ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဖြစ်လာတဲ့ အီလွန်မတ်စ်

 ဒုံးပျံ၊ တယ်လီကွန်မြူနီကေးရှင်းနဲ့ ဉာဏ်ရည်တု (AI) လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဆိုပါ ကုမ္ပဏီကြီးက နာ့စ်ဒက် စတော့အိတ်ချိန်းမှာ ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၂.၂ ထရီလီယံနဲ့ စာရင်းဝင်လာခဲ့ပါတယ်။

 

၁၃၊ ဇွန်။ 

 

 

စတော့ဈေးကွက် သမိုင်းတလျှောက်မှာ SpaceX ဒုံးပျံကုမ္ပဏီ ရှယ်ယာတွေ အကြီးမားဆုံး စတင်ရောင်းချချိန်မှာ ရှယ်ယာဈေးသိသိသာသာ ထိုးတက်သွားခဲ့ပြီးနောက် သောကြာနေ့မှာ အီလွန်မတ်စ်ဟာ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ တဦး ဖြစ်လာပါတယ်။

 

Bloomberg ရဲ့ ချမ်းသာကြွယ်ဝသူများစာရင်းအရ Tesla နဲ့ SpaceX တည်ထောင်သူ မတ်စ်ရဲ့ စုစုပေါင်း အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁.၁၁ ထရီလီယံ (ပေါင် ၈၂၈ ဘီလီယံ) ရှိနေပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် သူ့ရဲ့နေရာကို အခိုင်အမာ ရယူထားနိုင်ခဲ့ပါတယ်။

 

ဒုံးပျံ၊ တယ်လီကွန်မြူနီကေးရှင်းနဲ့ ဉာဏ်ရည်တု (AI) လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဆိုပါ ကုမ္ပဏီကြီးက နာ့စ်ဒက် စတော့အိတ်ချိန်းမှာ ကုမ္ပဏီတန်ဖိုး ဒေါ်လာ ၂.၂ ထရီလီယံနဲ့ စာရင်းဝင်လာခဲ့ပါတယ်။

 

စတော့ဈေးကွက်အတွင်း အပြင်းအထန် ဝယ်လိုအားရှိခဲ့ပြီး ရန်ပုံငွေ အများအပြားရရှိခဲ့တဲ့

SpaceX ကုမ္ပဏီက ရှယ်ယာတစုကို ဒေါ်လာ ၁၃၅ နဲ့ ရောင်းချဖို့ သတ်မှတ်ခဲ့ပေမဲ့ ဈေးကွက်ဖွင့်ချိန်မှာတော့ ဒေါ်လာ ၁၅၀ နဲ့စတင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ အလုအယက်ဝယ်ယူမှုကြောင့် ဒေါ်လာ ၁၇၆.၅၀ အထိ ယာယီရောက်ရှိခဲ့ပါတယ်။

 

သောကြာနေ့ ဈေးကွက်ပိတ်ချိန်မှာတော့ ရှယ်ယာဈေးဟာ တစုကို ၁၆၁ ဒေါ်လာဝန်းကျင်မှာ ရှိနေခဲ့ပါတယ်။ 

 

အိတ်ချိန်းဝင်ရှယ်ယာကနဦး ရောင်းချမှု (IPO) ကနေ စတော့ဈေးကွက်ထဲ မဝင်ခင်ကတည်းက ဒေါ်လာ ၇၅ ဘီလီယံအထိ ရန်ပုံငွေရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိမှာ မတ်စ်ဟာ SpaceX ကုမ္ပဏီရဲ့ ရှယ်ယာ ၄၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာမို့လို့ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်မှန်သမျှကိုသူတဦးတည်း သဘောဆန္ဒအတိုင်း အကြွင်းမဲ့ ထိန်းချုပ်ခွင့် ရှိနေပါတယ်။ 

 

