လာမယ့် အမေရိကန်နဲ့တရုတ် ထိပ်သီးဆွေးနွေးပွဲမှာ ထိုင်ဝမ်အရေးက ထိပ်ဆုံးကရှိနေ

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အဓိက အကျိုးစီးပွားတွေထဲက အဓိကအကျဆုံး ဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ နိုင်ငံရေး အခြေခံအုတ်မြစ်လည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

 

၃၀၊ ဧပြီ။

 

 

ထိုင်ဝမ်လူမျိုး ၂၃ သန်းအတွက်တော့ ၂၀၂၆ ခုနှစ်ရဲ့ အရေးပါဆုံး သံတမန်ရေးရာ တွေ့ဆုံပွဲဟာ သူတို့ကိုယ်တိုင် ဖိတ်ကြားမခံရတဲ့ ပွဲတခု ဖြစ်နေနိုင်ပါတယ်။ လာမယ့်လမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဘေကျင်းကို သွားရောက်တဲ့အခါမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်အရေးကို ဆွေးနွေးမယ့်အစီအစဉ်ရဲ့ ထိပ်ဆုံးမှာ ထားမယ်ဆိုတာဟာ ရှင်းရှင်းလင်းလင်း ရှိနေပါတယ်။

ဒါဟာ အဆိုပါ အရေးကိစ္စကို တမင်ဖယ်ချန်ထားခဲ့တဲ့ မနှစ်က တောင်ကိုရီးယားမှာ တွေ့ဆုံပွဲနဲ့စာရင် သိသိသာသာ ကွဲပြားသွားတာလည်း ဖြစ်ပါတယ်။

 

မဟာမိတ်တွေနဲ့ ဆက်ဆံရာမှာ အပေးအယူလုပ်တဲ့ ပုံစံမျိုး ကျင့်သုံးလေ့ရှိတာကြောင့် မဟာမိတ်တွေကို စိတ်မအေးဖြစ်စေခဲ့တဲ့ထရမ့်ဟာ တရုတ်ဆီကနေ အမေရိကန် လေယာဉ်တွေ ဒါမှမဟုတ် လယ်ယာထွက်ကုန်တွေ ဝယ်ယူဖို့နဲ့ စီးပွားရေးအရ ဖိအားတွေလျှော့ချပေးဖို့အတွက် အလဲအလှယ်အနေနဲ့ ထိုင်ဝမ်အပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ ရေရှည်မူဝါဒကို ပျော့ပြောင်းလိုက်မလား ဒါမှမဟုတ် ပုံစံပြောင်းလိုက်မလားဆိုတဲ့ လက္ခဏာတွေကို ထိုင်ဝမခဘက်က စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။

 

“ထိုင်ဝမ်နဲ့ ပတ်သက်ရင် အခြေခံအတွေးအခေါ်က ရိုးရိုးလေးပါပဲ။ အမေရိကန်အနေနဲ့ ထိုင်ဝမ်အရေးကြောင့် တရုတ်နဲ့ စစ်ပွဲကြီး မဖြစ်ချင်ဘူးဆိုရင် ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံသင့်ဘူး”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မူဝါဒအကြံပေးဘုတ်အဖွဲ့ဝင်လည်းဖြစ်၊ ဖူတန်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးအဖွဲ့ရဲ့ အကြီးအကဲလည်းဖြစ်တဲ့ ဝူရှင်းဘိုက ပြောပါတယ်။

 

“ထရမ့်ဟာ တရုတ်နဲ့ စစ်ဖြစ်ဖို့ စိတ်မဝင်စားပါဘူး။ အမေရိကန် ပါဝင်ပတ်သက်ရမယ့် ပဋိပက္ခကြီးတွေ မဖြစ်အောင် ရှောင်ချင်ရင်တော့ သူဟာ (ထိုင်ဝမ်) လွတ်လပ်ရေးကို ထောက်ခံမှာမဟုတ်သလို၊ ခွဲထွက်ရေး နိုင်ငံရေးလုပ်ငန်းစဉ်တွေကို အားပေးမယ့်လုပ်ရပ်မျိုးတွေလည်း လုပ်မှာမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသသင့်တယ်” လို့ သူက ဆက်ပြောပါတယ်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အဓိက အကျိုးစီးပွားတွေထဲက အဓိကအကျဆုံး ဖြစ်သလို တရုတ်-အမေရိကန် ဆက်ဆံရေးရဲ့ နိုင်ငံရေး အခြေခံအုတ်မြစ်လည်း ဖြစ်တယ်လို့ ဆိုထားပါတယ်။

 

ထိုင်ဝမ်လွတ်လပ်ရေးနဲ့ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးဆိုတာ မီးနဲ့ရေလိုပဲ အတူယှဉ်တွဲနေလို့ မရဘူးလို့လည်းထပ်လောင်းပြောကြားခဲ့သလို ထရမ့်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဆက်သွယ်ညှိနှိုင်းနေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီအပေါ်မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

