
လူနာမှာ ပြင်းထန်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားနေတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး အီဘိုလာဗိုင်းရပ်စ် ရှိ၊ မရှိ သေချာစေဖို့အတွက် နောက်ထပ် စစ်ဆေးမှုတွေကို ဆက်လုပ်နေတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာထပ်လောင်းပြောကြားပါတယ်။
၁၊ ဇွန်။
အာဖရိကနိုင်ငံတွေကနေ ဘရာဇီးနိုင်ငံကို မကြာသေးခင်ကမှ ရောက်ရှိလာတဲ့ လူနာနှစ်ဦးဟာ အီဘိုလာဗိုင်းရပ်စ်နဲ့ ဆက်စပ်နေတဲ့ ရောဂါလက္ခဏာတွေ ပြသခဲ့ပြီးနောက် သူတို့ကို သီးသန့်ခွဲထားပြီး စောင့်ကြည့်နေတယ်လို့ တာဝန်ရှိသူတွေက အသိပေးလာတာကြောင့် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိုပါ ဗိုင်းရပ်စ်ဟာ အာဖရိကတိုက်ပြင်ပဆီ ပျံ့နှံ့သွားမှာကို စိုးရိမ်မှုတွေ မြင့်တက်စေခဲ့ပါတယ်။
ရောဂါကူးစက်မှုတွေ အဓိကဖြစ်ပွားနေတဲ့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံဆီ မကြာသေးခင်က သွားရောက်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားတဦးဟာ ဖျားတာလိုမျိုး ရောဂါလက္ခဏာတွေ ပြသခဲ့တာကြောင့် အီဘိုလာ သံသယလူနာအဖြစ် သတ်မှတ်ချက်နဲ့ ကိုက်ညီနေတယ်လို့ ဆော်ပေါ်လို ပြည်နယ်အစိုးရက မေလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အဆိုပါ အမျိုးသားကို ဆော်ပေါ်လိုမြို့မှာရှိတဲ့ အီမီလီယို ရီးဘတ်စ် ကူးစက်ရောဂါဆိုင်ရာတက္ကသိုလ်မှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်နေပါတယ်။ လူနာမှာ ပြင်းထန်တဲ့ ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားနေတာကို စစ်ဆေးတွေ့ရှိခဲ့ပြီး အီဘိုလာဗိုင်းရပ်စ် ရှိ၊ မရှိ သေချာစေဖို့အတွက် နောက်ထပ် စစ်ဆေးမှုတွေကို ဆက်လုပ်နေတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာထပ်လောင်းပြောကြားပါတယ်။
မေလ ၂၂ ရက်နေ့က ယူဂန်ဒါနိုင်ငံကနေ ရောက်ရှိလာပြီး ချောင်းဆိုးတာ၊ ချမ်းတုန်တာနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ စတဲ့ ဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ လက္ခဏာတွေ ပြသခဲ့ပြီးနောက် နောက်ထပ် အမျိုးသားတဦးကိုလည်း ရီယိုဒီဂျနေးရိုးမြို့မှာ သီးသန့်ခွဲထားလိုက်တယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါ အမျိုးသားမှာ ငှက်ဖျားရောဂါပိုး ရှိနေတာ စစ်ဆေးတွေ့ရှိခဲ့ပေမဲ့လည်း ဖြစ်စဉ်ကိုတော့ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲပဲလို့ တာဝန်ရှိသူတွေက အသိပေးပါတယ်။
မေလ ၁၅ ရက်နေ့က ရောဂါကူးစက်မှု စတင်ဖြစ်ပွားကြောင်း ကြေညာခဲ့ချိန်ကတည်းက ကွန်ဂိုနိုင်ငံမှာ အီဘိုလာ သံသယလူနာပေါင်း ၁,၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၅၀ နီးပါး ရှိနေပြီလို့အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ကြာသပတေးနေ့မှာ ပြောကြားထားပါတယ်။
အိမ်နီးချင်း ယူဂန်ဒါနိုင်ငံမှာလည်း ကူးစက်ခံရသူ အနည်းငယ်နဲ့ သေဆုံးသူတဦး ရှိခဲ့တယ်ဆိုတာကို အတည်ပြုထားပါတယ်။ ဒါပေမဲ့လည်း ရောဂါပိုးကို စတင်မတွေ့ရှိခင်ကတည်းက ပျံ့နှံ့နေခဲ့ပြီလို့ ယူဆရတဲ့အတွက် ကွန်ဂိုနိုင်ငံတွင်း ရောဂါကူးစက်မှုရဲ့ တကယ့်ပမာဏဟာ ဒီထက်မက ပိုပြီးကျယ်ပြန့်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။
အခုလို သံသယလူနာ ရှိနေပေမဲ့လည်း “နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်တွေအရ ဒီရောဂါဟာ ဘရာဇီးနဲ့ တောင်အမေရိကတိုက်ထဲကို ကူးစက်ပျံ့နှံ့လာဖို့ အန္တရာယ်ကတော့ အလွန်နည်းပါးတဲ့ အဆင့်မှာပဲ ရှိနေဆဲပဲ” လို့ ဘရာဇီးအစိုးရက ပြောထားပါတယ်။
Ref – AFP