ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ဆုံးဖြတ်ချက် မချရသေးဘူးလို့ အီရန်ပြော

 

အဆိုပါ သဘောတူညီချက်သာ အတည်ဖြစ်သွားရင် လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး ကမ္ဘာ့စွမ်းအင်စျေးနှုန်းတွေကို အဆမတန် မြင့်တက်စေခဲ့တဲ့ သုံးလကြာ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အထင်ကရအကျဆုံးသံတမန်ရေးရာ အောင်မြင်မှုတခု ဖြစ်လာမှာပါ။

 

 

၁၂၊ ဇွန်။ 

 

အမေရိကန်နဲ့ အီရန်တို့ဟာ ဟော်မုဇ်ရေလက်ကြားကို ကုန်စည်ကူးသန်းမှုတွေအတွက် ပြန်ဖွင့်ပေးမယ့်ငြိမ်းချမ်းရေး သဘောတူညီချက်တခုကို အခုသီတင်းပတ်ကုန်လောက်မှာပဲ လက်မှတ်ရေးထိုးနိုင်ခြေရှိတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။

 

ဒါပေမဲ့ အီရန်ဘက်ကတော့ သဘောတူညီချက်နဲ့ ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို မချရသေးဘူးလို့ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

 

အဆိုပါ သဘောတူညီချက်သာ အတည်ဖြစ်သွားရင် လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး ကမ္ဘာ့စွမ်းအင်စျေးနှုန်းတွေကို အဆမတန် မြင့်တက်စေခဲ့တဲ့ သုံးလကြာ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အထင်ကရအကျဆုံးသံတမန်ရေးရာ အောင်မြင်မှုတခု ဖြစ်လာမှာပါ။

 

ညှိနှိုင်းနေတဲ့ သဘောတူညီချက် စာသားအတော်များများကို အချောသတ်ထားပြီး ဖြစ်ပေမဲ့ အီရန်အနေနဲ့ သူတို့ရဲ့ စည်းကမ်းချက်တွေကိုတော့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက ပြောကြောင်း အီရန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

 

“ကျွန်တော်တို့ ဒီကိစ္စအပေါ် နောက်ဆုံး ကောက်ချက်မချရသေးပါဘူး” လို့ သူက ပြောပါတယ်။ “ဒါဟာ လက်ရှိမှာ သက်ဆိုင်ရာ ဆုံးဖြတ်ချက်ချမယ့် အဖွဲ့အစည်းတွေက သုံးသပ်နေတဲ့ အလွန်အရေးကြီးတဲ့ ကိစ္စရပ်တခုဖြစ်ပါတယ်” လို့လည်း ဆိုပါတယ်။

 

တချိန်တည်းမှာပဲ ထရမ့်က အိမ်ဖြူတော်က သတင်းထောက်တွေကို “ကျွန်တော်တို့ အီရန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲအတွက် ကောင်းမွန်တဲ့ ပြေလည်မှုတခု ရရှိခဲ့ပါပြီ” လို့ ပြောပါတယ်။ 

 

“ကျွန်တော်တို့ လက်မှတ်ထိုးတာနဲ့ ရေလက်ကြားကို တရားဝင် ပြန်ဖွင့်မှာပါ။ မကြာခင်၊ အလွန်မကြာခင်၊ ဖြစ်နိုင်ရင် ဥရောပမှာ ဒီသီတင်းပတ်ကုန်ပိုင်းလောက်မှာ လက်မှတ်ထိုးဖြစ်လိမ့်မယ်” လို့ ထရမ့်က ပြောပြီး အမေရိကန်အတွက် ဒုသမ္မတ ဂျေဒီဗန့်စ်က လက်မှတ်ထိုးနိုင်တယ်လို့ ဖြည့်စွက်ပြောပါတယ်။

 

အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ မိုဂျတာဘာ ခါမေနီက သဘောတူညီချက်ကို အတည်ပြုသလားလို့ မေးတဲ့အခါ ထရမ့်က “အတည်ပြုတယ်လို့ ကျွန်တော် နားလည်ထားတယ်” လို့ ဖြေပါတယ်။

 

ဆွေးနွေးပွဲတွေ တိုးတက်မှုရှိတယ်ဆိုတာကို အကြောင်းပြပြီး အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်ဖို့ ပြင်ဆင်ထားတာတွေကို ထရမ့်က ဖျက်သိမ်းလိုက်ပြီးနောက်မှာ အခု ကြေညာချက် ထွက်ပေါ်လာတာပါ။ အဆိုပါ သတင်းကြောင့် အမေရိကန် စတော့ရှယ်ယာတွေ တက်လာပြီး ရေနံစျေးနှုန်းတွေ ကျဆင်းသွားခဲ့ပါတယ်။

 

မတ်လလယ်ကတည်းက စစ်ပွဲအဆုံးသတ်ဖို့ အီရန်နဲ့ သဘောတူညီချက် ရလုနီးပြီလို့ ထရမ့်ကတောက်လျှောက် ပြောဆိုခဲ့တာပါ။ အခု သီတင်းပတ်ထဲမှာတော့ နှစ်ဘက်စလုံးက အပြန်အလှန် တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် ဧပြီလက ကြေညာထားတဲ့ အပစ်အခတ်ရပ်စဲရေးကို တင်းမာသွားစေခဲ့ပါတယ်။

 

ဘယ်လို ငြိမ်းချမ်းရေး သဘောတူညီချက်မျိုးမဆို အီရန်အနေနဲ့ နျူကလီးယားလက်နက် မထုတ်လုပ်နိုင်တာသေချာရမယ်လို့ ထရမ့်က ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ အီရန်ဘက်ကတော့ လက်နက်မျိုး ထုတ်ဖို့ ကြိုးစားနေတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

 

အီရန်ရဲ့ တောင်းဆိုချက်တွေထဲမှာတော့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့၊ ပိတ်ဆို့ထားတဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့နဲ့ ဟော်မုဇ်ရေလက်ကြားအပေါ် သူတို့ရဲ့ထိန်းချုပ်မှုကို အသိအမှတ်ပြုဖို့ စတာတွေ ပါဝင်နေပါတယ်။

 

“အဓိကအချက်ကတော့ အီရန်မှာ နျူကလီးယားလက်နက် ရှိလာမှာမဟုတ်ဘူး။ အဲဒါက ထုတ်လုပ်တာရောဝယ်ယူတာရော မရှိစေရဘူးလို့ ဆိုလိုတာပါ” လို့ ထရမ့်က နောက်ပိုင်းမှာ ဖုန်းကတဆင့် ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေး အခမ်းအနားတခုအတွင်း ပြောကြားခဲ့ပါတယ်။

 

ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို လေကြောင်းကနေ စတင်တိုက်ခိုက်ခဲ့ပြီးကတည်းက စွမ်းအင်စျေးနှုန်းတွေ မြင့်တက်ကာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေခဲ့သလို အဓိကအားဖြင့် အီရန်နဲ့ လက်ဘနွန်နိုင်ငံတွေမှာ လူပေါင်းထောင်ချီ သေဆုံးခဲ့ရပါတယ်။

 

Ref – Reuters