတည်း အကောင်ရေ နှစ်ရာကျော် တွေ့ရှိခဲ့ရပြီး ဒီအရေအတွက်ဟာ မှတ်တမ်းတွေအရ အများဆုံးတွေ့ရှိမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

“ကွင်းဆင်း လေ့လာတွေ့ရှိချက်တွေအရ မအူပင်ဒေသအနေနဲ့ ကြိုးကြာခေါင်းနီအရေအတွက်က ၁၀၀ ကျော်ပဲ မှတ်တမ်းရှိခဲ့တယ်။ အခု လက်ရှိမှတ်တမ်းအရ တအုပ်စုထဲမှာ အကောင်ရေ ၂၀၀ ကျော် တွေ့ခဲရတာ ဖြစ်တယ်” လို့ ဧရာဝတီတိုင်းအတွင်းမှာ ကွင်းဆင်းလေ့လာနေတဲ့ ငှက်ပညာရှင်တဦးက DNA ကိုပြောပါတယ်။

Myanmar Crane Conservation Group က ငှက်ပညာရှင်အဖွဲ့ဟာ ဒီနှစ်ရဲ့ မေလအတွင်းမှာ ကြိုးကြာခေါင်းနီ ငှက်တွေရဲ့ သားပေါက်ရာသီအလွန် အကောင်ရေ စာရင်းကောက်ယူရေး ခရီးစဉ်မှာ မအူပင်မြို့နယ်အတွင်း အခုလို အကောင်ရေအများဆုံး မှတ်တမ်းတင်နိုင်ခဲ့တာလို့ သိရပါတယ်။

ကြိုးကြာခေါင်းနီငှက်တွေဟာ သားပေါက်ရာသီအလွန်ကာလတွေဖြစ်တဲ့ မေလ၊ဇွန်လတွေမှာ အခုလို အုပ်စုဖွဲ့ နေထိုင်ကျက်စားတဲ့ ဓလေ့ရှိတယ်လို့ သူကပြောပါတယ်။ မှတ်တမ်းတွေအရ အခုလို သားပေါက်ရာသီ အလွန် ကာလမှာ ဧရာဝတီတိုင်းအတွင်း အုပ်စုအရေအတွက် လေးအုပ်စု ငါးအုပ်စု ခန့်တွေ့ရလေ့ရှိပြီး အုပ်စုတစုမှာ အကောင်ရေအားဖြင့် အနည်းဆုံး အနေနဲ့ နှစ်ဆယ့်ငါး ၊ သုံးဆယ် ၊လေးဆယ် စသဖြင့် တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ အများဆုံး အုပ်စုတွေ အနေနဲ့ အကောင်ရေ ခုနှစ်ဆယ်ကနေ ရှစ်ဆယ်အထိသာ မှတ်တမ်းတင်တွေ့ရလေ့ ရှိပြီး မအူပင်မြို့နယ်ထဲမှာ အများဆုံးအဖြစ် အကောင်တရာ ဝန်းကျင်သာ တွေ့ရှိခဲ့ရာကနေ ဒီနှစ်ထဲမှာ အကောင်နှစ်ရာကျော် အုပ်စုကို တွေ့ရတာလို့ ပြောပါတယ်။

““အရင်ခန့်မှန်းခြေအနေနဲ့၊ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ၅၀၀ လည်း ကျော်နိုင်တယ်လို့ပြောခဲ့အတွက် လက်ရှိ တွေ့ရှိချက်နဲ့ ပြောမယ်ဆိုရင် ၅၀၀ ကျော်သွားပြီလို့ ပြောလို့ရပါတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အခုလို အုပ်စုတခုတည်းမှာ အကောင်ရေ အမြောက်အများ စုဖွဲ့ကျက်စားလာရတာဟာ အဲဒီဒေသမှာ သူတို့အတွက် ဘေးအန္တာရယ်ကင်းပြီး အစာရေစာ လုံလုံလောက်လောက် ရှိနေတာကြောင့်လို့ မအူပင်ဒေသခံတဦးဖြစ်တဲ့  အင်းတေးရွာသား ဦးကျော်သန်းက ပြောပါတယ်။