 

အမေရိကန်ဟာ တရုတ်တနိုင်ငံတည်း မူဝါဒကို ကျင့်သုံးနေတာဖြစ်ပြီး ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာအပေါ် တရားဝင်ရပ်တည်ချက် တစုံတရာ မယူထားပါဘူး။ ထိုင်ဝမ်ဟာ မိမိပိုင်နက်ဖြစ်တယ်ဆိုတဲ့ တရုတ်ရဲ့ ရပ်တည်ချက်ကိုလည်း လက်ခံတာမဟုတ်ဘဲ အသိအမှတ်ပြုရုံသာ လုပ်ထားတာပါ။ အမေရိကန်က သူတို့အနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံဘူးလို့ပြောထားပေမယ့် ထိုင်ဝမ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းကိုတော့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

 

 

ဒါဟာ တိုင်ပေကို စိတ်မအေးဖြစ်စေမှာဖြစ်သလို အာရှဒေသ လုံခြုံရေးဆိုင်ရာ ဝါရှင်တန်ရဲ့ ကတိကဝတ်တွေအပေါ်မှာလည်းမေးခွန်းအသစ်တွေ ထွက်လာစေမှာ ဖြစ်ပါတယ်။

ထရမ့်အစိုးရ တာဝန်ရှိသူတွေကတော့ ထိုင်ဝမ်မူဝါဒမှာ ပြောင်းလဲမှုမရှိကြောင်း ထပ်ခါတလဲလဲ ပြောဆိုနေကြသလို ထိုင်ဝမ်အပေါ် တရုတ်ရဲ့ ဖိအားပေးမှုတွေကိုလည်း ပုံမှန် ပြစ်တင်ရှုတ်ချလေ့ ရှိပါတယ်။

 

ထရမ့်ဟာ သူ့ရဲ့ ဒုတိယသက်တမ်း တနှစ်ကျော်အတွင်းမှာတင် အရင်သမ္မတ ဂျိုးဘိုင်ဒင် သက်တမ်းတခုလုံးမှာ ခွင့်ပြုခဲ့တာထက်ပိုများတဲ့ လက်နက်ရောင်းချမှုတွေကို ထိုင်ဝမ်အတွက် ခွင့်ပြုပေးခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ ၂၀၂၄ ခုနှစ် ဘိုင်ဒင်နဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ရှီကျင့်ဖျင်က အမေရိကန်ရဲ့ လက်ရှိပြောဆိုချက်အစား “ကျွန်ုပ်တို့ဟာ ထိုင်ဝမ်လွတ်လပ်ရေးကို ဆန့်ကျင်တယ်” လို့ ပြောင်းလဲသုံးနှုန်းပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ အမေရိကန်ကတော့ အဲဒီလို ပြောင်းလဲဖို့ ငြင်းဆိုခဲ့ပါတယ်။

 

ထရမ့်ရဲ့ ခရီးစဉ်အတွက် ပြင်ဆင်နေသူတွေကတော့ အခုထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် လုပ်ငန်းအဆင့် ဆွေးနွေးမှုတွေမှာတရုတ်ဘက်က အလားတူ လက္ခဏာမျိုးတွေ ဆက်တိုက် ပြသနေတယ်လို့  ပြောဆိုကြပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲလျှို့ဝှက်ချက်ဖြစ်တာကြောင့် အသေးစိတ်ကိုတော့ ပြောဖို့ ငြင်းဆိုထားပါတယ်။

 

“အဲဒီတွေ့ဆုံပွဲရဲ့ ရလဒ်အနေနဲ့ ထိုင်ဝမ်ရေလက်ကြား ကိစ္စရပ်တွေအပေါ် အမေရိကန်ရဲ့ ရပ်တည်ချက်မှာ တစုံတရာ ပြောင်းလဲမှုရှိ၊ မရှိ ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ” လို့ ထိုင်ဝမ်ရဲ့ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒချမှတ်ရေးကောင်စီ (MAC) က ဒုတိယဝန်ကြီး ရှန်ယုချောင်က ပြောပါတယ်။ “ကျန်ရှိနေတဲ့ အချိန်တွေမှာ အမေရိကန်နဲ့ မူဝါဒဆိုင်ရာ ဆက်သွယ်ပြောဆိုမှုတွေကို ပိုပြီးအရှိန်မြှင့် လုပ်ဆောင်သွားမှာပါ” လို့လည်း သူက ဆိုပါတယ်။

 

