
စီမံကိန်းတွေ လုပ်တယ်ဆိုတာက ကျားကို သိုးကျောင်းခိုင်းတာနဲ့ အတူတူပဲ။ ဘယ်သူတွေကို တာဝန်ပေးထားတာလဲ။ အဲ့ဒီလူတွေက အရင်က ဘာလုပ်ခဲ့တဲ့သူတွေလဲ။ အဲ့ဒါတွေကို ကြည့်ပြီး ဒီစီမံကိန်းက ဘယ်လောက် အောင်မြင်မလဲကို မှန်းရတာမျိုးပေါ့။
၆၊ မေလ။
ဧရာဝတီတိုင်း တခုလုံးမှာ အကောင်အထည်ဖော်ဖို့ စီစဉ်ထားတဲ့ Rice Export Zone နဲ့ ပတ်သက်လို့ ဧရာဝတီတိုင်းက လယ်သမားတွေ မျှော်လင့်နေပေမယ့် ဧရာဝတီတိုင်းမှာ စီမံကိန်းစပြီး ၃ လကျော်ကြာမြင့်တဲ့အထိ ထူးခြားမှု မရှိသေးပါဘူး။
“တကယ်တော့ သူတို့အကောင်အထည်ဖော်မယ်ဆို ဒီအချိန်က အချိန်ကောင်းပဲ။ လယ်သမားတွေ လယ်စိုက်ဖို့ ခက်ခဲနေချိန်မှာ ဒီစီမံကိန်းကို သေချာလုပ်သင့်တယ်။ ခုတော့ ဆီကိစ္စလည်း မဖြေရှင်းပေးနိုင်၊ ဈေးကိုလည်း မထိန်းထားပေးနိုင်၊ စီမံကိန်းလုပ်မယ်ဆိုတာကိုလည်း သေချာမလုပ်နိုင်နဲ့ လေထဲ တိုက်ဆောက်နေကြတာ ” လို့ ကျုံပျော်မြို့နယ်က တောင်သူလယ်သမားရေး ကူညီဆောင်ရွက်ပေးနေသူ တဦးက ဆိုပါတယ်။
ဒီစီမံကိန်းမှာ ဧရာဝတီတိုင်းက ခရိုင် ၈ ခုစလုံးပါဝင်ပြီး နေပြည်တော်၊ ရန်ကုန်၊ ပဲခူးစတဲ့ဒေသတွေက လယ်ဧကပေါင်း ၃ သိန်း ၄ သောင်းမှာ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်းနဲ့ စစ်အစိုးရက လယ် တဧကကို ၂ သိန်း ၅ သောင်းနူန်းနဲ့ စုစုပေါင်း ကျပ်ငွေ ၈၅ ဘီလီယံ သုံးစွဲသွားမှာဖြစ်တယ်လို့ ဆန်စပါးအဖွဲ့ချုပ်က ထုတ်ပြန်ထားတာပါ။
Rice Export zone မှာပါဝင်နိုင်ဖို့အတွက် လယ်ဧက ၁၀၀ တဆက်တစပ်တည်း စိုက်ပျိုးနိုင်ဖို့ လိုအပ်ပြီး ဇလွန်မြို့နယ်၊ မဟာသာလေး ကျေးရွာမှာတော့ ဇန်နဝါရီ ၂၈ ရက်နေ့က ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။
ဒါပေမယ့် လက်တွေ့လုပ်ဆောင်ရာမှာ အခက်အခဲတွေရှိနေသလို စိုက်ပျိုးရေးအတွက် ထောက်ပံ့မယ်ဆိုတဲ့ သွင်းအားစုတွေအပြင် စိုက်ပျိုးစရိတ်ချေးငွေတွေလည်း အပြည့်အဝ မရသေးတာကြောင့် စီမံကိန်းမှာ ပါဝင်နေတဲ့ လယ်သမားတွေ ဆက်လုပ်နိုင်ဖို့ ခက်ခဲနေကြပါတယ်။
“အခုက ကျွန်တော်တို့က စိုက်ပြီလားဆိုတော့ မစိုက်သေးဘူး။ မစိုက်သေးဘူးလားဆိုတော့လည်း စိုက်ဖို့ကို အကုန်လုံး သေချာပြင်ဆင်ပြီးပြီ။ ဧက ၁၀၀ တဆက်စပ်တည်း စိုက်ဖို့တွေရော လုပ်ထားပြီးပြီ။ ဒါပေမယ့် စိုက်ဖို့လိုတာတွေက ခုထိမရသေးဘူး ” လို့ ဇလွန်မြို့နယ်က Rice Export zone မှာပါဝင်တဲ့ လယ်သမားတဦးက ဆိုပါတယ်။
