ဧရာ၀တီမှာ မိုးများပြီး ရေကြီး၊ လမ်းပျက်တာတွေ အများအပြားရှိနေ

နွေရာသီကတည်းက ပျက်နေတာ မိုးရွာလိုက်တော့ ပိုဆိုးသွားတယ်။ တချို့ နေရာတွေမှာ တော်တော်ဆိုးတယ် လမ်းက၊ ဒီအတိုင်းဆို လမ်းပျက်တယ်ဆိုပြီး ကားခတွေ၊ ကုန်စျေးနှုန်း တွေလည်း ထပ်တက်အုံးမယ်”

၁၅၊ ဇွန်။

ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ အခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းနေပြီး ပုသိမ်၊ မအူပင်၊ မြန်အောင် စတဲ့မြို့တို့မှာ လမ်းတွေရေမြှုပ်နေပြီး မြို့ချင်း၊ ရွာချင်းဆက်လမ်းပိုင်းတွေလည်း ပျက်စီးမှုရှိနေပါတယ်။

“ပုသိမ်မှာဆိုရင် မိုးနည်းနည်းရွာရင်ကို လမ်းတွေ ရေလျှံနေပြီ။ မိုးများတော့ ပိုဆိုးတာပေ့ါ။ ကမ်းနားလမ်းပိုင်းတွေ၊ စျေးပိုင်းတွေ ပိုလျှံတယ်။ မိုးရွာတာနဲ့ ဆိုင်သလို ရေမြောင်းတွေ မတူးတာနဲ့လည်း ဆိုင်တယ်။ ပြောရင်သာ ရက်တရာစီမံချက်ဆိုပြီး ပြောနေတာ။ ရေမြောင်းလေးတောင် သေချာမတူကြဘူး” လို့ ပုသိမ်မြို့မှာ နေထိုင်တဲ့ လူငယ်တ ဦးက ပြောပါတယ်။

ဖျာပုံနဲ့ မြန်အောင်မြို့ နယ်တွေမှာလည်း ရေကြီးနေတယ်လို့ ဆိုပါတယ်။

“မနေ့က ရွာတဲ့မိုး တော်တော်ကောင်းတယ်။ ရေတော်တော်ပါတယ်။ မိုးရွာပြီး မကြာဘူး ဦးချိုချောင်းမှာ ရေတက်ချလာတာ။ အဲတော့ ချောင်းတောက်လျှောက်မှာ ရေလျှံတာပဲ။ ဒီမနက်ဆိုရင် အင်ပင် – ညောင်ခြေထောက် တချို့ လမ်းပိုင်းတွေမှာ ရေကျော်တာတွေ ရှိတယ်။ မိုးကတော့ ရွာနေတုန်းပဲ ဆက်ရွာနေရင်တော့ ရေက ဆက်တိုက် တက်နေနိုင်တယ်” လို့ မြန်အောင်မြို့နယ် လူမှုကူညီရေးအသင်းတခုရဲ့ ဦးဆောင်သူတဦးက ပြောပါတယ်။

ဒါ့အပြင် မြို့ချင်းဆက်လမ်းပိုင်းတွေဖြစ်တဲ့ ပုသိမ် – မော်တင်၊ ဖျာပုံ – အမာ၊ ဟင်္သာတ – ရန်ကုန် စတဲ့ လမ်းပိုင်းတွေဟာလည်း ပျက်စီးနေပြီး လမ်းဘေးဝဲယာတလျှောက်ရှိ စျေးဆိုင်ခန်းတွေ၊ နေအိမ်တွေ ပျက်စီးမှုရှိနေတယ်လို့ ဆို ကြပါတယ်။

“အမာလမ်းဆိုရင် တော်တော်ပျက်နေတာ။ နွေရာသီကတည်းက ပျက်နေတာ မိုးရွာလိုက်တော့ ပိုဆိုးသွားတယ်။ တချို့ နေရာတွေမှာ တော်တော်ဆိုးတယ် လမ်းက၊ ဒီအတိုင်းဆို လမ်းပျက်တယ်ဆိုပြီး ကားခတွေ၊ ကုန်စျေးနှုန်း တွေလည်း ထပ်တက်အုံးမယ်” လို့ ဖျာပုံမြို့နယ် အမာမြို့က အမျိုးသမီးတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်း မိုးတွင်းကာလ ပျက်စီးသွားတဲ့လမ်းတွေကို မိုးရာသီအတွင်း သေသေချာချာ မပြုပြင်နိုင်ဘဲ မိုးကုန်မှပဲ စုပေါင်းပြုပြင်ကြလေ့ရှိတာကြောင့် ဒေသခံပြည်သူတွေဟာ မိုးတွင်းကာလ လေး၊ ငါးလ လောက်ကို ပျက် စီးနေတဲ့ လမ်းတွေပေါ် အန္တရာယ်ကြီးစွာနဲ့ အချိန်ယူ သွားလာကြရတယ်လို့ ဧရာ၀တီတိုင်း အမှတ်(၄)အ မျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းက ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့ အမျိုးသားလွှတ်တော်မှာ မေးမြန်းမေးရာ ပြောကြားခဲပါတယ်။

“ပျက်စီးနေတဲ့ လမ်းပေါက်ငယ်လေးတွေကို ချက်ချင်းမဖောက်ထေးနိုင်တာကြောင့် မိုးကုန်တဲ့အခါမှာ တလမ်းလုံးနီးပါး ပျက်စီးသွားပြီးတော့ ပြန်လည်ပြုပြင်ရာမှာလည်း ကုန်ကျစရိတ်ဟာ သုံးဆကနေ ငါးဆလောက် ပိုကုန်တာကို ခန့်မှန်းတွက်ချက်လို့ ရပါတယ်” လို့ သူက ပြောပါတယ်။

ဒါ့ကြောင့် လမ်းတွေကို မိုးတွင်းကာလအတွင်းမှာပဲ ချိုင့်ခွက်ငယ်တွေ စပေါ်ကတည်းက အချိန်နဲ့တပြေးညီ ဖာထေး ပြုပြင်ပေးဖို့ လိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ဧရာ၀တီအတွင်းက မြို့နယ်တွေနဲ့ ရန်ကုန်ကြား ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေနဲ့ မြို့ချင်းဆက်လမ်းတွေကို ပြုပြင်ထိန်းသိမ်းမှု မရှိသလောက် နည်းပါးခဲ့ပြီး လမ်းပျက်စီးမှုတွေ အများအပြားရှိနေတာပါ။

အခုရက်ပိုင်းအတွင်း ဧရာ၀တီမှာ မိုးအဆက်မပြတ် ရွာနေပြီး ဧရာ၀တီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့ဟာ တိမ်တိုက်ကြီးတွေရဲ့ ဗဟိုချက်အောက် တည့်တည့်မှာ ရောက်ရှိနေတာကြောင့် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းတာ၊ လေပြင်းတိုက်ခိုက်တာတွေ ဆက်ရှိနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်နိုင်က ခန့်မှန်းထားပါတယ်။