နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ရတာ လွယ်သလား

“သက်တမ်းတိုးက ၉ ထောင်တဲ့။ ကျွန်မမှာ ငွေပိုမရှိဘူး။ ထပ်ချေးရအောင်လည်း အတိုးချည်းပဲ တလ ၃ ထောင်ကို ကျွန်မ ဘယ်လိုဆပ်ရမလဲ။”

၁၇ ၊ မေလ

File photo: Burmese migrant workers on a construction site in Phuket. Photo: Luke Duggleby/HaRDstories

ဒီဆောင်းပါးကို HaRDstories နဲ့ Delta News Agency တို့ ပူးပေါင်းရေးသားပြီး Canada Fund for Local Initiatives ရဲ့ ပံ့ပိုးမှုနဲ့ တင်ဆက်ပါတယ်။

-(ဒီဆောင်းပါးမှာ ပါဝင်သူတွေဟာ လုံခြုံရေးအရ ထိရှလွယ်တဲ့ ဧရိယာဖြစ်တဲ့ ထိုင်းမြန်မာနယ်စပ် အနီးမှာ နေထိုင်ကြသူတွေဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ ဥပဒေမဲ့ ဖမ်းဆီးထောင်ချမှု၊နေအိမ်ချိတ်ပိတ် သိမ်းဆည်းမှုတွေကို စိုးရွံ့နေကြသူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အမည်အရင်းတွေကို မဖေါ်ပြဖို့ တောင်းဆိုခဲ့ကြပါတယ်။DNA အနေနဲ့ သတင်းရင်းမြစ်တွေရဲ့ နာမည်အရင်းတွေအစား အမည်လွှဲ၊အမည်မဖေါ်လိုသူ စတဲ့နာမ်းစားတွေကိုသာ သုံးစွဲသွားမှာ ဖြစ်ပါတယ်။)

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ကဘီဘမ်းကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ငြိမ်းချမ်း(အမည်လွှဲ) တယောက် အဲ့ဒီကျေးရွာထဲက ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ အုတ်၊ သဲ၊ ကျောက် သယ်တဲ့အလုပ်ကို လုပ်ကိုင်နေပါတယ်။

ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနဲ့ အရပ်လည်း ၅ ပေမပြည့်ပေမယ့် မြန်မာပြည်တွင်းမှာ ဖမ်းဆီးထောင်ချ ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားဖြစ်သူ ခင်ပွန်းရဲ့ ထောင်ဝင်စာအတွက် ခွန်အားတွေဟာ သူ့ဆီမှာ စီးဆင်းနေသလိုမျိုး နေ့အပူချိန် ၃၇ ဒီဂရီစင်တီဂရိတ် အောက်မှာ သူ့တာဝန်တွေကို သေသေချာချာ လုပ်ကိုင်နေပါတယ်။

တရက်ကို နေ့စားခ ဘတ် ၃၅၀ ရရှိပေမယ့် ဒီလုပ်ငန်းခွင်မှာ ၁၀ ရက်တာပဲ အလုပ်လုပ်ရမှာပါ။ ဒီကနေ အလုပ်နားတဲ့အခါ နောက်ထပ် အလုပ်တခု ဆက်ရဖို့အတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ နီးစပ်တဲ့ အလုပ်သမားခေါင်းဆောင်ကို လက်ဖက်ရည်ဖိုးလို့ခေါ်တဲ့ အလုပ်ရှာပေးခ ဘတ် ၅၀၀ ပေးရဦးမှာ ဖြစ်ပါတယ်။

“ဒီအလုပ်မှာ ကျွန်မတို့က အမြဲတမ်း မလိုဘူးလေ။ လိုတဲ့အချိန်လောက်ကိုပဲ ရက်တွက်ပြီး ခေါ်ကြတာ။ စက်ရုံအလုပ်ကျတော့ ဒီအလုပ်လောက်မရဘူး။ ပြီးတော့ ကျွန်မက စက်လည်းမချုပ်တတ်ဘူး ” လို့ မြန်မာပြည်ကနေ သားတယောက် သမီးတယောက်နဲ့အတူ မိသားစုလိုက် စစ်အာဏာရှင်လက်က လွတ်အောင် ထွက်ပြေးလာခဲ့ရတဲ့ ဒေါ်ငြိမ်းချမ်းက ပြောပါတယ်။

