
တခါတလေ ကျုပ် ရွာထိပ်ကညောင်ပင်ကြီးအောက်မှာ ထိုင်ရင်း ရွာနဲ့ လယ်ကွင်းတွေဆီ ငေးကြည့်မိတဲ့အခါ စိတ်ထဲမှာ ထူးထူးဆန်းဆန်း ဝမ်းနည်းစိတ်တစ်မျိုး ဝင်လာမိတယ်။
ရွာကတော့ ရှိနေတုန်းပဲ။
လယ်တွေကလည်း ရှိနေတုန်းပါပဲ။
ချောင်းတွေ မြောင်းတွေလည်း အကုန်ရှိနေကြဦးမှာပါ။
ဒါပေမယ့် ရွာရဲ့အသက်ကတော့ မရှိတော့သလို ခံစားရတယ်။
ကျုပ် ငယ်ငယ်တုန်းက မြစ်ဝကျွန်းပေါ်ရွာတွေဟာ ဒီလို မဟုတ်ဘူး။ မိုးဦးကျလို့ လယ်ထဲဆင်းတဲ့ ရာသီရောက်ပြီဆို ရွာထဲမှာ လူငယ်တွေ ပြည့်နေတာပဲ။ မနက်အစောကြီးတည်းက လယ်ထဲဆင်းဘို့ တယောက်နဲ့တယောက် အော်ခေါ်ကြသံ၊ နွားမောင်းသံ၊ ရွာရိုးတလျှောက် အချင်းချင်း နောက်ပြောင် ရယ်မောကြသံတွေနဲ့ စပါးစိုက်ရင်း သီချင်းအော်ဆိုကြသံတွေ၊ အားတက်စရာအသံတွေပေါ့။ သူတို့ဟာ ရွာရဲ့ အားအင်တွေဘဲလေ။
ညနေဆိုရင် ဒီညောင်ပင်ကြီးအောက်မှာ လူကို စုံလို့။ ဘောလုံးပွဲအကြောင်း ပြောကြ၊ ရွာက သာရေးနာရေး ဝိုင်းဝန်းပေးဘို့ တိုင်ပင်ကြ၊ သူတို့ရဲ့ အိပ်မက်တွေ မျှဝေကြနဲ့ ရွာဟာ အသက်ဝင် နေခဲ့တာပေါ့။
အခုတော့…
အဲဒီအသံတွေ မကြားရတော့ဘူး။ ရွာလမ်းတလျှောက် ကျုပ်တို့ အဖိုကြီး အဖွားကြီးတွေ ချည်းပဲ။
ကလေးတွေတော့ ရှိသေးတယ်။
ဒါပေမယ့် လူငယ်တွေ မရှိတော့ဘူး။
တချို့ရွာတွေမှာ “အသုဘရှိရင်တောင် ‘ခေါင်း’ ထမ်းမယ့် လူငယ်မရှိတော့လို့ အိမ်နီးချင်းရွာက လူတွေ သွားငှားရတဲ့အထိ” ဖြစ်လာတယ်။
ကျုပ်တို့ မြစ်ဝကျွန်းပေါ် ဘယ်တုန်းက ဒီလောက်တောင် အိုမင်းသွားခဲ့တာလဲ။ တကယ်တော့ လူငယ်တွေက ပျင်းလို့ ထွက်သွားကြတာ မဟုတ်ဘူး။ ရွာမှာသူတို့အတွက် မျှော်လင့်ချက် မရှိတော့လို့၊ သူတို့အတွက် မလုံခြုံ ထွက်သွားကြတာ။
ဒီနေ့ လယ်လုပ်ငန်းဆိုတာကလည်း အရင်လို မဟုတ်တော့ဘူး။ ဓာတ်မြေဩဇာဈေးကတက်၊ စက်သုံးဆီ ဈေးကတက်၊ လုပ်သားခကတက်။
တနှစ်ပတ်လုံး နေပူမရှောင် မိုးရွာမရှောင် လုပ်ခဲ့ရတဲ့ လယ်သမား၊ စပါးရိတ်ပြီး ရောင်းလိုက်တော့ လက်ထဲကျန်တာ ကျုပ်တို့ မျက်ရည်ပဲ ရှိတယ်။
ဒီတော့ လူငယ်တွေက ဘာလုပ်မလဲ။ ထိုင်းကို သွားကြတယ်။ မလေးရှားကို သွားကြတယ်။
စင်္ကာပူကို သွားကြတယ်။
ဘယ်သူမှ ကိုယ့်ရွာကို မုန်းလို့ ထွက်သွားကြတာ မဟုတ်ဘူး။ ဆက်ပြီး နေလို့ မရတော့လို့သာ သူတို့ချစ်တဲ့ မိဘနဲ့ ရွာကနေ အဝေးကို ထွက်သွားကြတာ။
ပိုဆိုးတာက ဒီကနေ့ လူငယ်တွေဟာ စီးပွားရေးကြောင့်တင် မဟုတ်တော့ဘဲ လုံခြုံရေးအတွက်ပါ အသက် ဖက်နဲ့ထုပ်ပြီး ထွက်ပြေးနေကြရတာ။
အဖြစ်က ဒီကလေးတွေငယ်ငယ်က ကျုပ်ပြောပြနေကျ ဂျပန်ခတ်ထက် ဆိုးတယ်။ ကျုပ်တို့ ရင်အနာဆုံးက စပါးဈေးကျတာတို့၊ ဓာတ်မြေဩဇာဈေးတက်တာတို့ မဟုတ်ဘူးဗျ။