လယ်သမားတွေ လယ်ဆက်စိုက်နိုင်ဖို့ အတွက် စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့က ပူးပေါင်းပြီး စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ၄ သိန်း ၅ သောင်းနဲ့ သွင်းအားစုတွေ အကြွေးစနစ်နဲ့ ရရှိနိုင်ဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးခင်မြင့်က သူ့ရဲ့လူမှု ကွန်ရက်စာမျက်နှာမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ တောင်သူလယ်သမားရေး ကျွမ်းကျင်သူ မအူပင် ဦးစိန်ဝင်းက“ စီမံကိန်းတွေ လုပ်တယ်ဆိုတာက ကျားကို သိုးကျောင်းခိုင်းတာနဲ့ အတူတူပဲ။ ဘယ်သူတွေကို တာဝန်ပေးထားတာလဲ။ အဲ့ဒီလူတွေက အရင်က ဘာလုပ်ခဲ့တဲ့သူတွေလဲ။ အဲ့ဒါတွေကို ကြည့်ပြီး ဒီစီမံကိန်းက ဘယ်လောက် အောင်မြင်မလဲကို မှန်းရတာမျိုးပေါ့။ စီမံကိန်းလုပ်တဲ့ ရည်ရွယ်ချက် ဆိုတာက စာနဲ့ရေးထားရတာ လွယ်ပါတယ်။ တကယ်လုပ်နေလား ဆိုတာကို ကြည့်ရမှာ ” လို့ ဆိုပါတယ်။
ဆန်စပါးအဖွဲ့ချုပ်ကတော့ Rice Export zone နဲ့ပတ်သက်လို့ မတ်လ ၂၈ ရက်နေ့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားတာဟာ နောက်ဆုံးဖြစ်ပြီး စီမံကိန်းနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ဖော်ပြထားတာ မရှိပါဘူး။
ဒါအပြင် ဧရာဝတီတိုင်းအတွင်းမှာလည်း ဇလွန်မြို့နယ် မဟာသာလေး ကျေးရွာမှာ စီမံကိန်း အကောင်အထည်ဖော်ဖို့ ဆောင်ရွက်နေတယ် ဆိုတာကလွဲရင် ကျန်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ထားတာမျိုး မရှိပါဘူး။
ဟင်္သာတမြို့နယ်၊ ကျုံပျော်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ ဘိုကလေးနဲ့ အင်္ဂပူမြို့နယ်တွေက တောင်သူလယ်သမားရေး ကူညီဆောင်ရွက်ပေးနေကြသူတွေကတော့ Rice Export zone နဲ့ပတ်သက်တဲ့ သတင်းတွေကို သိရှိထားခြင်း မရှိဘူးလို့ DNA ကိုပြောပါတယ်။
ဧရာဝတီတိုင်းအတွက် နယ်မြေကို အပိုင်း ၃ ပိုင်းခွဲထားပြီး ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ လပ္ပတ္တာခရိုင် တို့အတွက် ဒေါက်တာစိုးထွန်း။ ကျုံပျော်ခရိုင်နဲ့ မအူပင်ခရိုင်တို့အတွက် ဦးကျော်ကျော်မိုး။ ဖျာပုံခရိုင်၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်တို့အတွက် ဦးလူမော်မြင့်မောင်တို့က ခေါင်းဆောင်အဖြစ် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။