ညနေ ၆ နာရီ အလုပ်ကအပြန်မှာ သားနဲ့သမီးကို ကျူရှင်ကနေ ဝင်ခေါ်ပါတယ်။ ပြီးတော့ ရပ်ကွက်ဈေးဆိုင်လေးကနေ နောက်တနေ့စာ ချက်ပြုတ်ဖို့အတွက် ဈေးဝင်ဝယ်ပါတယ်။

မြန်မာငပိထောင်းဘူး တဘူး။ အသင့်စား ခေါက်ဆွဲခြောက်ထုတ် ၁၀ ထုတ်တွဲတတွဲ။ ကန်စွန်းရွက်၊ မုန့်ညှင်းရွက်နဲ့ ကြက်သားကြိတ်သား အနည်းငယ်စသဖြင့် ဘတ် ၁၀၀ ဖိုးဝန်းကျင် ဝယ်ပြီးတဲ့နောက်မှာ ငွေရှင်းလိုက်ပါတယ်။

အသက် ၁၁ နှစ်အရွယ် သမီးလေးနဲ့ ၈ နှစ်အရွယ် သားဖြစ်သူအတွက် ဘာမုန့်စားမလဲလို့ သူမေးလိုက်ပေမယ့် ကလေးတွေကတော့ ဘာမှဝယ်ယူခြင်းမရှိပါဘူး။

“ သူတို့သိတယ်လေ။ သူတို့အဖေကို ထောင်ဝင်စာပို့ဖို့ရော ပြီးတော့ ကျွန်မ ဘတ်သက်တမ်း တိုးတာမှာလည်း အကြွေးတင်နေတော့ အဲ့ဒါကိုလည်း ဆပ်ရဦးမှာ ” လို့ ဒေါ်ငြိမ်းချမ်းက ရှင်းပြပါတယ်။

ဒေါ်ငြိမ်းချမ်းဟာ မြန်မာနိုင်ငံမှာ ပြန်တမ်းဝင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပဲခူးမြို့နယ်ထဲက ကျေးရွာကြီးတခုမှာ တင့်တောင်းတင့်တယ် နေထိုင်ခဲ့သူဖြစ်ပါတယ်။ အမျိုးသားဖြစ်သူဟာလည်း အထက်တန်းပြ ဆရာတဦးဖြစ်ခဲ့ပြီး သူ့ဒေသမှာတော့ စာသင်ကောင်းတယ်လို့ နာမည်ရှိတဲ့သူ တဦးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ရဲ့ အာဏာသိမ်းတာကို လက်မခံနိုင်တာကြောင့် ဇနီးမောင်နှံ နှစ်ဦးစလုံး အကြမ်းမဖက် အာဏာဖီဆန်ခြင်း (CDM) ပြုလုပ်ခဲ့ကြသလို တော်လှန်ရေးမှာလည်း ကျရာနေရာက ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမျိုးသားဖြစ်သူ အဖမ်းခံခဲ့ရပြီး ဒေါ်ငြိမ်းချမ်းကိုပါ ဖမ်းဆီးဖို့လုပ်ဆောင်ခဲ့ ကြတာကြောင့် ကလေးတွေကိုခေါ်ပြီး မဲဆောက်ကို တိမ်းရှောင်လာခဲ့တာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်ခံလိုက်ရတာကြောင့် လက်ဝတ်လက်စား(ရွှေထည်)အနည်းငယ်နဲ့ ရေရှည်ရပ်တည်စားသောက်ဖို့ မလွယ်တဲ့ အခါမှာ အသက် ၄၀ ကျော်အရွယ် ဒေါ်ငြိမ်းချမ်းဟာ ရရာအလုပ်တွေကို လုပ်ကိုင်ရ ပါတော့တယ်။

ဒီလိုနေထိုင် လုပ်ကိုင်လာရင်း တရားဝင် အလုပ်လုပ်ခွင့် ၊ နေထိုင်ခွင့် ရဖို့အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဖွင့်တဲ့ ပန်းရောင်ကဒ် ပြုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။

ကျန်းမာရေးနဲ့ အရေးပေါ် လိုအပ်လာရင် သုံးဖို့ဆိုပြီး စုဆောင်းသိမ်းဆည်းထားတာတွေကို ရောင်းချပြီး မြန်မာဘတ်ပွဲစားတဦးဆီကို ယုံကြည်ပြီး ကြိုတင်ငွေ ချေခဲ့ပေမယ့် အဲ့ဒီပွဲစားဟာ ငွေတွေကို လိမ်လည်သွားခဲ့ပါတယ်။

“ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာတဲ့။ ကိုယ်ယုံကြည်ရာ လျှောက်ခဲ့ပြီးမှ မငြီးငြူချင်ဘူး။ ကလေးတွေကို ကျောင်းထားနိုင်ဖို့ အမျိုးသားကို ထောင်ဝင်စာပို့နိုင်ဖို့ အခုတော့ အကြွေးဆပ်နိုင်ဖို့ရောပေါ့ ” လို့ ဒေါ်ငြိမ်းချမ်းက ဆိုပါတယ်။

ဝါ့ပါမစ်အတွက် လက်ဗွေနှိပ်ခါနီးမှာ လိမ်လည်သူက ထွက်ပြေးသွားခဲ့တာကြောင့် ဘတ်လို့ခေါ်တဲ့ ပန်းရောင်ကဒ်ကို VIP လမ်းကြောင်းလို့ခေါ်တဲ့ အဆမတန်များတဲ့ ဈေးနူန်းနဲ့ ထပ်မံပြုလုပ်ခဲ့ရပါတယ်။ ပတ်စ်ပို့စာအုပ်ရှိတာကြောင့် VIP လမ်းကြောင်းနဲ့ ဘတ် ၁၇၀၀၀ အကုန်ကျခံပြီး ဝါ့ပါမစ်ရလာချိန်မှာ ပတ်စ်ပို့ထဲကို ဗီဇာထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း ဘတ် ၂၁၀၀၀ ကုန်ကျခဲ့ရပါတယ်။

ဒီလိုအခြေအနေတွေကြောင့် သားအမိသုံးဦးဟာ အသုံးစရိတ်တွေ ချုံ့နိုင်ဖို့အတွက် ဘတ် ၂၅၀၀ တန်အိမ်ခန်းလေးကနေ ဘတ် ၈၀၀ တန် အခန်းလေးဆီကို ပြောင်းရွေ့ခဲ့ရပါတယ်။ အဲ့ဒီအခန်းလေးဟာ ၈ ပေ ၁၀ ပေကျယ်ဝန်းပြီး ချက်ပြုတ်စားသောက်ဖို့ နေရာလေးကို သေးသေးလေး လုပ်ထားပါတယ်။ ကျန်နေရာမှာ အိပ်ယာနဲ့ အဝတ်အစားပုံးလေးတွေ နေရာချထားပါတယ်။

အခန်းတွင်းမှာ အသုံးပြုဖို့လျှပ်စစ်မီးအဖြစ် နှစ်ပေချောင်း နှစ်ချောင်းနဲ့ ပန်ကာတို့ ဖုန်းတို့အားသွင်းနိုင်ဖို့ ပလပ်ခုံ တခု ရှိပါတယ်။ ဒါပေမယ့် လျှပ်စစ်နဲ့ချက်ပြုတ်စားဖို့အတွက်တော့ ခွင့်ပြုမထားပါဘူး။ ရေချိုးဖို့နေရာကတော့ အုတ်ကန်ကြီး နှစ်ကန်ကို ကြားမှာမိုးကာစ ခြားထားပြီး တဖက်မှာ အမျိုးသားတွေချိုး တဖက်မှာ အမျိုးသမီးတွေ ချိုးရပါတယ်။ အိမ်သာကိုလည်း စုပေါင်း အသုံးပြုရပြီး သူတို့အခန်းတွဲမှာ အခန်းစုစုပေါင်း ၄၀ ရှိပေမယ့် အိမ်သာကတော့ ၁၇ လုံးပဲရှိပါတယ်။

“ ဒီကိုပြောင်းဖို့ အများကြီး တွေဝေခဲ့ရတာ။ သမီးက အပျိုဖြစ်တော့မှာ။ ကျွန်မ ခဏခဏ မျက်ရည်ကျတယ်။ ကလေးတွေက သိတတ်နားလည်လွန်းလေ ကျွန်မပိုပြီး နာကျင် ဝမ်းနည်းရလေပဲ ” လို့ ဒေါ်ငြိမ်းက ပြောပါတယ်။

