ရုရှားနဲ့ တရုတ် ဆက်ဆံရေး အကောင်းဆုံးအခြေအနေရှိနေတယ်လို့ ပူတင်ပြော

မော်စကိုအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားတဲ့ကြားက တရုတ်ဟာ ရုရှားရေနံကို အများဆုံးဝယ်ယူနေဆဲဖြစ်သလို အဓိက မဟာမိတ်လည်း ဖြစ်နေဆဲပါ။

 

၂၀၊ မေ။

 

ရုရှားသမ္မတပူတင်က ဘေကျင်းမှာပြုလုပ်တဲ့ တွေ့ဆုံပွဲအတွင်း ရုရှားနဲ့ တရုတ် နှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ မကြုံစဖူးလောက်အောင် အမြင့်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ တရုတ်သမ္မတ ရှီကျင်းဖျင်ကို ပြောလိုက်ပါတယ်။

 

ဒါပေမဲ့ ဘေကျင်းဘက်ကတော့ စကားလုံးအသုံးအနှုန်းကို ပိုပြီး သတိထားနေပါတယ်။ ရှီကျင့်ဖျင်အနေနဲ့ မော်စကိုနဲ့ ရင်းနှီးတဲ့ပုံစံမျိုး ပြချင်ပေမဲ့ လုံးဝကြီး ကပ်သွားတာမျိုးတော့ မဖြစ်စေချင်ဘူးလို့ သုံးသပ်နေကြပါတယ်။

 

မော်စကိုအပေါ် အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားတဲ့ကြားက တရုတ်ဟာ ရုရှားရေနံကို အများဆုံးဝယ်ယူနေဆဲဖြစ်သလို အဓိက မဟာမိတ်လည်း ဖြစ်နေဆဲပါ။

 

တရုတ်ရဲ့ ငွေကြေးနဲ့ နည်းပညာသာမရှိရင် ပူတင်အစိုးရရဲ့ ရေရှည်ရပ်တည်ရေးဟာ မေးခွန်းထုတ်စရာ ဖြစ်လာလိမ့်မယ်လို့ ဘီဘီစီကမ္ဘာ့ရေးရာစောင့်ကြည့်လေ့လာရေးအဖွဲ့ ရဲ့ အကြီးတန်းသရုပ်ခွဲလေ့လာသူက ရေးသားထားပါတယ်။

 

ပူတင်အနေနဲ့ကတော့ အခုဆက်ဆံရေးကို ပိုပြီးခိုင်မာအောင် လုပ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး တရုတ်နိုင်ငံကို သဘာဝဓာတ်ငွေ့ကုဗမီတာ ဘီလီယံ ၅၀ အထိ ပို့လွှတ်ပေးနိုင်မယ့် ပိုက်လိုင်းအသစ်တခု တည်ဆောက်ရေးကိစ္စဟာလည်း ဆွေးနွေးမယ့်အစီအစဉ်တွေထဲမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။

 

တဘက်မှာလည်း အမေရိကန်သံတမန် စတိဗ် ဝစ်ကော့ဖ်ဟာ မကြာခင်ကာလအတွင်း ရုရှားနိုင်ငံကို သွားရောက်ဖို့ ရှိနေတယ်လို့ ရုရှားသံတမန် ကီရီလ် ဒီမစ်ထရီယက်ဗ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှားနိုင်ငံပိုင်မီဒီယာတွေက ဖော်ပြထားပါတယ်။

 

ဝစ်ကော့ဖ်ဟာ ငြိမ်းချမ်းရေးမစ်ရှင်ဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ယူထားရသူဖြစ်ပြီး ရုရှား-ယူကရိန်း သံတမန်ရေးရာ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနေရသူလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း သူဟာ ဒေါ်နယ်ထရမ့်ရဲ့ သမက်ဖြစ်သူ ဂျာရက် ကူးရှ်နာနဲ့အတူ မော်စကိုမြို့ကို ရောက်ခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်ဟာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ပူတင်နဲ့ နာရီပေါင်းများစွာ ကြာအောင် ဆွေးနွေးခဲ့ကြတာပါ။

 

ဒါပေမဲ့လည်း အဆိုပါ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်မျိုး ရဖို့ကတော့ အခုထိ ရေရေရာရာ မရှိသေးပါဘူး။ ဝစ်ကော့ဖ်ကတော့ သူ ရုရှားနိုင်ငံကို အကြိမ်ကြိမ် သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေကတဆင့် ပူတင်နဲ့ ခင်မင်ရင်းနှီးမှုရရှိခဲ့တယ်လို့ ပြောထားပါတယ်။

Ref – BBC