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရှောင်ကွမ်ဝေကတော့ ထရမ့် တာဝန်ယူကတည်းက သူ့ရဲ့အစိုးရဟာ “ထိုင်ဝမ်ကို ထောက်ခံကြောင်း အမြဲတမ်း အတည်ပြုပြောဆိုခဲ့တယ်” လို့ ဒီအပတ်ထဲမှာ ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ရဲ့ ထိန်းချုပ်မှုအောက် ရောက်အောင်လုပ်ဖို့ လက်နက်အားကိုးအသုံးပြုမယ့် အစီအစဉ်ကိုဘယ်တုန်းကမှ စွန့်လွှတ်ခဲ့တာ မရှိပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလနှောင်းပိုင်းကလည်း အမေရိကန်က ထိုင်ဝမ်ကို သမိုင်းတလျှောက်အကြီးမားဆုံးဖြစ်တဲ့ ဒေါ်လာ ၁၁ ဘီလီယံဖိုး လက်နက်ရောင်းချဖို့ ကြေညာခဲ့ပြီးနောက် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ပါသေးတယ်။

 

တရုတ်ဟာ အခုတွေ့ဆုံပွဲ မတိုင်ခင်မှာ ချော့လိုက်ခြောက်လိုက် နည်းလမ်းကို သုံးနေပါတယ်။ ကုန်သွယ်ရေးနဲ့ခရီးသွားလာရေး ကဏ္ဍတွေမှာ ထိုင်ဝမ်အတွက် အခွင့်အရေးတွေ ပေးမယ်လို့လည်း ကမ်းလှမ်းထားပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့အပတ်မှာတော့ သမ္မတ လိုင်ချင်းတယ်ရဲ့ အစ်ဆွာတီးနီ ခရီးစဉ်အတွက် အာဖရိက သုံးနိုင်ငံက လေကြောင်းဖြတ်သန်းခွင့်ကိုပိတ်ပင်ဖို့ တရုတ်က ဖိအားပေးခဲ့တာကြောင့် ခရီးစဉ် ဖျက်သိမ်းခဲ့ရတယ်လို့ တိုင်ပေက စွပ်စွဲခဲ့ပါတယ်။ အဆိုပါလုပ်ရပ်အပေါ် အမေရိကန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

 

သမ္မတလိုင်ကတော့ ထိုင်ဝမ်ဟာ တရုတ်သမ္မတနိုင်ငံဆိုတဲ့ အမည်နဲ့ လွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်နေပြီးသားလို့ ဆိုပါတယ်။ ဘေကျင်းကတော့ လိုင်ကို ခွဲထွက်ရေးသမားနဲ့ ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်စလုံးကို စစ်ပွဲအစွန်းအထိ တွန်းပို့နေတဲ့ တရားမဝင်ခေါင်းဆောင်အဖြစ် ရှုမြင်ထားပါတယ်။

 

ထိုင်ဝမ်ဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန် ရေးမွန် ဂရင်းကတော့ အခုတွေ့ဆုံပွဲ မတိုင်ခင်မှာ လက်နက်ရောင်းချမှုတွေ ပါဝင်တဲ့ ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအရ အမေရိကန်ရဲ့ ကတိကဝတ်တွေဟာ ကျောက်ဆောင်လို ခိုင်မာနေဆဲပဲလို့ လူသိရှင်ကြားအာမခံထားပါတယ်။ ထရမ့်ရဲ့ အကြံပေးဟောင်း ရောဘတ် အိုဘရိုင်ယန်ကတော့ “ထရမ့်ဟာ ထိုင်ဝမ်ကို လက်လွှတ်လိုက်ရတဲ့ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ ထရမ့်ရဲ့ ရည်မှန်းချက် မဟုတ်သလို သူချန်ထားခဲ့ချင်တဲ့အမွေအနှစ်မျိုးလည်း မဟုတ်ဘူး” လို့ ပြောပါတယ်။

 

လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တွေအရ ထိုင်ဝမ်ရဲ့ မဟာဗျူဟာကျတဲ့ တည်နေရာဟာလည်း အမေရိကန်အတွက် အရေးကြီးပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ တောင်တန်းတွေပေါ်မှာ တရုတ်ဘက်ကို ချိန်ထားတဲ့ အဆင့်မြင့် ရေဒါစခန်းတွေနဲ့ထောက်လှမ်းရေးစခန်းတွေကို လျှို့ဝှက် အသုံးပြုနေလို့ ဖြစ်ပါတယ်။

 

“အမေရိကန်အနေနဲ့ တရုတ်အကြောင်း သတင်းအချက်အလက် စုဆောင်းဖို့အတွက် အကောင်းဆုံးနေရာတွေထဲက တခုကိုတကယ်ပဲ လက်လွှတ်ချင်ပါ့မလား” လို့ လုံခြုံရေးကိစ္စတွေ ဖြစ်တာကြောင့် အမည်မဖော်လိုတဲ့ အနောက်နိုင်ငံ လုံခြုံရေး သတင်းရင်းမြစ်တခုက မေးခွန်းထုတ်ခဲ့ပါတယ်။