ဒါအပြင် လက်ရှိအချိန်ဟာ ဘတ်သက်တမ်းတိုးရမယ့် အချိန်ဖြစ်နေပြီး အရင်က ဘတ်လုပ်ဖို့အတွက် ၁၀ တိုးနဲ့ ချေးယူထားငွေကိုတောင် လစဉ်အတိုးပဲ ဆပ်နိုင်သေးတာကြောင့် မတ်လ ၃၁ ရက်နေ့အမီ သက်တမ်းတိုးဖို့ ကိစ္စကို လုပ်ရမလား မလုပ်ရဘူးဆိုတာ သူဆုံးဖြတ်ရ ခက်နေဆဲပါပဲ။

“ သက်တမ်းတိုးက ၉ ထောင်တဲ့။ ကျွန်မမှာ ငွေပိုမရှိဘူး။ ထပ်ချေးရအောင်လည်း အတိုးချည်းပဲ တလ ၃ ထောင်ကို ကျွန်မ ဘယ်လိုဆပ်ရမလဲ။ အဖွဲ့အစည်းတွေကိုတော့ ပြောကြည့်ထားပေမယ့်လည်း ခုထိဘာမှ အကြောင်းမပြန်ကြသေးဘူး ” လို့ သူက ရှင်းပြပါတယ်။

တကယ်တော့ ပန်းရောင်ကဒ်လို့ အလွယ်ခေါ်ကြတဲ့ ထိုင်းနိုင်ငံအတွင်း အခြေခံအလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်ခွင့်ကဒ်ကို အလုပ်ရှင်နဲ့ ကိုယ်တိုင်ပြုလုပ်မယ်ဆိုရင် ကုန်ကျစရိတ်ဟာ ဘတ် ၃၇၈၀ ပဲကျသင့်မှာဖြစ်ပါတယ်။

ဒါပေမယ့် အလုပ်ရှင်တွေဟာ အလုပ်သမားခေါ်တဲ့အခါ အထောက်အထား ရှိသူတွေကိုသာ ခေါ်တာကြောင့် သူဌေးငှားတွေ၊ ပွဲစားတွေနဲ့ ပြုလုပ်ကြရပါတယ်။ ဒီအခါမှာ ကုန်ကျစရိတ်ဟာ အနိမ့်ဆုံး ဘတ် ၇၅၀၀ ဖြစ်လာခဲ့ပါတယ်။

ဒါအပြင် တချို့အလုပ်ရှင်တွေဟာ ပွဲစားတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ဘတ်ကို ဒီပွဲစားနဲ့ရိုက်ရင် အလုပ်ခေါ်မယ် ဆိုတာမျိုးတွေလည်း ရှိပါတယ်။ဒီထဲမှာမှ ဒေါ်ငြိမ်းချမ်းတို့လို အလိမ်ခံရတဲ့ သူတွေဟာ ရတဲ့နည်းနဲ့ အထောက်အထားရဖို့ ကြိုးစားရတာကြောင့် ကုန်ကျစရိတ်ဟာ အဆမတန်များပြားရတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။

“တကယ်တော့ ပြောရရင် ဘတ်လုပ်ရတဲ့ လုပ်ငန်းစဉ်တွေက ရှုပ်ထွေးတာ။ ကိုယ့်ဘာသာလုပ်ရင် အချိန်ကြာတာ။ ခဏခဏ ချိန်းတိုင်းသွားရတာမျိုးတွေဖြစ်တာ။ ဘာသာစကားနားမလည်ကြတာတွေကြောင့် ပွဲစားတွေကို အားကိုးရတဲ့ အခြေအနေ ဖြစ်လာတာ ” လို့ ရွေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN)ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီလုပ်ငန်းစဉ်တွေဟာ ရှုပ်ထွေးတာကြောင့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတွေကို ပြောင်းလဲပေးဖို့ MWRN အပါအဝင် ထိုင်းအခြေစိုက် ရွေ့ပြောင်းအရေး လှုပ်ရှားကြသူတွေက ၂၀၁၅ ခုနှစ်ကတည်းက တောင်းဆိုမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘတ်လုပ်မယ့် သူတဦးဟာ သူဌေးလို့ခေါ်ကြတဲ့ အလုပ်ရှင်ရှိဖို့ လိုအပ်ပါတယ်။ မရှိရင် သူဌေးငှားရပါမယ်။ သူဌေးရှိပြီဆိုရင် အရင်ဆုံး နာမည်စာရင်း သွင်းရပါမယ်။ ပြီးတဲ့အခါ ကျန်းမာရေး အာမခံ လုပ်ရပါမယ်။ ဒီလိုကျန်းမာရေး အာမခံလုပ်ဖို့အတွက် သက်ဆိုင်ရာ ဆေးရုံတွေမှာ ဆေးစစ်ရပါမယ်။ ပြီးတဲ့အခါမှာတော့ ဝါ့ပါမစ်ကြေး ပေးသွင်းရပါမယ်။ တကယ်တော့ ဒီအဆင့်ဟာ ထိုင်းလူမျိုး အလုပ်ရှင်တွေ အတွက်ကိုပါ ရှုပ်ထွေးစေတယ်လို့ ရွေ့ပြောင်း အလုပ်သမားရေး လှုပ်ရှားကြသူတွေက ဆိုပါတယ်။