Bloomberg ရဲ့ အဆိုအရ ဈေးကွက်ပိတ်ချိန်မှာ သူ့ရဲ့SpaceX ရှယ်ယာတန်ဖိုးဟာ ဒေါ်လာ ၇၆၇.၁ ဘီလီယံ ရှိနေပြီး အစုရှယ်ယာဝယ်ယူခွင့်အနေနဲ့ နောက်ထပ် ဒေါ်လာ ၅၃.၈ ဘီလီယံရှိနေပါတယ်။ ဒါ့အပြင် Tesla ရှယ်ယာကနေ ဒေါ်လာ ၁၆၈ ဘီလီယံနဲ့ အစုရှယ်ယာဝယ်ယူခွင့် အနေနဲ့ ဒေါ်လာ ၁၁၆.၄ ဘီလီယံထပ်မံပိုင်ဆိုင်ထားပါတယ်။

 

အခုလို မတ်စ်အနေနဲ့ ကမ္ဘာ့ပထမဆုံး ထရီလီယံနာ ဖြစ်လာတဲ့အချက်က ချမ်းသာကြွယ်ဝမှု မညီမျှခြင်းဆိုင်ရာ ငြင်းခုံမှုတွေကိုချက်ချင်းပဲ ဖြစ်ပွားစေခဲ့ပါတယ်။ အခုဆိုရင် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ပိုလန် ဒါမှမဟုတ် ဆွစ်ဇာလန်နိုင်ငံတခုလုံးရဲ့စီးပွားရေးကုန်ထုတ်လုပ်မှု ပမာဏနဲ့ ထပ်တူနီးပါး ဖြစ်နေပါတယ်။

 

အခုလို အဆမတန် ကြွယ်ဝချမ်းသာလာမှုက အီလွန်မတ်စ်ကို ကမ္ဘာ့နိုင်ငံရေးလောကမှာ ဩဇာအာဏာကြီးမားပြီး အုပ်စုကွဲစေတဲ့ လူပုဂ္ဂိုလ်တဦးအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ 

 

သူဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပြန်လည်ရွေးကောက်ခံရရေးမဲဆွယ်စည်းရုံးမှုအတွက် ဒေါ်လာသန်းပေါင်းများစွာကို လှူဒါန်းခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်း အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန(Doge) ကို လအတော်ကြာအောင် ဦးဆောင်ခဲ့ပါတယ်။

 

ဦးဆောင်စဉ်မှာ အစိုးရအသုံးစရိတ်တွေကို ပြင်းပြင်းထန်ထန် ဖြတ်တောက်ခဲ့ပြီး အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) ကို ပိတ်သိမ်းခဲ့ပါတယ်။ အခုလို ဖြတ်တောက်မှုတွေကြောင့် ၂၀၃၀ ပြည့်နှစ်အရောက်မှာ နောက်ထပ် လူပေါင်း ၁၄ သန်းထက်မနည်း သေဆုံးနိုင်ခြေ ရှိနေတယ်လို့ Lancet ဆေးပညာဂျာနယ်ထဲက သုတေသီတွေက သတိပေးထားပါတယ်။

 

ဒါ့အပြင် မတ်စ်ဟာ ဗြိတိန်ဝန်ကြီးချုပ် ကီးယာစတာမာအပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေး ကိစ္စရပ်တွေအပေါ် အကြိမ်ကြိမ် ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ အမေရိကန် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် အယ်လီဇဘက်ဝါရင်ကတော့ ဒါဟာ “သတိပေးခေါင်းလောင်းသံ” တခု ဖြစ်သင့်တယ်လို့ ပြောခဲ့ပြီး ကြွယ်ဝချမ်းသာမှုအပေါ် အခွန်ကောက်ခံဖို့ လိုအပ်နေပြီလို့ ထောက်ပြခဲ့ပါတယ်။

 

ဒါပေမဲ့လည်း မတ်စ်ဟာ စာရွက်ပေါ်မှာပဲ ထရီလီယံနာ ဖြစ်နေပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေဟာ Tesla နဲ့ SpaceX ထဲက ရှယ်ယာတန်ဖိုးတွေအပေါ်မှာပဲ လုံးလုံးလျားလျား အမှီပြုနေလို့ ဖြစ်ပါတယ်။ သူဟာ အနည်းဆုံး တနှစ်တာကာလအတွင်းမှာ သူ့ရဲ့ SpaceX ရှယ်ယာတွေကို ထုတ်ရောင်းလို့ရဦးမှာ မဟုတ်ပါဘူး။

 

