တရုတ်ပိုင် Temu ကုမ္ပဏီကို တရားမဝင်ပစ္စည်းတွေ ရောင်းချမှုနဲ့ အီးယူက ယူရိုသန်း ၂၀၀ ဒဏ်ရိုက်

Temu ကုမ္ပဏီဟာ အီးယူ ဥပဒေအရ အလွန်ကြီးမားတဲ့ အွန်လိုင်းပလက်ဖောင်းအဖြစ် သတ်မှတ်ခံထားရပြီး အဆိုပါ ဥပဒေပုဒ်မတွေအောက်က တာဝန်ဝတ္တရားတွေကို လိုက်နာမှု ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်လို့ ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

 

၂၉၊ မေ။

 

တရုတ်ပိုင် အွန်လိုင်းအရောင်းပလက်ဖောင်းတခုဖြစ်တဲ့ Temu ပေါ်မှာ အန္တရာယ်ရှိတဲ့ ကလေးကစားစရာတွေနဲ့ ချို့ယွင်းချက်ရှိတဲ့ အားသွင်းခေါင်းတွေလိုမျိုး တရားမဝင်ပစ္စည်းတွေ ရောင်းချနေတာကြောင့် ဥရောပသမဂ္ဂ (EU) က ယူရို သန်း ၂၀၀ ဒဏ်ရိုက်လိုက်ပါတယ်။

 

ဥရောပကော်မရှင်က အဆိုပါ ကုမ္ပဏီဟာ ကုန်ပစ္စည်းတွေရဲ့ စနစ်ပိုင်းဆိုင်ရာအန္တရာယ်တွေနဲ့ စားသုံးသူတွေအပေါ် ဖြစ်လာနိုင်တဲ့ ထိခိုက်နစ်နာမှုတွေကို သေချာဂရုတစိုက်နဲ့ စိစစ်တာ၊ ခွဲခြမ်းစိတ်ဖြာတာနဲ့ ဆန်းစစ်အကဲဖြတ်တာမျိုးတွေ လုပ်ဖို့ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

 

Temu ကုမ္ပဏီဟာ အီးယူ ဥပဒေအရ အလွန်ကြီးမားတဲ့ အွန်လိုင်းပလက်ဖောင်းအဖြစ် သတ်မှတ်ခံထားရပြီး အဆိုပါ ဥပဒေပုဒ်မတွေအောက်က တာဝန်ဝတ္တရားတွေကို လိုက်နာမှု ရှိ၊ မရှိ ဆိုတာနဲ့ ပတ်သက်လို့ ၂၀၂၄ ခုနှစ် အောက်တိုဘာလကတည်းက စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

 

အဆိုပါ အွန်လိုင်းအရောင်းကုမ္ပဏီကတော့ ဆုံးဖြတ်ချက်ကို သဘောမတူဘဲ ဒဏ်ငွေပမာဏဟာလည်း များလွန်းတယ်လို့ ယူဆတဲ့အပြင် လက်ရှိမှာ လုပ်ဆောင်နိုင်မယ့်တခြားနည်းလမ်းတွေကို စဉ်းစားနေတယ်လို့ ပြောပါတယ်။

 

စုံစမ်းစစ်ဆေးမှုမှာ လွတ်လပ်တဲ့ စမ်းသပ်စစ်ဆေးရေး အဖွဲ့အစည်းတခုကနေ လူမသိသူမသိ ပစ္စည်းဝယ်ယူစမ်းသပ်တဲ့ နည်းလမ်းကို အသုံးပြုခဲ့တာဖြစ်ပြီး Temu ကနေဝယ်ယူခဲ့တဲ့ အားသွင်းခေါင်း တော်တော်များများဟာ အခြေခံလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးချက်တွေကို မအောင်မြင်တာကို တွေ့ရှိခဲ့ရပါတယ်။

 

ဒါ့အပြင် ကလေးကစားစရာ အတော်များများမှာလည်း ဥပဒေက သတ်မှတ်ထားတာထက် ကျော်လွန်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာ၊ ဒါမှမဟုတ် အသက်ရှူကျပ်စေမယ့် ပြုတ်ထွက်လွယ်တဲ့ အစိတ်အပိုင်းအသေးလေးတွေ ပါဝင်နေတာကြောင့် ဘေးအန္တရာယ်ရှိနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရကြောင်း Euronews က ဖော်ပြထားပါတယ်။

 

