ချောင်းသာမှာ ငါးဖမ်းစက်လှေတွေဆီက ငွေတောင်းတာတွေရှိနေ

“ဘာမှမပြောင်းလဲတဲ့ အစိုးရပဲဖြစ် တယ်။ အစိုးရသစ်လို့ ပြောနေပြီးတော့ ဒီလိုလုပ်ရပ်တွေ ဆက်လုပ်နေလို့တော့ မရဘူး”

၃၀၊ ဧပြီ။

ဧရာ၀တီတိုင်း ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေတလျှောက် ငါးဖမ်းသမားတွေဆီကနေ အုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်တပ်က မကြာခဏ ငွေတောင်းတာတွေ ရှိနေတဲ့အတွက် ငါးဖမ်းသမားတွေမှာ အဆင်မပြေ ဖြစ်နေကြပါတယ်။

“စက်လှေတစီး တခါတောင်းရင် တသိန်းကျော်၊ နှစ်သိန်းလောက် ပေးရတယ်။ ကမ်းဝေးတွေဆို ပိုများတယ်။ အဲဒါက တလတခါလို့ မဟုတ်ဘူး။ သူတို့ တောင်းချင်တဲ့ အချိန်လာတောင်းနေတော့ ခက်တယ်။ အထက်ကိုတိုင်ပေမယ့် ဘာမှမထူးဘူး” လို့ ချောင်းသာကမ်းခြေမှာ တနိုင်တပိုင် ငါးဖမ်းနေသူတဦးက ပြောပါတယ်။

ချောင်းသာမြို့ အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ကံကြီးတပ်စခန်းမှ စစ်တပ်အရာရှိတွေ၊ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းတွေက အဲဒီလို ငွေတောင်းနေကြတာလို့ ဆိုပါတယ်။ အဲဒီလို မကြာခဏ ငွေတောင်းနေတာကြောင့် ငါးဖမ်းသမားတွေကစုပြီး ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးကို သင်္ကြန်မတိုင်ခင်က တိုင်ကြားခဲ့ ကြပေမယ့်လည်း ဘာမှထူးမလာဘူးလို့ ပြောပါတယ်။

စက်သုံးဆီစျေးတွေ အဆမတန်တက်နေချိန် အဲဒီလို ငါးဖမ်းသမားတွေဆီကနေ ငွေတောင်းနေတာကြောင့် ငါးဖမ်း သမားတွေမှာ တွက်ခြေမကိုက် ဖြစ်နေရတယ်လို့ အထက်ပါငါးဖမ်းသမားက ပြောပါတယ်။ အဲဒီရဲ့ အကျိုးဆက် အနေနဲ့ ငါးစျေးတက်တွေ တက်လာတယ်လို့လည်း ချောင်းသာဒေသခံတွေက ပြောကြပါတယ်။

ချောင်းသာကမ်းခြေမှာ အိမ်ချက်ထမင်း လိုက်ရောင်းတဲ့ အမျိုးသမီးတဦးကလည်း “ငါးစျေးတွေ တော်တော်တက်တယ်။ ပုဇွန်၊ ပြည်ကြီးငါးတို့ဆို တအားစျေးမြောက်သွားတယ်။ ရောင်းနေရတာတောင် သိပ်မကိုက်တော့ဘူး။ စျေးအရမ်း တင်လိုက်ရင်လည်း အဆင်ပြေဘူးလေ။ လုပ်စားရတာ မလွယ်တော့ဘူး” လို့ ပြောပါတယ်။

စစ်တပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ချောင်းသာအပြင် ဘိုကလေး၊ ဖျာပုံမြုံ့နယ်တို့မှာလည်း ငါးဖမ်းသ မားတွေဆီကနေ အဲဒီလို ငွေတောင်းတာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။

“ဒီဘက်မှာ သုံးလတခါလောက် ပေးရတယ်။ တခါဆိုရင် ငါးသိန်း၊ ခြောက်သိန်းတောင် ပေးရတယ်တဲ့၊ အသိငါးဖမ်း လှေထွက်တဲ့သူတွေ ပြောပြတာ” လို့ ဘိုက လေးမြို့နယ်မှ အဲဒီအခြေအတွေကို သိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာ ဧရာ၀တီတိုင်းအတွင်း စက်သုံးတလီတာကို ကျပ်တသောင်းကနေ တသောင်းခွဲ ဝန်းကျင်ထိ စျေးရှိနေပြီး ငါးဖမ်းသမားတွေဟာ ဆီအခက်အခဲကြောင့် တွက်ခြေမကိုက် ဖြစ်နေကြရကာ အချို့ဆိုရင် ငါးဖမ်းလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ဆိုပါတယ်။

အဲဒီလိုအခြေအနေမှာ အခုလို သိန်းဂဏန်းရှိတဲ့ ငွေတောင်းတာတွေနဲ့ ကြုံနေကြရတာပါ။

ရေလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်း အဓိကလုပ်ကိုင်သက်မွေးကြတဲ့ ဧရာ၀တီတိုင်း အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အခြေခံစားသောက်ကုန်တွေ အပါအဝင် ရေလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းသွင်းအားစုတွေ အဆမတန် စျေးတက်လာခဲ့ကာ ထွက်ကုန်တွေ ရောင်းချဖို့လည်း စျေးကွက်အခိုင်အမာ မရှိတာကြောင့် ဒေသခံပြည်သူတွေ အကြပ်အတည်းများစွာနဲ့ ကြုံခဲ့ကြရတာဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ သူတို့စိတ်ကြိုက် ဖန်းတီးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ အစိုးရ သစ်ဖွဲ့ပြီး နောက်မှာလည်း အခုလို ငွေတောင်းတာတွေ ဆက်ရှိလာနေတာပါ။ “ဘာမှမပြောင်းလဲတဲ့ အစိုးရပဲဖြစ် တယ်။ အစိုးရသစ်လို့ ပြောနေပြီးတော့ ဒီလိုလုပ်ရပ်တွေ ဆက်လုပ်နေလို့တော့ မရဘူး” လို့ ဧရာ၀တီတိုင်း ဟင်္သာတမြို့နယ်မှ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။