
အခုကုန်ကျတဲ့ ဒေါ်လာ ၂၅ ဘီလီယံဆိုတဲ့ပမာဏဟာ ဒီနှစ်အတွက် NASA တဖွဲ့လုံးရဲ့ ဘတ်ဂျက်နဲ့ ညီမျှနေပါတယ်။
၃၀၊ ဧပြီ။
အီရန်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အခုအချိန်အထိ ဒေါ်လာ ၂၅ ဘီလီယံလောက် အကုန်အကျခံထားရတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အဆင့်မြင့်အရာရှိ တဦးက ဧပြီ ၂၉၊ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဒါဟာ အခုစစ်ပွဲအတွက် စစ်တပ်က ဘယ်လောက်သုံးထားရသလဲ ဆိုတာကို ပထမဆုံးအကြိမ် တရားဝင် ထုတ်ဖော်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီဟာ အောက်လွှတ်တော်မှာ လူများစုနေရာကို ဆက်ထိန်းထားနိုင်ဖို့ ခဲယဉ်းတဲ့တိုက်ပွဲဆင်နွှဲရမယ့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ခြောက်လပဲ လိုပါတော့တယ်။
ဒီအချိန်မှာ ဒီမိုကရက်ပါတီကတော့ လူကြိုက်နည်းနေတဲ့ အီရန်စစ်ပွဲကို ကုန်ကျစရိတ်တွေနဲ့ ချိတ်ဆက်ပြီး ဝေဖန်တိုက်ခိုက်နေတာကြောင့် လူထုသဘောထားစစ်တမ်းတွေမှာအသာစီးရနေပါတယ်။
ဘဏ္ဍာရေးကြီးကြပ်မှုဆိုင်ရာ တာဝန်ခံအဖြစ် ဆောင်ရွက်နေတဲ့ ဂျူးလ်စ် ဟာ့စ်တ်ကတော့ အဆိုပါ အသုံးစရိတ်တွေထဲက အများစုဟာ ခဲယမ်းမီးကျောက်တွေအတွက် ဖြစ်တယ်လို့ အောက်လွှတ်တော် စစ်ဘက်ဆိုင်ရာကော်မတီကို ပြောပါတယ်။
ဒါပေမဲ့ ဟာ့စ်တ်အနေနဲ့ ကုန်ကျစရိတ်ခန့်မှန်းချက်ထဲမှာ ဘာတွေပါဝင်သလဲဆိုတာကို အသေးစိတ်မပြောသလို၊ စစ်ပွဲကြောင့်ပျက်စီးသွားတဲ့ အရှေ့အလယ်ပိုင်းက စစ်အခြေစိုက်စခန်း အဆောက်အအုံတွေကို ပြန်လည်တည်ဆောက် ပြုပြင်မယ့်စရိတ်တွေပါ၊ မပါ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။
အောက်လွှတ်တော် စစ်ဘက်ဆိုင်ရာကော်မတီက ဒီမိုကရက်ထိပ်တန်းခေါင်းဆောင် အဒမ်စမစ်ကတော့ ဟာ့စ်တ်ကို အခုလိုပြန်ပြောပါတယ်။ “ဒီမေးခွန်းကို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ဒါကိုမေးနေတာအရမ်းကြာနေပြီ၊ ဘယ်သူမှလည်း ဂဏန်းအတိအကျ မပြောခဲ့ကြဘူး” လို့ ဆိုပါတယ်။
အခုကုန်ကျတဲ့ ဒေါ်လာ ၂၅ ဘီလီယံဆိုတဲ့ပမာဏဟာ ဒီနှစ်အတွက် NASA တဖွဲ့လုံးရဲ့ ဘတ်ဂျက်နဲ့ ညီမျှနေပါတယ်။
ဒါပေမဲ့ ပင်တဂွန်က အဆိုပါ ဒေါ်လာ ၂၅ ဘီလီယံဆိုတဲ့ ကိန်းဂဏန်းကို ဘယ်လိုတွက်ချက်ခဲ့သလဲဆိုတာတော့ မရှင်းလင်းပါဘူး။ပြီးခဲ့တဲ့လက သတင်းရင်းမြစ်တခုက ရိုက်တာသတင်းဌာနကို ပြောကြားချက်အရ ဒေါ်နယ်ထရမ့်အစိုးရဟာ စစ်ပွဲစတဲ့ ပထမခြောက်ရက်အတွင်းမှာတင် အနည်းဆုံး ဒေါ်လာ ၁၁.၃ ဘီလီယံလောက် သုံးစွဲခဲ့တယ်လို့ ခန့်မှန်းထားတာကြောင့် ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်ကတော့ အီရန်မှာ နျူကလီးယားလက်နက် မရှိစေရဘူးဆိုတဲ့ အမေရိကန်ရဲ့ ရည်မှန်းချက်နဲ့ကြည့်ရင် အခုကုန်ကျစရိတ်ဟာ ထိုက်တန်တယ်လို့ လွှတ်တော် အမတ်တွေကို ပြောပါတယ်။