Temu အနေနဲ့ ဒဏ်ငွေပေးဆောင်ရမယ့်အပြင် ဒီလိုပျက်ကွက်မှုတွေကို ဖြေရှင်းဖို့လုပ်ငန်းအစီအစဉ်တခုကို ဩဂုတ်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကုမ္ပဏီဘက်က လိုက်နာဆောင်ရွက်မှု လုံလောက်မှု ရှိ၊ မရှိ ဆုံးဖြတ်ဖို့ ကော်မရှင်ဘက်က နှစ်လအချိန်ရမှာ ဖြစ်ပါတယ်။

 

အီးယူရဲ့ နည်းပညာဆိုင်ရာ ကော်မရှင်နာမင်းကြီး ဟန်နာ ဗာကူနန်က အဆိုပါ ဆုံးဖြတ်ချက်ဟာ Temu ကို အလွန်ပြတ်သားတဲ့ သတိပေးချက် ပေးလိုက်တာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောကြားပါတယ်။

 

Temu ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ထုတ်ပြန်ချက်ထဲမှာ ပြောတာကတော့ ကုမ္ပဏီအနေနဲ့ ရှင်းလင်းပြတ်သားပြီး တည်ငြိမ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိဖို့ လိုအပ်တာကို လေးစားပေမဲ့ အခုဆုံးဖြတ်ချက်ဟာ ၂၀၂၄ ခုနှစ်က ကိစ္စနဲ့ပဲ သက်ဆိုင်ပြီး လက်ရှိသူတို့ရဲ့ စနစ်ပိုင်းဆိုင်ရာ အခြေအနေမှန်ကို ထင်ဟပ်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

 

“ဥရောပကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ သဘောမတူပါဘူး၊ ချမှတ်လိုက်တဲ့ ဒဏ်ငွေဟာလည်း များလွန်းတယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

 

“အခု ဆုံးဖြတ်ချက်ကို သေချာပြန်လည်သုံးသပ်နေပြီး လုပ်ဆောင်နိုင်မယ့် နည်းလမ်းအားလုံးကို စဉ်းစားနေပါတယ်” လို့လည်း ဆိုပါတယ်။

 

ဒါပေမဲ့ ဗြိတိန်စားသုံးသူအဖွဲ့အစည်းတခုဖြစ်တဲ့ Which? ကတော့ အဆိုပါ ဆုံးဖြတ်ချက်ကို ချီးကျူးလိုက်ပြီး ဗြိတိန်နိုင်ငံအနေနဲ့လည်း ဒီလိုပဲ လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

Which? အဖွဲ့ရဲ့ စားသုံးသူကာကွယ်ရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဆူးဒေးဗီးစ်က”Temu ကို ယူရို သန်း ၂၀၀ ဒဏ်ရိုက်ဖို့ EU ရဲ့ ဆုံးဖြတ်ချက်ဟာ အွန်လိုင်းအရောင်းပလက်ဖောင်းတွေပေါ်က အန္တရာယ်ရှိတဲ့ ပစ္စည်းတွေအတွက် သူတို့မှာ တာဝန်ရှိတယ်ဆိုတာ သိစေဖို့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ရမယ်ဆိုတဲ့ စံနမူနာကောင်းတခုပဲ ဖြစ်တယ်” လို့ ပြောပါတယ်။

 

“ဗြိတိန်အစိုးရအနေနဲ့ အီးယူရဲ့ စံနမူနာကို လိုက်နာသင့်ပြီး အွန်လိုင်းအရောင်းပလက်ဖောင်းတွေက အန္တရာယ်ရှိတဲ့ ပစ္စည်းတွေအတွက် ဥပဒေကြောင်းအရ တာဝန်ယူမှု ရှိလာအောင် ကုန်ပစ္စည်းစည်းမျဉ်းနဲ့ အတိုင်းအတာဆိုင်ရာ အက်ဥပဒေအောက်က လုပ်ပိုင်ခွင့်အသစ်တွေကို အသုံးချသင့်တယ်” လို့လည်း သူက ဆိုပါတယ်။

 

အခုဒဏ်ကြေးဟာ အီးယူရဲ့ ဒီဂျစ်တယ်ဝန်ဆောင်မှုများဆိုင်ရာ အက်ဥပဒေအရအကြောင်းအရာပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ဒုတိယမြောက် ဒဏ်ရိုက်မှုပဲ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အီလွန်မတ်စ်ရဲ့ X လူမှုကွန်ရက်ကို ယူရို ၁၂၀ သန်း ဒဏ်ရိုက်ခဲ့တာ ဖြစ်ပါတယ်။

Ref – BBC