
ဒါက ပုံမှန်ဖြစ်စဉ်ပဲ။ မိုးကြိုကာလမှာ မိုးသက်လေပြင်း ကျတယ်ဆိုတာက ‘summer-storm’ ဟုခေါ်သော ‘နွေရာသီတွင် ဖြစ်ပေါ်တတ်သည့်မိုး သက်လေပြင်းများ’ ကြောင့်ပါဘဲ ”
၃၀၊ ဧပြီလ။
ဒီရက်ပိုင်းအတွင်း ဧရာဝတီတိုင်း အပါအဝင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ မိုးသက်လေပြင်း တိုက်ခတ်နိုင်ချေ မြင့်မားနေတာကြောင့် သစ်ပင်ကြီးတွေ အပါအဝင် ခိုင်ခန့်မှုမရှိတဲ့ အမိုးအကာတွေ၊ ဓာတ်တိုင်တွေ အောက်မှာ ၊ အနားမှာ နေထိုင်ခြင်း မပြုကြဖို့ မိုးဇလ ပညာရှင်တွေက အကြံပြုထားကြပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်နဲ့ သစ်ပင်တွေလဲကျပြီး နေအိမ်တချို့ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
“ ဒါက နှစ်တိုင်းလို သတိပေးနေရတဲ့ အခြေအနေပါ။ ခုလိုကာလကနေ မေ နောက်ဆုံးပတ်အထိ လေပြင်းတိုက်ခတ်တာတွေ၊ မိုးကြိုးပစ်တာတွေစတဲ့ ကိစ္စတွေက ဆက်တိုက်လို ရှိနေမှာ ကျွန်တော် အမြဲပြောနေသလိုပဲ မိုးတိမ်တောင်တွေ ဝင်လာပြီဆိုရင်ကို သတိထားဖို့လိုပြီ ” လို့ မြန်မာနိုင်ငံ မိုးဇလ ဌာနက ဝန်ထမ်းတဦးက ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုတွေကြောင့် သစ်ကိုင်းတွေကျိုးတာ၊ သစ်ပင်တွေလဲတာ၊ ဓာတ်တိုင်တွေလဲတာ၊ တချို့ခိုင်ခန့်မှု မရှိတဲ့ အိမ်တွေ၊ တဲတွေ ပြိုတာစတဲ့ လေပြင်းကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို သတိထားကြဖို့ လိုတယ်လို့လည်း သူက သတိပေးပါတယ်။
ဒါအပြင် ဓာတ်တိုင်လဲတာ၊ မီးကြိုးပြတ်ကျတာလိုမျိုး အခြေအနေတွေမှာ လျှပ်စစ် အန္တရာယ်ကိုပါ သတိထားသင့်တယ်လို့ ပြောပါတယ်။
ဒီလိုဖြစ်ရခြင်းနဲ့ ပတ်သက်လို့ “ ဒါက ပုံမှန်ဖြစ်စဉ်ပဲ။ မိုးကြိုကာလမှာ မိုးသက်လေပြင်း ကျတယ်ဆိုတာက ‘summer-storm’ ဟုခေါ်သော ‘နွေရာသီတွင် ဖြစ်ပေါ်တတ်သည့်မိုး သက်လေပြင်းများ’ ကြောင့်ပါဘဲ ” လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်က ရှင်းပြပါတယ်။
ဒီကနေ့မှာ ရန်ကုန်တိုင်းအတွင်းမှာလည်း လေပြင်းတိုတ်ခတ်ပြီး ဆိုင်ခန်းတွေ ပြိုပျက်တာ၊ သစ်ပင်တွေလဲ၊ သစ်ကိုင်းကျိုးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဧရာဝတီတိုင်းမှာ မိုးသက်လေပြင်း ကျရောက်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်နဲ့ ပတ်သက်လို့ DNA က မနေ့က ဧပြီ ၂၉ ရက်နေ့မှာ သတင်းထုတ်လုပ်ခဲ့ပါသေးတယ်။