“ရွာနဲ့လှမ်းတဲ့နေရာတွေ၊ ရေတိမ်တဲ့ကိုင်းတောထဲတွေမှာ အသိုက်လုပ်တာများပါတယ်”လို့ သူကပြောပါတယ်။

သူ့အတွေ့အကြုံအရ ကြိုးကြာခေါင်းနီ ငှက်တွေဟာ ဇွန် နဲ့ ဇူလိုင်လတွေမှာ အသိုက်တည်လေ့ ရှိကြပြီး ဩဂုတ်လ အတွင်းမှာ ဥကပေါက်လေ့ ရှိကြတယ်လို့လည်း ဦးကျော်သန်းက ရှင်းပြပါတယ်။

ကြိုးကြာခေါင်းနီ အသိုက်တွေကို အင်းမ၊ ပဲကုန်း၊ စစ်ချောင်း၊ ကျုံနတ်တော်၊ ကျုံဆော့၊ ရွှေတောင်မှော် စတဲ့ရွာတွေမှာ တွေ့ရလေ့ ရှိပါတယ်။ မအူပင်မြို့နယ်ထဲက ရေတိမ်ချောင်းစပ် ဧရိယာတွေ ဖြစ်တဲ့ အင်းမ၊ အင်းတေး၊ ပဲကုန်း ၊ ပေါက်ကုန်း ၊ ကနင်းဝ ၊ နောင်ဝိုင်း၊ ပင်ပင်စု၊ စစ်ချောင်း ၊ ကျွဲကွင်း ၊ ကျွဲဒုံ ၊ မြသွေးချောင်း၊ ပေခူးစုရွာတွေနဲ့ ဝါးခယ်မ မြို့နယ်ထဲက ကျုံကပြင်၊ ကျုံနတ်တော် ၊ ကျုံဆော့ ၊ ကျုံတကလေး၊ ကျုံသင် ၊ ရွှေတောင်မှော် ၊ သာယာကုန်း ၊ သောင်ဇာ နဲ့ လက်ကြားကြီးရွာတွေမှာ အများဆုံး နေထိုင် ကျက်စားကြလေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ကြိုးကြာခေါင်းနီ ငှက်တွေ ရှိနေတယ်ဆိုတာ ကြားခဲ့ဖူးပေမယ့် အရင်က မမြင်ခဲ့ဖူးဘူးလို့ ပုသိမ်မြို့မှာနေတဲ့ ကိုအောင်မျိုးဇော်က ပြောပါတယ်။အဲဒါကြောင့် ဒီနှစ် ဧပြီလက ဝါးခယ်မမြို့နယ်ထဲက ကျုံကပြင် ၊ တက်ဆိပ်က သားငှက်ထိန်းသိမ်းရေး ဧရိယာမှာ သွားကြည့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ သွားခဲ့တဲ့အချိန်က ဧပြီလမို့ သူတို့အုပ်စုဖွဲ့ပြီး နေကြတဲ့အချိန်နဲ့ ကြုံခဲ့ပြီး တနေရာတည်းမှာ ကြိုးကြာခေါင်းနီ အကောင်ရေ ၅၀ ကျော်ကို တွေ့ခဲ့ရပါတယ်။ ကြိုးကြာခေါင်းနီတွေရဲ့ အရပ်က ၅ ပေ ကနေ ၆ ပေ အထိ ရှိကြပြီး အတောင်ပံဖြန့်လိုက်ရင် ၈ ပေ ကနေ ၈ ပေခွဲ အထိရှိကြပါတယ်။ အပြင်မှာမြင်ရတာ တော်တော်ကို အကြီးကြီးပါပဲ” လို့ ပုသိမ်မြို့မှာနေတဲ့ ကိုအောင်မျိုးဇော်က စိတ်လှုပ်ရှားစွာ ပြောပါတယ်။