ဒီဝါ့ပါမစ်အတွက် ပေးသွင်းရမယ့်ငွေကို ဝက်ဘ်ဆိုက်ကနေ ဖြည့်သွင်းပြီး 7/11 ဈေးဆိုင်တွေမှာ သွားရောက် ပေးချေရမှာ ဖြစ်ပါတယ်။

ချိန်းဆိုထားတဲ့ရက်မှာ အလုပ်သမားရုံးမှာ ဝါ့ပါမစ် စာရွက်သွားယူပြီးတဲ့နောက် လူဝင်မှုကြီးကြပ်ရေးရုံး (လ.ဝ.က)မှာ လက်ဗွေနှိပ်၊ မျက်လုံးစကင်န်ဖတ်ပြီး ဓာတ်ပုံရိုက်ရပါမယ်။ ပြီးရင် အတည်ပြုပြီးမယ့် အချိန်ကို စောင့်ပြီး စာရွက်စာတမ်းတွေကို ပြန်ယူရပါမယ်။

အဲ့ဒီနောက်မှာတော့ သက်ဆိုင်ရာ မြို့နယ်ရုံးမှာ ရက်ချိန်းယူပြီး ပန်းရောင်ကဒ် ရိုက်နှိပ်ဖို့ မြို့နယ်ရုံးကို သွားရောက်ရပါမယ်။

ဒီလိုအဆင့်ဆင့်တွေအတွက် ရက်တွေ၊ အချိန်တွေ ခဏခဏပေးနေရသလို လုပ်ငန်းစဉ် အဆင့်ဆင့်တိုင်းမှာလည်း လုပ်ဆောင်ရတာတွေ ရှုပ်ထွေးတာကြောင့် အလုပ်ရှင်တချို့ကိုယ်တိုင်က ဘတ်လုပ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို အပ်ကြတာတွေ ရှိပါတယ်။ဒါကြောင့် သူဌေးအငှားနဲ့ အထောက်အထားရရှိဖို့အတွက် ကြိုးစားကြတဲ့သူတွေက ပိုမိုခက်ခဲတဲ့ အခြေအနေ ဖြစ်နေတာပါ။

“ တကယ်တော့ အဲ့ဒီဘတ်လုပ်တဲ့ လုပ်ငန်းစဉ်တွေအပြင် သက်တမ်းတိုးတာ၊ CI လုပ်တာ အဲ့ဒါတွေကလည်း ရှုပ်ထွေးတယ်။ အဲ့တော့ ခြုံပြောရရင် ဘတ်လုပ်ငန်းစဉ် တခုလုံးဟာ ရှုပ်ထွေးလွန်းတယ် ” လို့ AAC (လက်တွဲကူညီ)ရဲ့ ဒါရိုက်တာဖြစ်သူ ဦးခိုင်ကြီးက ဆိုပါတယ်။

ဒီလိုရှုပ်ထွေးရခြင်းတွေမှာမှ မကြာခဏ မူဝါဒတွေက ပြောင်းလဲမှုတွေကလည်း ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်နေသူတွေကို ငွေတောင်းကောင်းအောင် လုပ်ဆောင်နေတာနဲ့ တူတယ်လို့ သူက စွပ်စွဲထားပါတယ်။