အခုခေတ်မှာ လူ ငတ်အုံးတောင် စိတ်နှလုံး မငတ်အောင် မိသားစုအတူတူရှိကြဖို့က မလွယ်တော့ဘူး။
မိဘတွေလည်း နေ့စဉ်နဲ့အမျှ ရင်တမမ ဖြစ်နေကြရတာပေါ့။ သားတွေကို အိမ်မှာထားရင်လည်း စိတ်မချရ၊ အဝေးကို လွှတ်လိုက်ရင်လည်း စိတ်မချရ။
တချို့မိသားစုတွေဆို ကိုယ့်သား စစ်ထဲ ပါမသွားဖို့၊ ဒုက္ခတခုခု မရောက်သွားဖို့ဆိုတဲ့ မျှော်လင့်ချက် တခုတည်းနဲ့ အရပ်တကာကို ပြေးလွှားရှာဖွေကြရ၊ ရှိစုမဲ့စု ငွေကြေးလေးတွေ စုဆောင်းကြရနဲ့။
တချို့က လယ်ရောင်းကြတယ်။ တချို့က နွားရောင်းကြတယ်။ တချို့က ဘိုးဘွားလက်ထက်ကတည်းက ထိန်းသိမ်းလာတဲ့ မြေကွက်တွေကိုတောင် ပေါင်နှံလိုက်ကြရတယ်။
“ဘယ်လောက်ပဲ ဆုံးရှုံးပါစေ၊ သားသမီးလေးတွေ အသက်ဘေးက လွတ်ရင် တော်ပြီ” ဆိုတဲ့ စိတ်နဲ့ပဲ အံကြိတ်ခံနေကြတာ။
တချို့ မိသားစုတွေကျတော့လည်း နိုင်ငံခြား ပို့ပေး၊အလုပ်ရှာပေးမယ်ဆိုပြီး အာမခံတဲ့ ပွဲစားက လိမ်သွားလို့၊ လယ်ပါပြုတ်၊ လူပါပျောက် ဖြစ်သွားကြသူတွေလဲ ရွာမှာ မနည်းဘူး။
ကျုပ်တို့ ငယ်ငယ်တုန်းက လယ်သမား မိဘတွေဟာ သားသမီးတွေကို ပညာတတ်အောင် ဘယ်လိုထားရမလဲ စဉ်းစားခဲ့ကြတယ်။
အခုခေတ် မိဘတွေကျတော့ သားသမီးတွေ အသက်ရှင်အောင် ဘယ်လို ကာကွယ်ရမလဲ ဆိုတာကို အရင်စဉ်းစားနေရတဲ့ခေတ် ဖြစ်သွားပြီ။
အဲဒါဟာ ကျုပ်တို့ မြစ်ဝကျွန်းပေါ်အတွက် အဆင်းရဲဆုံး အဖြစ်ဆိုးဘဲ။
စပါးခင်းတွေ ဆုံးရှုံးရင် ပြန်စိုက်လို့ ရတယ်။
လယ်တွေ ပျက်စီးရင် ပြန်ပြင်လို့ ရသေးတယ်။
ဒါပေမယ့် လူငယ်တွေကို ဆုံးရှုံးသွားရင်တော့ ဘယ်လိုမှ အစားပြန်ဖြည့်လို့ မရတော့ဘူးလေ။
ရွာဆိုတာ အိမ်တွေ စုပြီး ဖြစ်လာတာ မဟုတ်ဘူး။ မျိုးဆက်တွေ စုပြီး ဖြစ်လာတာ။
အခုတော့ အဲဒီမျိုးဆက်တွေဟာ တယောက်ပြီးတယောက် ထွက်ခွာသွားကြပြီ။
ကျုပ်တို့ မြစ်ဝကျွန်းပေါ်ဟာ သဘာဝဘေးကြီးတွေ အများကြီး ကြုံခဲ့ဖူးတယ်။
ဒါပေမယ့် ဒီနေ့ ကြုံနေရတဲ့ ဘေးအန္တရာယ်က မုန်တိုင်းမဟုတ်၊ ရေကြီးတာလည်း မဟုတ်ဘူး။
လူငယ်တွေ တစတစ ပျောက်ကွယ်သွားတဲ့ “လူသားအရင်းအမြစ် သွေးထွက်သံယိုမှု” ကြီးဗျ။
ဒီ သွေးထွက်သံယိုမှုကြီးဟာ မမြင်ရဘူး။အသံလည်း မကြားရဘူး။
ဒါပေမယ့် ရွာတရွာချင်းစီရဲ့ အနာဂတ်ကိုတော့ နေ့စဉ်နဲ့အမျှ ခန်းခြောက်သွားစေမှာပဲ။
တချိန်ချိန် ကျုပ်တို့ မြစ်ဝကျွန်းပေါ်ကို ပြန်ကြည့်တဲ့အခါ…
“စပါးကျီကြီး ဘာကြောင့် ပျက်စီးသွားတာလဲ” ဆိုတဲ့ မေးခွန်းထက်
“အဲဒီစပါးကျီကြီးကို ထိန်းသိမ်းမယ့် လူငယ်တွေ ဘယ်ရောက်သွားခဲ့ကြတာလဲ” ဆိုတဲ့ မေးခွန်းက ပိုပြီး နာကျင်စရာ ကောင်းနေလိမ့်မယ် ထင်ပါရဲ့။