ဒေသခံတွေနဲ့ အတူ ပညာရှင်တွေကပါ ထိန်းသိမ်းစောင့်ရှောက်နေတဲ့အတွက် အဲဒီဧရိယာမှာ(ကျုံကပြင် ၊ တက်ဆိပ်) ကြိုးကြာခေါင်းနီတွေကို တနှစ်ပတ်လုံး တွေ့နိုင်တယ်လို့ လည်း သူက ပြောပါတယ်။

၁၁ နှစ်တာ ကာလအတွင်း ဒေသခံတွေရဲ့  ပူးပေါင်းထိန်းသိမ်းမှု အားကောင်းလာခဲ့ပေမဲ့ တချို့နေရာတွေမှာ ကြိုးကြာခေါင်းနီတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။

 

အထူးသဖြင့် ငှက်တွေရဲ့ သားပေါက်ရာသီကာလနဲ့ သားပေါက်ရာသီအလွန်ကာလတွေမှာ ရာသီဥတုဖောက်ပြန်မှု ဒဏ်ကို ခံနေရတဲ့အပြင် စားကျက်မြေတွေ တဖြည်းဖြည်း လျော့နည်းလာတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်းကွင်းဆင်းလေ့လာမှု ရလဒ်တွေအရ သိရပါတယ်။

““အခုနောက်ပိုင်း ကြိုးကြာခေါင်းနီတွေကို အမဲလိုက်တာတွေတော့ မရှိတော့ပါဘူး။ တခါတလေ စိုက်ခင်းထဲ ဝင်လာကြတာတွေ ရှိရင်တော့ ခြောက်လှန့်မောင်းလွှတ်ကြပါတယ်။ ဒါပေမဲ့ ရံဖန်ရံခါမှာ သူတို့က တောကောင်တွေကို ထောင်ထားတဲ့ကိုင်းတွေမှာ မိနေတာမျိုးတွေတော့ ရှိပါတယ်။ အဲလိုဆိုရင် အသက်ရှင်နေသေးရင် ပြန်လွှတ်ပေးလိုက်ကြပါတယ်။ အဲလိုမျိုးတွေကြောင့် ကြိုးကြာခေါင်းနီတွေ ကျက်စားတဲ့ နေရာအနီးဝန်းကျင်တွေမှာ ငှက်ကိုင်းထောင်တာ၊ တောကိုင်းထောင်တာ၊ ထောင်ခြောက်လုပ်တာတွေ ခွင့်မပြုတော့ပါဘူး”လို့ အင်းတေးရွာသား ဦးကျော်သန်းက ဆိုပါတယ်။

ကောက်ယူရတဲ့ အကောင်ရေ စစ်တမ်းတွေအရ နိုင်ငံတွင်းမှာ ရှိနေတဲ့ ကြိုးကြာခေါင်းနီတွေ အတွက် မျှော်လင့်ချက်ကောင်းတွေ ရှိနေပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ဒေသခံ လူထုနဲ့ အဖွဲ့အစည်းတွေ လက်တွဲဆောင်ရွက်နိုင်တာတွေဟာ အရေးပါကြောင်း သက်သေပြလိုက်တာလို့ ကွင်းဆင်းလေ့လာနေတဲ့ ငှက်ပညာရှင်ကလည်း မှတ်ချက်ပေးပါတယ်။

မအူပင် ၊ အင်းတေးရွာသား ဦးကျော်သန်းကတော့ သူတို့ဒေသမှာ အခုလို ကြိုးကြာခေါင်းနီ ငှက်တွေရှိနေတာကို ဂုဏ်ယူနေပါတယ်။

“ကျွန်တော်တို့ဒေသကို မြန်မာပြည် အနှံ့အပြားက လူတွေ တကူးတက ငှက်ကြည့်ချင်လို့၊ ငှက်ကို ဓာတ်ပုံရိုက်ချင်လို့ လာကြတာမြင်ရတော့ တကယ်လည်း ဝမ်းသာမိပါတယ်။ ဆက်ပြီးလည်း ဒီငှက်ကလေးတွေ မျိုးမတုံးသွားအောင် ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်သွားကြပါမယ်”လို့ ဆိုပါတယ်။