“ဒီနှစ်ဆိုရင် သက်တမ်းတိုးကို ၁ နှစ်ပေးမှာလိုလို ၂ နှစ်ပေးမှာလိုလိုတွေ လုပ်တယ်။ နောက်တခါ Calling စာ အလုပ်ခေါ်စာပေါ့လေ အဲ့ဒီစာရွက်လည်း လိုတယ်ဆိုပြီး လုပ်တယ်။ ဒါတွေက တကယ်တော့ လ.ဝ.က က အလုပ်သမားဝန်ကြီးဌာနကို လှမ်းရစ်တာပဲ။ ဒါပေမယ့် ဘာမဟုတ်တဲ့ အဲ့ဒါလေး ပိုတာနဲ့ တချို့ပွဲစားတွေက ငွေတိုးတောင်းကြတော့တာပဲ ” လို့ ဦးခိုင်ကြီးက ရှင်းပြပါတယ်။

၂၀၂၄ ခုနှစ်မှာ ဘတ်ပြုလုပ်ခဲ့ပြီး ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်မှာ ဝါ့ပါမစ်ကုန်ဆုံးကြမယ့်သူတွေအတွက် သက်တမ်းလုပ်ငန်းစဉ်လုပ်နိုင်ဖို့ ထိုင်းအစိုးက ပိုမိုလွယ်ကူနိုင်မယ့် လမ်းစဉ်ဖြစ်တဲ့ အွန်လိုင်းကနေ သက်တမ်းတိုးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမယ့် နည်းပညာဆိုင်ရာ အားနည်းချက်တွေကြောင့် ဝဘ်က်ဆိုဒ်ကျသွားခဲ့ပြီး သက်တမ်းတိုး လုပ်ငန်းစဉ်တွေဟာလည်း လပိုင်းမျှ ရပ်ဆိုင်းသွားခဲ့ရပါတယ်။ ဒါဟာ ပွဲစားတွေအတွက်တော့ ငွေတောင်းကောင်းတဲ့ အခြေအနေကို ဖြစ်လာစေပါတယ်။

File photo : A Burmese mother and daughter eat breakfast outside their accommodation in Lam Kaen, Phang Nga provide. Luke Duggleby/HaRDstories

ဒီလိုနဲ့ ဘတ်သက်တမ်းတိုးဖို့အတွက်ကုန်ကျစရိတ်ဟာ အနိမ့်ဆုံး ဘတ် ၉၀၀၀ ဖြစ်လာခဲ့ပါတယ်။ CI ဒါမှမဟုတ် ပတ်စ်ပို့ထဲ ဗီဇာထည့်အပြီးဆိုရင် အနိမ့်ဆုံး ဘတ် ၁၂၀၀၀ ကုန်ကျနိုင်ပါတယ်။ ဒါပေမယ့် ၁ နှစ်ကို ဘတ် ၃၀၀၀ ဝန်းကျင်နဲ့ ၂ နှစ်ကို ၆၀၀၀ ဝန်းကျင် ကျသင့်မယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပြီးသားပါ။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကတော့ ဘတ်သစ်ပြုလုပ်ခြင်းနဲ့ သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်တွေကို အလုပ်ရှင်ရှိသူတွေ အနေနဲ့ ကိုယ်တိုင်ပြုလုပ်ကြဖို့ မကြာခဏတိုက်တွန်းလေ့ရှိပါတယ်။

ဒါပေမယ့် အရင်ဆုံးရင်ဆိုင်ရာတဲ့ အခက်အခဲဟာ ဘာသာစကားဖြစ်ပြီး ဒုတိယကတော့ လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုတွေ ဖြစ်တယ်လို့ ဦးခိုင်ကြီးက ထောက်ပြပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားမဝင် မြန်မာရွေ့ပြောင်းပေါင်း သိန်းနဲ့ချီရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ခန့်မှန်းထားကြပြီး ဒီလူတွေဟာ နှစ်စဉ်နှစ်တိုင်း ဘတ်ဖွင့်ချိန်မှာ တရားဝင် အထောက်အထားရဖို့ ကြိုးစားပြုလုပ်ကြပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်စဉ် ဘတ်သစ်ပြုလုပ်တဲ့ ရွေ့ပြောင်းလုပ်သားပေါင်း ၁ သိန်းနီးပါးရှိပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသားဟာ ၈၀ ရာခိုင်နူန်းပါဝင်နိုင်တယ်လို့ လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF)မှာ အလုပ်လုပ်ကိုင်နေတဲ့ အမည်မဖော်လိုသူ တဦးက ဆိုပါတယ်။

