အစိုးရထုတ် ယူရီးယားတအိတ် ကျပ်တသိန်းကျော်ထိ ဈေးပေါက်နေ

“တချို့ဆိုင်တွေကတော့ ပေါ်တင် စျေးတင်ရောင်းတယ်။ တချို့ဆိုင်တွေက အိတ်ခွံလဲလိုက်ပြီးတော့ စျေးတင် ရောင်းတယ်။ မနှစ်ကလည်း ဒီလိုပဲ။ တအိတ်ကို ခြောက်သောင်းကျော်လောက် ပေးရတယ်”

၉၊ ဇွန်။

ဧရာ၀တီတိုင်းအတွင်းမှာ ယူရီးယားဓါတ်မြေဩဇာတအိတ်ကို အစိုးရထုတ်ဈေး ကျပ်သုံးသောင်းနဲ့ လယ် သမားတွေကို ထုတ်ရောင်းဖို့ ညွှန်ကြားထားပေမယ့် တကယ့်မြေပြင်မှာတော့ တအိတ်ကို ကျပ်ခုနစ်သောင်းကနေ တသိန်းကျော်ထိ ရောင်းချနေပါတယ်။

“ဘယ်လောက်နဲ့ ရောင်းခိုင်းထားလဲတော့ မသိပါဘူး။ ဒီမှာတော့ တအိတ်ကို ရှစ်သောင်းနဲ့ ဝယ်ခဲ့ရတယ်။ တချို့မြို့ နယ်တွေမှာ တသိန်း၊ တသိန်းကျော်နဲ့တောင်ရောင်းကြတယ်ပြောတယ်” လို့ ဘိုကလေးမြို့နယ်မှာ လယ်သမားတ ဦးက ပြောပါတယ်။

စိုက်ပျိုးရေးဌာနနဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပေါင်းပြီး စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်တွေကို ပြန်ရောင်းကာ အဲဒီဆိုင်တွေကနေ စျေးတင်ရောင်းနေတာဖြစ်ပါတယ်။

“တချို့ဆိုင်တွေကတော့ ပေါ်တင် စျေးတင်ရောင်းတယ်။ တချို့ဆိုင်တွေက အိတ်ခွံလဲလိုက်ပြီးတော့ စျေးတင် ရောင်းတယ်။ မနှစ်ကလည်း ဒီလိုပဲ။ တအိတ်ကို ခြောက်သောင်းကျော်လောက် ပေးရတယ်” လို့ ဟင်္သာတမြို့နယ်မှ လယ်သမားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ဧရာ၀တီတိုင်းလွှတ်တော်ဥက္ကဌ ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေဟာ အ မှတ်(၅)ဓါတ်မြေဩဇာစက်ရုံဆီ လေ့လာရေးခရီးသွားခဲ့ပြီး စက်ရုံထုတ်ဓါတ်မြေဩဇာတွေကို ခွဲဝေရောင်းချဖို့နဲ့ အဲဒီအပေါ် လွှတ်တော်က ကြီးကြပ်ထိန်းညှိသွားမယ်လို့ လွှတ်တော်ဥက္ကဌက ပြောခဲ့ပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ အစိုးရစက်ရုံထုတ် ဓါတ်မြေဩဇာတွေကို စျေးတင်ရောင်းနေကြတာဖြစ်ပါတယ်။

“ဘယ်လောက်ပဲ လွှတ်တော်က ထိန်းကျောင်း၊ ထိန်းကျောင်း သက်ဆိုင်ရာက စျေးတင်ရောင်းတဲ့သူတွေကို အ ရေးမယူရင် စျေးတက်နေတာပဲ။ အကုန်လုံးက ပေါင်းစားနေကြတာပါ။ ဒါတွေကို ပြောင်းလဲဖို့လိုတယ်။ ဒါမှပဲ လယ် သမားတွေအတွက် သက်သာမယ်” လို့ ဧရာ၀တီတိုင်းလွှတ်တော်မှ အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ ဓါတ်မြေဩဇာတွေ စျေးတက်နေတဲ့အပြင် စက်သုံးဆီနဲ့ အခြားလယ်ယာသွင်းအားစုတွေလည်း စျေးကြီးနေပါတယ်။ စက်သုံးဆီစျေးကြီးပြီး အလွယ်တကူဝယ်မရတဲ့အတွက် မိုးဦးရောက်ပြီဖြစ်ပေမယ့် လယ်သမားအများစုဟာ လယ်ထွန်ဖို့ မပြင်ဆင်ကြရသေးဘူးလို့ ပြောကြပါတယ်။

လယ်သမားတွေအနေနဲ့ လယ်ယာလုပ်ငန်းအတွက် လိုအပ်တဲ့ စက်သုံးဆီကို ရပ်ကွက်၊ ကျေးရွာအလိုက် ထောက်ခံချက်တွေနဲ့ ခွဲတမ်းဝယ်ယူခွင့်ရပေမယ့် အကန့်အသတ်နဲ့သာ ဝယ်ကြရတာကြောင့် မလောက်မငှဖြစ်နေရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်း စက်သုံးဆီဆိုင်တွေမှာ ဆီတလီတာကို ကျပ် ၄၅၀၀ ဝန်းကျင်စျေးရှိပေမယ့် မှောင် ခိုစျေးကွက်မှာတော့ တလီတာ ကျပ်ခြောက်ထောင်ကနေ တသောင်းဝန်းကျင်ထိ စျေးရှိနေတာပါ။ ပြီးခဲ့တဲ့ နွေရာသီ တုန်းက စျေးနဲ့ နှိုင်းယှဉ်ရင် စျေးအနည်းငယ်ကျသွားပေမယ့် တခြားသွင်းအားစုတွေပါ စျေးကြီးနေချိန် လယ်သမား တွေအဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ စက်သုံးဆီပါအဝင် လယ်ယာသွင်းအားစုတွေစျေးကြီးတာ၊ လယ်ယာထွက်ကုန် စပါးစျေး မရတာတို့ကြောင့် လယ်သမားတွေဟာ သူတို့လယ်ယာမြေတွေ မလုပ်ကိုင်ကြတော့ဘဲ လယ်ရောင်းမယ့်သူတွေ များလာနေပြီး ဝယ်ယူသူလည်း ရှားနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဧရာ၀တီတိုင်းအတွင်း စပါးစျေးမကောင်းလို့ လယ်သမားတွေ အရှုံးပေါ် အခက်အခဲဖြစ်နေကြချိန် လယ်ယာဖွံ့ဖြိုးရေးဘဏ်ကလည်း သူတို့ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်မီ ပြန်ဆပ်ကြဖို့ ဖိအားပေး၊ ခြိမ်းခြောက် တောင်းခံတာတွေလည်း ရှိနေပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။