
အမေရိကန်နဲ့ ဆွေးနွေးမှုတွေကနေ ရလဒ်တွေ မြန်မြန်ဆန်ဆန် ထွက်လာဖို့ မျှော်လင့်တာက ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂေးက ပြောပါတယ်။
၁၊ မေ။
အမေရိကန်ကသာ တိုက်ခိုက်မှုတွေ ပြန်စလာမယ်ဆိုရင် သူတို့ရဲ့ စခန်းတွေကို အရှိန်အဟုန် ပြင်းပြင်းနဲ့ အထိနာအောင် တုံ့ပြန်သွားမယ်လို့ အီရန်က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
ဒါ့အပြင် ဟော်မုဇ် ရေလက်ကြားကိုလည်း သူတို့ ပိုင်ဆိုင်ကြောင်း ထပ်မံအတည်ပြုလိုက်တာကြောင့် ရေလမ်းကြောင်းပြန်ဖွင့်ဖို့အတွက် ညွန့်ပေါင်းအဖွဲ့ ဖွဲ့ဖို့ ကြိုးစားနေတဲ့ အမေရိကန်ရဲ့ အစီအစဉ်တွေကို ပိုပြီး ခက်ခဲသွားစေပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲဖြစ်နေတာ နှစ်လရှိလာပြီဖြစ်ပေမဲ့ အရေးပါတဲ့ အဆိုပါ ပင်လယ်ရေလမ်းကြောင်းကတော့ ပိတ်ထားဆဲ ဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရရှိမှုရဲ့ ၂၀ ရာခိုင်နှုန်းလောက် ပြတ်တောက်နေပြီး ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ ထိုးတက်ကုန်သလို စီးပွားရေး ကျဆင်းသွားမှာကိုလည်း စိုးရိမ်မှုတွေ မြင့်တက်လာစေပါတယ်။
ဧပြီလ ၈ ရက်နေ့ကတည်းက အပစ်အခတ်ရပ်စဲရေး လုပ်ထားပေမဲ့ ပဋိပက္ခကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကတော့ ရှေ့မတိုးနိုင်ဖြစ်နေပါတယ်။
အီရန်ရဲ့ စီးပွားရေး အသက်သွေးကြောဖြစ်တဲ့ ရေနံတင်ပို့မှုကို အမေရိကန် ရေတပ်က ပိတ်ဆို့ထားတဲ့အတွက် အီရန်ကလည်းအဆိုပါ ရေလက်ကြားကို ပြန်ပြီး ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။
အီရန်ဘက်က အပစ်ရပ်ဖို့ ဆွေးနွေးလာအောင် စစ်ရေးအရ အသစ်တဖန် တိုက်ခိုက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီးအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကြာသပတေးနေ့မှာ အစီရင်ခံစာတခုကို စစတပ်အရာရှိတွေဆီကနေ နားထောင်ရဖို့ ရှိနေတယ်လို့ အမေရိကန် အရာရှိတဦးကရိုက်တာသတင်းဌာနကို ပြောပါတယ်။
အခုလို စစ်ရေးအရ ရွေးချယ်စရာတွေက အမေရိကန်ရဲ့ အစီအစဉ်ထဲမှာ အရင်ကတည်းက ရှိနေခဲ့တာပါ။
ဒါပေမဲ့ အဲဒီအစီရင်ခံစာ တင်ပြမယ်ဆိုတဲ့ သတင်းကို Axios သတင်းဝက်ဘ်ဆိုက်က ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ စတင်ဖော်ပြခဲ့တာကြောင့် ရေနံဈေးတွေ ချက်ချင်းတက်သွားပြီး Brent ရေနံတစည်ကို ၁၂၆ ဒေါ်လာကျော်အထိ ရောက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ၁၁၄ ဒေါ်လာဝန်းကျင်ကို ပြန်ကျသွားပါတယ်။
အမေရိကန်နဲ့ ဆွေးနွေးမှုတွေကနေ ရလဒ်တွေ မြန်မြန်ဆန်ဆန် ထွက်လာဖို့ မျှော်လင့်တာက ကျိုးကြောင်းဆီလျော်မှု မရှိဘူးလို့အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂေးက ကြာသပတေးနေ့ ညနေပိုင်းမှာ ပြောခဲ့ကြောင်းအစိုးရပိုင် IRNA သတင်းဌာနက ဖော်ပြပါတယ်။
“ကြားဝင်စေ့စပ်ပေးတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် အချိန်တိုအတွင်း ရလဒ်တခု ရလိမ့်မယ်လို့ မျှော်လင့်နေတာက ကျနော့်အမြင်အရတော့ သိပ်ပြီး လက်တွေ့မကျဘူး”လို့ သူက ပြောခဲ့တာပါ။
အီရန်မြို့တော် တီဟီရန်ရဲ့ တချို့နေရာတွေမှာ ကြာသပတေးနေ့ ညပိုင်းက လေကြောင်းရန်ကာကွယ်ရေး ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ Mehr သတင်းဌာနက ဖော်ပြပါတယ်။
လေကြောင်းရန်ကာကွယ်ရေး စနစ်တွေဟာ ဒရုန်းအသေးစားတွေနဲ့ ထောက်လှမ်းရေးယာဉ်တွေကို ပစ်ခတ်နေတာလို့ Tasnim သတင်းဌာနကလည်း ဆိုပါတယ်။
ဒေသတွင်း အခြေအနေတွေကြောင့် ယူအေအီးကလည်း သူတို့နိုင်ငံသားတွေကို အီရန်၊ လက်ဘနွန်နဲ့ အီရတ်နိုင်ငံတွေကို မသွားဖို့ ကြာသပတေးနေ့မှာ တားမြစ်လိုက်ပါတယ်။ အဆိုပါနိုင်ငံတွေမှာ ရောက်နေတဲ့သူတွေကိုလည်း ချက်ချင်းထွက်ခွာပြီး အိမ်ပြန်လာကြဖို့ တိုက်တွန်းထားပါတယ်။
အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် ပေးမှာမဟုတ်ဘူးလို့ သမ္မတထရမ့်က သတင်းထောက်တွေကို ကြာသပတေးနေ့မှာထပ်ပြောထားပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ရီပတ်ဘလီကန်ပါတီအတွက် အဓိက စိုးရိမ်စရာဖြစ်နေတဲ့ ဓာတ်ဆီဈေးနှုန်းတွေဟာ စစ်ပွဲပြီးတာနဲ့ ကျောက်ခဲတလုံး ကျသလိုမျိုး ထိုးကျသွားလိမ့်မယ်လို့လည်း ဆိုပါတယ်။
အီရန်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ပြောဆိုနေပေမဲ့လည်း အမေရိကန်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အီရန်အသင်း လာကစားမှာကိုတော့ သူက လက်ခံပါတယ်လို့ ပြောပါတယ်။
အီရန်အသင်း ပါဝင်ကစားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌက အခိုင်အမာ ပြောကြားထားပါတယ်။
Ref – Reuters