
“တလအတွင်း အရေးကြီး စာရွက်စာတမ်းတွေ သိမ်းထားဖို့ အသံထွက်နေတယ်”
၂၈၊ မေ။
အာရက္ခတပ်တော်(AA)နဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဟာ ဧရာ၀တီတိုင်း ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ် ၃၄၄ နဲ့ တမိုင်နီးပါးအကွာအထိ ရောက်လာပြီး ကာကင်းတွေ တခုပြီးတခု သိမ်းပိုက်ခံနေရချိန်မှာ စစ်တပ်က တာဝန်ကျ တပ်သားအပြောင်းအလဲ လှုပ်ရှားမှု လုပ်လာတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ အမတ ၃၄၄ တပ်ရင်းထဲကနေ အင်အားအပြည့်နဲ့ ကားအစီးရေ သုံးဆယ်ဝန်းကျင် အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ)ရှိရာ ပုသိမ်ဆီ ထွက်လာခဲ့ပြီး ညနေပိုင်းမှာတော့ အင်အားပြန် ဖြည့်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တဦးက DNA ကို ပြောပါတယ်။
“ပြန်ဆင်းတာတော့အမှန်ပါ။ အစီးရေ ခန့်မှန်း ၃၀ ဝန်းကျင်ရှိမယ်။ လူပြန်ခွဲတဲ့သဘောနေမယ်။ မနက်ကဆင်းတဲ့ ကားတွေက ညနေမှာ ပြန်တက်လာကြတယ်။ တနေကုန် အတက်အဆင်းလုပ်နေတာ” လို့ အထက်ပါသတင်းရင်း မြစ်က ပြောပါတယ်။
အတက်အဆင်းလုပ်နေတဲ့ ကားတွေထဲမှာ အမတ ၃၄၄ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ တပ်သားတွေနဲ့ သေဆုံးတပ်သားတွေ ပါဝင်ပြီး တိုက်ပွဲပြင်းထန်လာတာကြောင့် အတွေ့အကြုံရင့်တပ်သားတွေနဲ့ အပြောင်းအလဲလုပ်ဖို့ ရွေ့ပြောင်းတာဖြစ်တယ်လို့ ငသိုင်းချောင်းဒေသခံ နောက်ထပ်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
“အစကတော့ ၃၄၄ ထဲမှာ ပြည်သူ့စစ်တွေများတယ်။ ပြည်သူ့စစ်တွေကို ရှေ့တန်းပို့တော့ ထွက်ပြေးတာများတယ်။ စခန်းတွေ တခုပြီး တခု ပါသွားတဲ့အခါကျတော့ တပ်ရင်းအထဲထိကို ရောက်ခါနီးပြီ တော်လှန်ရေးတပ်တွေက။ အဲဒါကြောင့်မို့လို့ အတွေ့အကြုံရှိတဲ့ကောင်တွေနဲ့ လူလဲနေတာ” လို့ ပြောပါတယ်။
လက်ရှိမှာ အမတ ၃၄၄ နဲ့ တမိုင်ဝန်းကျင်အကွာ ၁၉/၂၂ မိုင်တိုင်အနီးမှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး အခု မေလအ တွင်း စစ်တပ်ရဲ့ အမတ ၃၄၄ အနီးက ကာကင်းစခန်း ခြောက်ခုထက်မနည်း သိမ်းပိုက်ခံခဲ့ရပြီဖြစ်တယ် လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဝိုင်း၀န်း ပိတ်ဆို့တိုက်ခြင်းခံနေရတဲ့ အမတ ၃၄၄ တပ်ရင်းထဲမှာ တပ်သားအင်အား နှစ်ထောင် ဝန်းကျင်ထိ အင်အားဖြည့်ထားပြီး အဲဒီထဲကမှ အင်အားထုတ်နုတ်၊ တပ်အပြောင်းအလဲလုပ်လာတာဖြစ်ပါတယ်။
အဲဒီလို တပ်သားအင်အား ခွဲထုတ်နေတာဟာ ပုသိမ်အခြေစိုက် တပ်ရင်းတွေမှ အင်အားတွေနဲ့ ပေါင်းကာ သာပေါင်း၊ ရွှေ သောင်ယံဘက်ကတဆင့် ရခိုင်ပြည်နယ် ဂွမြို့နယ်ဘက်ဆီ တန်ပြန်ထိုးစစ်ဆင်၊ စစ်ကြောင်းထိုးဖို့အတွက် ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။