တဘက်မှာလည်း SpaceX အခုလို စတော့ဈေးကွက်ထဲ ဝင်လာတဲ့အတွက် ကုမ္ပဏီရဲ့ အလုပ်သမားဟောင်းတွေနဲ့ လက်ရှိဝန်ထမ်း ၄,၄၄၀ ကျော်ဟာ လစာရဲ့ တစိတ်တပိုင်းအနေနဲ့ ရရှိထားခဲ့တဲ့ ရှယ်ယာတွေကြောင့် မီလီယံနာတွေ ဖြစ်လာခဲ့ပါတယ်။

 

ဘဏ္ဍာရေးအရှုံးပြနေပေမယ့် အနာဂတ်အလားအလာအပေါ် အကောင်းမြင်မှုများရှိနေ

SpaceX ရဲ့ ကုမ္ပဏီတန်ဖိုး သတ်မှတ်ချက်ဟာ လက်ရှိပြသထားနိုင်ခဲ့တဲ့ ဘဏ္ဍာရေးရလဒ်တွေအပေါ်မှာ အခြေခံတာထက်စာရင်အနာဂတ်မှာ ရရှိလာမယ့် ဝင်ငွေအလားအလာတွေအပေါ်မှာပဲ အများဆုံး အခြေခံထားတာ ဖြစ်ပါတယ်။

 

လက်ရှိမှာတော့ ကုမ္ပဏီဟာ အမြတ်မထွက်သေးဘဲ လုပ်ငန်းလည်ပတ်မှုတွေကနေ ဝင်ငွေရတာထက် အရှုံးပေါ်တာက ပိုများနေပါသေးတယ်။ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာ တင်ပြချက်တွေအရ AI နဲ့ တခြားအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုတွေမှာငွေကြေးအမြောက်အမြား သုံးစွဲခဲ့ရတာကြောင့် ၂၀၂၅ ခုနှစ်နဲ့ လက်ရှိ ၂၀၂၆ ခုနှစ်အထိ ကုမ္ပဏီဟာ ဒေါ်လာ ကိုးဘီလီယံကျော်ဆုံးရှုံးထားခဲ့ပါတယ်။

 

အဆိုပါ လုပ်ငန်းရဲ့ အဓိက အ ပြန်လည်အသုံးပြုနိုင်တဲ့ အစိတ်အပိုင်းတွေပါဝင်တဲ့ ဒုံးပျံတွေကို ထုတ်လုပ်လွှတ်တင်ဖို့ဖြစ်ပြီး စတားလင့်ခ် အင်တာနက် ဂြိုဟ်တုတွေကိုလည်း ထုတ်လုပ်ပေးနေပါတယ်။ 

 

ဒါ့အပြင် မတ်စ်ကိုယ်တိုင် ပိုင်ဆိုင်တဲ့xAI ကုမ္ပဏီကို ဝယ်ယူခဲ့ပြီးနောက်မှာတော့ SpaceX ဟာ AI လုပ်ငန်းထဲကိုပါ ဝင်ရောက်လာခဲ့ပြီး အာကာသပတ်လမ်းထဲမှာ ဒေတာစင်တာတွေ တည်ဆောက်မယ့် ရည်မှန်းချက်တွေအထိ ရှိနေပါတယ်။

 

Laffer Tengler Investments ရဲ့ အကြီးအကဲဖြစ်တဲ့ နန်စီ တန်ဂလာကတော့ ကုမ္ပဏီရဲ့ AI လုပ်ငန်းဟာ “ငွေတွေကို မီးရှို့ပစ်နေတဲ့ နေရာကြီး” လို့ ဝေဖန်ခဲ့ပေမဲ့လည်း ကုမ္ပဏီရဲ့ ရေရှည်အလားအလာ (သုံးနှစ်ကနေ ၁၀ နှစ်အထိ) ကို ကြည့်ပြီးတော့ ရှယ်ယာတွေ ဝယ်ယူနေတာ ဖြစ်ပါတယ်။ နောက်ထပ် နှစ်နှစ်အတွင်းမှာ SpaceX နဲ့ တက်စလာတို့ ပူးပေါင်းသွားလိမ့်မယ်လို့လည်း သူကမျှော်လင့်နေပါတယ်။

 

 

Ref – BBC