“အီရန်လက်ထဲ နျူကလီးယားဗုံး မရောက်ဖို့အတွက် ခင်ဗျားတို့ ဘယ်လောက်ထိ ပေးဆပ်နိုင်မလဲ။ ဘယ်လောက်ပေးမလဲ”လို့ ဟက်ဂ်ဆက်က မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါ့အပြင် ဟက်ဂ်ဆက်က အခုစစ်ပွဲဟာ ရုန်းမထွက်နိုင်တဲ့ ရွှံ့ညွန်နွံထဲ ရောက်နေတာမျိုး မဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန် ကာကွယ်ပြောဆိုခဲ့သလို လူကြိုက်နည်းနေတဲ့ အခုစစ်ပွဲကို ဝေဖန်နေကြတဲ့ ဒီမိုကရက်အမတ်တွေကိုလည်း အရည်အချင်းမရှိသူတွေလို့ တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။
“ခင်ဗျားတို့က ဒါကို နွံထဲရောက်နေတယ်လို့ ပြောပြီး ရန်သူတွေကို ဝါဒဖြန့်ဖို့ အခွင့်အရေးပေးနေတာလား။ ဒီလိုပြောတာဟာ ရှက်စရာကောင်းတယ်” လို့ အမတ် ဂါရာမန်ဒီကို ဟက်ဂ်ဆက်က တုံ့ပြန်ခဲ့ပြီး လွှတ်တော်ထဲက ဒီမိုကရက်တွေကို ဆင်ခြင်တုံတရားမရှိသူတွေ၊ အရည်အချင်းမရှိသူတွေနဲ့ အရှုံးသမားစိတ်ဓာတ် ရှိသူတွေလို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။
အမေရိကန်ဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်ကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နှစ်ဘက်စလုံးက စိုးရိမ်စရာကောင်းတဲ့ အပစ်ရပ်စဲရေးကို ထိန်းသိမ်းထားကြပါတယ်။ ပင်တဂွန်ဟာ အရှေ့အလယ်ပိုင်းကို နောက်ထပ် စစ်သည်အင်အားသောင်းနဲ့ချီ ပို့ထားသလို အဆိုပါဒေသမှာ လေယာဉ်တင်သင်္ဘော သုံးစင်းအထိ အသင့်ချထားပါတယ်။ ပဋိပက္ခအတွင်းမှာ အမေရိကန်စစ်သည် ၁၃ ဦး သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရထားပါတယ်။
အမေရိကန်မဲဆန္ဒရှင်တွေအတွက်တော့ ကုန်ဈေးနှုန်းတက်တာထက် ပိုပြီး စိုးရိမ်ရတဲ့ကိစ္စ မရှိသလောက်ပါပဲ။ အခုနောက်ဆုံး ဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွမှုကြောင့် နိုဝင်ဘာရွေးကောက်ပွဲမှာ ပါတီရဲ့ အလားအလာကို စိုးရိမ်နေတဲ့ ရီပတ်ဘလီကန်တွေ စိတ်မအေးဖြစ်နေကြပါတယ်။ အဆိုပါ ရွေးကောက်ပွဲဟာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကို ဘယ်သူထိန်းချုပ်မလဲဆိုတာကိုဆုံးဖြတ်မှာ ဖြစ်ပါတယ်။
စစ်ပွဲစတင်ကတည်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုတွေ ပြတ်တောက်သွားခဲ့တာကြောင့် အမေရိကန်မှာ ဓာတ်ဆီဈေးတွေတက်လာသလို မြေဩဇာလိုမျိုး စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့ တခြားလူသုံးကုန်ပစ္စည်းတွေလည်း ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။
အမေရိကန် မော်တော်ယာဉ်အသင်း (AAA) ရဲ့ အချက်အလက်တွေအရ အင်္ဂါနေ့မှာ အမေရိကန်ရဲ့ ပျမ်းမျှဓာတ်ဆီဈေးနှုန်းဟာလေးနှစ်တာအတွင်း အမြင့်ဆုံးအဆင့်ကို ရောက်သွားခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စစ်စတင်တိုက်ခိုက်ကတည်းက သမ္မတထရမ့်ရဲ့ လူထုထောက်ခံမှုဟာလည်း ကျဆင်းလာခဲ့ပါတယ်။
လတ်တလော ရိုက်တာနဲ့ Ipsos တို့ရဲ့ စစ်တမ်းအရ အမေရိကန်နိုင်ငံသား ၃၄ ရာခိုင်နှုန်းပဲ အီရန်နဲ့စစ်ပွဲကို ထောက်ခံကြပါတယ်။ ဒါဟာ ဧပြီလလယ်က ၃၆ ရာခိုင်နှုန်း၊ မတ်လလယ်က ၃၈ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ဆက်တိုက် ကျဆင်းလာတာ ဖြစ်ပါတယ်။
Ref – Reuters