ဒီမြန်မာနိုင်ငံသား ၈၀ ရာခိုင်နူန်းထဲမှာ မဲဆောက်ကနေ ဘတ်ပြုလုပ်ကြသူတွေဟာ အနည်းဆုံး ၃၀ ရာခိုင်နူန်း ရှိနိုင်တယ်လို့ သူကဆက်ပြီး ခန့်မှန်းထားပါတယ်။ ဒါဟာ ဘတ်သစ်ပြုလုပ်သူတွေသာဖြစ်ပြီး သက်တမ်းတိုး ပြုလုပ်မယ့်သူ အရေအတွက် မပါဝင်သေးပါဘူး။

ဒီအရေအတွက်ဟာ နှစ်စဉ်နှစ်တိုင်း ထိုင်းအစိုးရကို အခွန်ဆောင်ပေးနေတဲ့ နည်းတူ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်ကြသူတွေ၊ ပွဲစားတွေကိုလည်း သူဌေးဖြစ်အောင် လုပ်ပေးနေကြရတာနဲ့ တူတယ်လို့ ဆိုပါတယ်။

“ဘတ်ရိုက်တယ်။ ဝါ့ပါမစ်ရတဲ့အချိန် အလုပ်လုပ်တော့မယ့် အချိန်က သက်တမ်းတိုးရမယ့် အချိန်ဖြစ်သွားပြီ။ သက်တမ်းတိုးဖို့ CI ဖွင့်ဖို့စောင့်ရတယ်။ ဟော သက်တမ်းတိုးတယ်။ သက်တမ်းတိုး ဝါ့ပါမစ်ရတဲ့အချိန်က သက်တမ်းတဝက်လောက် ကုန်သွားပြီ။ ဒါတွေဟာ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲဖြစ်တယ်လို့ ဘယ်လောက်ဆိုဆို ဒီအခြေအနေဟာ အာဏာမသိမ်းခင်ကတည်း ဖြစ်နေခဲ့တာ။ ခုတော့ အထောက်အထားမဲ့တွေ အပြုံလိုက်ပြန်ဝင်လာတော့ ပိုဆိုးလာတာပေါ့ ” လို့ သူက ရှင်းပြပါတယ်။

ဒီလိုလုပ်ငန်းစဉ်တွေ၊ ကုန်ကျစရိတ်တွေကြားမှာ အလိမ်ခံလိုက်ရသူတွေဟာလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ မဲဆောက်တမြို့တည်းအတွင်း မြန်မာရွေ့ပြောင်းပေါင်း ၁၇၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။

ဒါပေမယ့် မတ်လ ၂၅ ရက်နေ့မှာ ဒေါ်ငြိမ်းချမ်းအတွက် သတင်းကောင်း တခုရောက်ရှိလာပါတယ်။ ဘတ်သက်တမ်းတိုး လုပ်ငန်းစဉ်လုပ်ကိုင်နိုင်ဖို့ အဖွဲ့အစည်းတခုကနေ အကူညီရရှိခဲ့တာပါ။ ဒါကြောင့် သက်တမ်းတိုးနဲ့ ဗီဇာထည့်ဖို့ ပွဲစားကို ဘတ် ၁၂၀၀၀ ပေးချေနိုင်ခဲ့ပါပြီ။

တနှစ်အတွင်းမှာ အကြွေးအကြေဆပ်နိုင်အောင် ကြိုးစားပြီးရင် သားနဲ့ သမီးအတွက် ဒီထက်ပိုလုံခြုံတဲ့ ရပ်ဝန်းတခုဆီကို ပြန်လည်ပြောင်းရွေ့ချင်တယ်ဆိုတာက သူ့ရဲ့မျှော်လင့်ချက်တွေထဲက တခုပါပဲ။

ဒါကြောင့် ဒီအကူအညီကို ရရှိတယ်လို့ သိရချိန်မှာ DNA ကိုဆက်သွယ်လာခဲ့တဲ့ ဒေါ်ငြိမ်းချမ်းရဲ့ အသံတွေဟာ တုန်ယင်နေခဲ့ပြီး “ ကျွန်မ ဝမ်းသာလွန်းလို့ မျက်ရည်ကျတွေကျနေတယ် သိလား ” တဲ့။

#LabourRights #Myanmar #MigrantWorkers
#CanadaFund #CanadafundinThailand
@canadainthailand
#HaRDstories, #hrdstories
@HRDStories
#DeltaNewsAgency #DNA
@deltanewsagency