ဓနုဖြူမြို့မဈေးကြီး မီးလောင်အပြီး ပေးခဲ့တဲ့ ကတိတွေ တိုင်းအစိုးရအဖွဲ့ အကောင်အထည် မဖေါ်နိုင်သေး

“ဆိုင်ခန်းပေါင်း ၂၇၀ ကျော်အတွက် ယာယီနေရာ လုပ်ပေးမယ် ဆိုတာကိုတော့ အဆင်ပြေအောင် လုပ်ပေးစေချင်တာပေါ့။ အခုက မိုးကလည်း များလာတော့ တဲလေးတွေနဲ့ ရောင်းရတာက တကယ်အဆင်မပြေဘူး ”

၁၅၊ ဇွန်လ။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဓနုဖြူမြို့မဈေးနဲ့ ပတ်သက်ပြီး တိုင်းအစိုးရကပေးခဲ့တဲ့ ကတိကဝတ်တွေကို ခုထိ အကောင်အထည်မဖော်နိုင်သေးပဲ ဈေးဆိုင်ခန်း ဆုံးရှုံးခဲ့ရသူတွေဟာ ကိုယ့်ဘာသာပဲ နေရာရှာပြီး ဆိုင်ပြန်ထွက်နေရပါတယ်။

“အခုက ဈေးနေရာမှာပဲ နေရာလေးတွေရှာပြီး ရွက်ဖျင်ထိုးပြီး ဈေးရောင်းနေကြတာပေါ့။ သူတို့ နေရာချပေးမယ် ဆိုတဲ့နေရာက ဈေးဝယ်လာဖို့ မဖြစ်နိုင်ဘူးလေ။ တချို့တွေ ကျတော့လည်း ရပ်ကွက်တွေထဲမှာ နေရာရှာပြီး ရောင်းရတာပေါ့။ ကျွန်မတို့ကတော့ သူတို့ ရှင်းထားတဲ့ နေရာမှာပဲ တဲလေးထိုးပြီး ပြန်ရောင်းနေတယ် ” လို့ အထည်ဆိုင် ပိုင်ရှင်တဦးက ရှင်းပြပါတယ်။

လက်ရှိ ဧရာဝတီတိုင်း အစိုးရအဖွဲ့က ဧပြီလ ၂၆ ရက်က မီးလောင်မှုကို ချက်ခြင်း လာရောက်ကြည့်ရှုခဲ့ပြီး ယာယီဆိုင်ခန်းတွေ ဆောက်လုပ်ပေးမယ်လို့ ကတိပြုသွားခဲ့တာ ဖြစ်ပေမယ့် ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ ဆောက်လုပ်ပေးမယ် ဆိုတာကိုတော့ တိတိကျကျ ပြောဆိုသွားတာမျိုး မရှိပါဘူး။

ယာယီဆိုင်ခန်းတွေကို ဓနုဖြူဘုရားကြီးနားက အားကစားရုံအတွင်းမှာ နေရာချပေးမယ်လို့ ဝန်ကြီး ဦးအေးကျော်က စီစဉ်ခဲ့ပေမယ့် အဲ့ဒီနေရာဟာ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ဖို့ သွားရလာရ အဆင်မပြေတဲ့ နေရာဖြစ်တာကြောင့် ဆိုင်ခန်းသမားတွေက သွားရောက်ရောင်းချခြင်း မပြုကြပါဘူး။

“ဈေးအသစ်ဆောက်ပြီး ဆိုင်ခန်းတွေ ပြန်ပေးနိုင်ဖို့ ဆိုတာကတော့ ခုလိုတလ၊ နှစ်လ အတွင်းမှာ ဘယ်ဖြစ်နိုင်မလဲ။ ဒါပေမယ့် ဆိုင်ခန်းပေါင်း ၂၇၀ ကျော်အတွက် ယာယီနေရာ လုပ်ပေးမယ် ဆိုတာကိုတော့ အဆင်ပြေအောင် လုပ်ပေးစေချင်တာပေါ့။ အခုက မိုးကလည်း များလာတော့ တဲလေးတွေနဲ့ ရောင်းရတာက တကယ်အဆင်မပြေဘူး ” လို့ မီးလောင်မှုမှာ ဆိုင်ခန်းဆုံးရှုံးသွားခဲ့သူ တဦးက ဆိုပါတယ်။

မီးလောင်မှုမှာ နစ်နာဆုံးရှုံးခဲ့ရသူတွေအတွက် စုပေါင်းထောက်ပံ့လှူဒါန်းငွေ တဦးကို ငွေကျပ် ၁၀ သိန်းကျော် ရခဲ့တာက လွဲပြီး ဒီနေ့အထိ နိုင်ငံတော်ထောက်ပံ့ကြေးအပါအဝင် ဘယ်လို ထောင်ပံ့မှုမျိုးကိုမှ မရသေးဘူးလို့ ဆိုင်ခန်းဆုံးရှုံးခဲ့ကြသူတွေက ပြောပါတယ်။

ဒါအပြင် မီးလောင်ပြင်ကို ရှင်းလင်းနေတာဟာလည်း ၂ လနီးပါး ကြာမြင့်လာပြီ ဖြစ်ပေမယ့် အခုအချိန်ထိ ရှင်းလင်းလို့ မပြီးသေးတာကြောင့် ပြန်လည်ဆောက်လုပ်နိုင်ဖို့ ဆိုတာဟာ မျှော်လင့်လို့မရသေးဘူးလို့ သူတို့က ဆိုပါတယ်။

ဓနုဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကတော့ မီးလောင်ပြင်ကို ဘတ်ဟိုးကားကြီးတွေနဲ့ ရှင်းလင်းမှုလုပ်နေတဲ့ လှုပ်ရှားမှူတွေကို မကြာခဏ ထုတ်ပြန်လေ့ရှိပါတယ်။

ဒီဈေးမီးလောင်မှုမှာ လူအသေအပျောက်မရှိခဲ့ပေမယ့် ဓနုဖြူမြို့မဈေးအတွင်းမှာ ဈေးရုံ(၂၀)ရုံရှိပြီး ဆိုင်ခန်းပေါင်း(၄၁၀)ရှိကြောင်းနဲ့ မီးလောင်မှုကြောင့် ဈေးရုံ(၁၃)ရုံ၊ ဆိုင်ခန်း ပေါင်း(၂၇၁)ခန်း မီးလောင်ဆုံးရှုူံးခဲ့ရတယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။