
“ပြီးခဲ့တဲ့ ၂၀၁၂/၁၃ ရပ်ကျေးဥပဒေအတိုင်းတော့ လုပ်နေတာတွေ့ရပါတယ်။ ခုချိန်ထိတော့ မြင်သာမှုရှိတယ်ဆိုပေမဲ့ စိတ်ဝင်စားမှုအားတော့ နည်းပါတယ်။
၂၀၊ မေ။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ် ရွေးဖို့အတွက် အုပ်ချုပ်ရေးရုံးမှာ အစည်းအဝေးတက်ဖို့ ခေါ်နေပေမယ့် အရပ်သားတွေ အနေနဲ့ စိတ်ဝင်စားမှု နည်းနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
“ပုသိမ်မှာတော့ ရပ်ကွက်အလိုက်လုပ်နေကြတယ်။ လူတွေကိုလိုက်ဖိတ်ပြီး ရွေးနေကြတာပါပဲ။ သိပ်စိတ်ဝင်စားတဲ့ လူတွေတော့မများလှပါဘူး။ ဦးတို့ဆို ဘယ်သူတွေအရွေးခံကြတယ်ဆိုတာတောင် မသိဘူး၊ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေကြတာပါ။ ကုန်ဈေးနှုန်းတွေကြီးနေကြတော့ နိုင်ငံရေးကို စိတ်ဝင်စားသူနည်းလာတယ်ကွယ့်”လို့ အသက် ၆၅ နှစ်အရွယ် ပုသိမ်မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးအသစ် ဖြစ်လာမယ့်သူတွေဟာ လက်ရှိမြေပြင်မှာ အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ စစ်မှုထမ်းဥပဒေအတွက်လူစုဆောင်းပေးရတာ၊ ငွေကြေးကောက်ခံတာနဲ့ ဧည့်စာရင်း စစ်ဆေးတာတွေကို တာဝန်ယူရမှာဖြစ်လို့ စိတ်ဝင်စားမှုနည်းနေကြတာလို့ သုံးသပ်ကြပါတယ်။ ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်း- ဂွ လမ်းပေါ်ရှိ အမြောက်တပ် အမတ (၃၄၄) တပ်ရင်းနဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချက်ကလည်း အဓိက အကြောင်းအရင်း ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
“ပြီးခဲ့တဲ့ ၂၀၁၂/၁၃ ရပ်ကျေးဥပဒေအတိုင်းတော့ လုပ်နေတာတွေ့ရပါတယ်။ ခုချိန်ထိတော့ မြင်သာမှုရှိတယ်ဆိုပေမဲ့ စိတ်ဝင်စားမှုအားတော့ နည်းပါတယ်။ ရွေးတာ အခုမှစ တာဆိုတော့
အောက်က ရွေးပေးတဲ့ အုပ်မှူးလောင်းကို အပေါ်က စိစစ်ခန့်အပ်မှု အနေအထားထိ စောင့်ကြည့်ပြီးမှ အခြေအနေမှန် ပိုသိရမယ်ထင်ပါတယ်။ ရေကြည်၃၄၄ အခြေအနေမကောင်းတော့ တချို့လည်းကြောက်လို့ နောက်ဆုတ်နေတာလည်းရှိပါတယ်”လို့ ဟင်္သာတက အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
တဘက်မှာလည်း မြို့နယ်တချို့မှာတော့ လူထုထောက်ခံမှုကို တိတိကျကျ ဆောင်ရွက်နေတာမျိုးလည်း ရှိနေတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ဘက်မှာတော့ လူငယ်တွေနဲ့ သက်ကြီးပိုင်းတော်တော်များများ ဝင်အရွေးခံကြပါတယ်။ လူကြီးတွေနဲ့လူငယ်တွေရဲ့ အားပြိုင်ပွဲပေါ့။ အခုထိတော့ ပွင့်လင်းမြင်သာမှုရှိပါတယ်။ အခုက ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးဖို့အတွက် ကြီးကြပ် ၅ ဦး ရွေးနေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ လတ်တလောက နေရာဒေသအလိုက် ရက်အတိအကျမဟုတ်ဘဲနဲ့ ဆောင်ရွက်နေကြတာပါပဲ။ ဒါပေမဲ့ ဘယ်နေ့အပြီးလုပ်ရမယ်ဆိုတဲ့ ဒိတ်တော့ရှိမယ်ထင်တယ်”လို့ ခမောက်မော်ဒေသခံ တဦးက ရှင်းပြပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ်မှာတော့ မေလ (၂၀) ရက်နေ့ကနေ စတင်ပြီး ဆယ်အိမ်မှူး၊ ရာအိမ်မှူး ရွေးချယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာဖြစ်သလို ရပ်/ကျေး အုပ်ချုပ်ရေးမှူးအသစ်တွေကို မေလကုန်ပိုင်းမှာ အပြီးသတ်ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။