လက်ရှိမှာ ကျုံပျော်အခြေစိုက် ခလရ ၃၆ တပ်ရင်းမှာလည်း အခြားတပ်ရင်းတွေဆီကလည်း အင်အားဖြည့်တင်း ထားပြီး ရှေ့တန်းထွက် စစ်ကြောင်းထိုးဖို့ အဆင်သင့်အနေအထားလုပ်ထားတယ်လို့ ကြားသိရကြောင်း ဒေသခံသ တင်းရင်းမြစ်တွေက ပြောကြပါတယ်။
“တလအတွင်း အရေးကြီး စာရွက်စာတမ်းတွေ သိမ်းထားဖို့ အသံထွက်နေတယ်”လို့ ကျုံပျော် ခလရ ၃၆ တပ်မိသားစုတွေနဲ့ နီးစပ်သူ တဦးကပြောပါတယ်။
အမတ ၃၄၄ အနီးဝန်းကျင်မှာ မေလဆန်းလောက်ကတည်းက တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်အသွင်နဲ့ အရှိန်မြှင့် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ လက်ရှိမှာ အမတ ၃၄၄ ထဲကနေ အနီးဝန်းကျင် လူကျေးရွာတွေနဲ့ တောတောင်တွေဆီ လက်နက်ကြီးတွေ ပစ်ခတ် နေသလို လေကြောင်းတိုက်ခိုက် မှုတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ဒီကောင်တွေက ရွှေသောင်ယံဘက်ကနေ ဂွဘက်ကို ကမ်းခြေအတိုင်း စစ်ကြောင်းထိုးပြီးပြီ။ ပြန်ဆုတ်ပြေးရတယ် လေ။ အခုထပ်တက်နေတယ်။ သာပေါင်းတောလမ်းအတိုင်း ဒါပေမယ့် AA က ရိုးပေါ်က စောင့်ပြီး ဖြတ်တိုက်မှာ။ သေချာတယ်။ စစ်တပ်က ရိုးကိုကျော်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ AA က တောလည်း ပိုကျွမ်းတယ်” လို့ AA နဲ့ နီးစပ်တဲ့ ရခိုင်ဒေသခံစစ်ရေးလေ့လာသူတဦးက ပြောပါတယ်။
စစ်တပ်ဟာ ရေကြည်မြို့နယ်အပြင် အင်္ဂပူမြို့နယ်ကနေလည်း ရိုးမပေါ် စစ်ကြောင်းထိုးနေပြီး ရိုးမ တောင်ခြေ ကွင်းကောက်အနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။
ပုသိမ် – မုံရွာလမ်းမကြီးတလျှောက်နဲ့ ရေကြည်မြို့နယ် မြောက်စမ်းအမြောက်တပ်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်း ထန်နေတာကြောင့် စစ်တပ်ဟာ အင်္ဂပူမြို့နယ် ကွင်းကောက်ရှိ တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးသင်တန်း ကျောင်း တတက(၅)မှာ အင်အားရာချီဖြည့်ကာ ခံစစ်လုပ်နေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်တွေက ပြော ထားကြပါတယ်။
ဧရာ၀တီတိုင်း လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တို့မှာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်အရာရှိတွေအပါအဝင် တပ်သားအကျအဆုံးတွေ အများအပြား ရှိနေပြီး ပုသိမ်အနောက်တောင်တိုင်းစစ်ဌာန ချုပ် (နတခ)၊ ကျုံပျော်ခလရ ၃၆ ၊ဟင်္သာတ ခလရ ၁၈ အပြင် အခြား အခြေစိုက်တပ်ရင်းတွေဆီကလည်း အင်အားဖြည့် တင်းပေးနေရတယ်လို့ သိရပါတယ်။
ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ ရှိနေသလို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူတို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်တာ စတဲ့အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။