
အဆိုပါ ခရီးစဉ်ဟာ ဘုရင်ချားလ်စ် နန်းတက်ပြီးနောက်ပိုင်း အထင်ရှားဆုံးနဲ့ အရေးအပါဆုံး နိုင်ငံတော်အဆင့် ခရီးစဉ်တခု ဖြစ်လာပါတယ်။
၂၈၊ ဧပြီ။
ဗြိတိန်ဘုရင် ချားလ်စ်နဲ့ မိဖုရား ကာမီလာတို့ဟာ လေးရက်ကြာခရီးစဉ်အဖြစ် တနင်္လာနေ့မှာ အမေရိကန်ကို ရောက်ရှိလာပါတယ်။
အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရနဲ့ သဘောထားချင်း မတိုက်ဆိုင်တာတွေ ရှိနေပေမဲ့ သူ့ကိုယ်သူ တော်ဝင်မိသားစုရဲ့ပရိသတ်လို့ ပြောလေ့ရှိတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့ကို ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။
အဆိုပါ ခရီးစဉ်ဟာ ဘုရင်ချားလ်စ် နန်းတက်ပြီးနောက်ပိုင်း အထင်ရှားဆုံးနဲ့ အရေးအပါဆုံး နိုင်ငံတော်အဆင့် ခရီးစဉ်တခု ဖြစ်လာပါတယ်။
အမေရိကန်က ဗြိတိန်အုပ်ချုပ်မှုအောက်ကနေ လွတ်လပ်ရေးကြေညာခဲ့တဲ့ နှစ် (၂၅၀) ပြည့် အထိမ်းအမှတ်လည်းဖြစ်သလို နှစ်ပေါင်း နှစ်ဆယ်အတွင်း ဗြိတိန်ဘုရင်တပါးအနေနဲ့ အမေရိကန်ကို ပထမဆုံးအကြိမ် လာရောက်တာလည်း ဖြစ်ပါတယ်။
အန်းဒရူး လေတပ်စခန်းကို ဆိုက်ရောက်ပြီး ကြိုဆိုပွဲ အခမ်းအနား အကျဉ်းချုံးလုပ်ခဲ့ပြီးနောက်မှာ ဘုရင်ချားလ်စ်နဲ့ ကာမီလာတို့ဟာ အိမ်ဖြူတော်ကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ အိမ်ဖြူတော်မှာတော့ သမ္မတထရမ့်နဲ့ သမ္မတကတော် မီလန်နီယာ ထရမ့်တို့ကသူတို့ကို ဆီးကြိုခဲ့ကြပါတယ်။
သမ္မတကတော်က ဘုရင်နဲ့ မိဖုရားကို ပါးချင်းအပ် နှုတ်ဆက်ခဲ့သလို သမ္မတကလည်း လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက် သူတို့လေးဦးဟာ သတင်းမှတ်တမ်းဓာတ်ပုံ အရိုက်ခံဖို့ ခဏတာ ရပ်ပေးခဲ့ပြီးမှ အတွင်းထဲမှာ လက်ဖက်ရည်သောက်ရင်း သီးသန့်စကားပြောဖို့ ဝင်သွားကြပါတယ်။
ဘုရင်နဲ့ မိဖုရားဟာ အသစ်ပြန်ပြင်ထားတဲ့ ဗြိတိန်သံအမတ်ကြီးရဲ့ နေအိမ်က ဥယျာဉ်တွင်း ပါတီပွဲကို တက်ရောက်ခဲ့ပြီး အဲဒီမှာသံပြိုင်သီချင်းဆိုအဖွဲ့က ဗြိတိန်နဲ့ အမေရိကန် နိုင်ငံတော်သီချင်းတွေကို သီဆိုခဲ့ကြပါတယ်။
ဗြိတိန်ဘုရင် ချားလ်စ်နဲ့ ကာမီလာတို့ဟာ မီဒီယာလောကက ထိပ်သီးခေါင်းဆောင်တွေ၊ ဝါရှင်တန်ရဲ့ လူကုံထံတွေအပြင် အမေရိကန် အထက်လွှတ်တော်အမတ် တက်ဒ်ခရုဇ်၊ ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆင့်နဲ့ တခြားနိုင်ငံတွေက သံအမတ်တွေအပါအဝင် ဧည့်သည်တော်တွေနဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက် စကားပြောခဲ့ကြပါတယ်။
ဒီတစ်ပတ် ခရီးစဉ်အတွင်းမှာ အင်္ဂါနေ့ လွှတ်တော်မှာ မိန့်ခွန်းပြောဖို့၊ အိမ်ဖြူတော်မှာ ခမ်းနားတဲ့ နိုင်ငံတော်အဆင့် ညစာစားပွဲတက်ရောက်ဖို့နဲ့ ဗုဒ္ဓဟူးနေ့မှာ နယူးယောက်မြို့ကို သွားဖို့တွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ဝါရှင်တန်မြို့တော်တခုလုံး စိုးရိမ်တကြီး ဖြစ်နေရတဲ့ အချိန်မှာပဲ အဆိုပါ အခမ်းအနားတွေကို ကျင်းပနေတာလည်း ဖြစ်ပါတယ်။
လွှတ်တော်မှာပြောမယ့် ဘုရင်ကြီးရဲ့ မိန့်ခွန်းဟာ မိနစ် ၂၀ လောက် ကြာမယ်လို့ နန်းတော်သတင်းရင်းမြစ်တခုက ပြောပါတယ်။အဆိုပါမိန့်ခွန်းကို ဗြိတိန်အစိုးရရဲ့ အကြံပြုချက်နဲ့ ရေးသားထားတာ ဖြစ်ပေမဲ့ သုံးနှုန်းတဲ့ စကားလုံးတွေနဲ့ လေယူလေသိမ်းအများစုကတော့ ဘုရင်ကြီးကိုယ်တိုင် ရွေးချယ်ထားတာလို့လည်း သိရပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ အတွင်းမှာ ဗြိတိန်နဲ့ အမေရိကန်ဟာ ကိစ္စတိုင်းမှာ အမြဲတမ်း သဘောတူညီမှု မရခဲ့ကြပေမဲ့ “အခါအားလျော်စွာ ကျွန်တော်တို့ နှစ်နိုင်ငံဟာ အတူတကွ လက်တွဲနိုင်မယ့် နည်းလမ်းတွေကို အမြဲ ရှာဖွေနိုင်ခဲ့ပါတယ်” ဆိုတဲ့အချက်ကိုဘုရင်ကြီးက ထည့်သွင်းပြောကြားသွားမှာပါ။
နှစ်နိုင်ငံလုံးက လက်ခံထားတဲ့ ဒီမိုကရေစီ တန်ဖိုးတွေကို ကာကွယ်ခြင်းအားဖြင့် ကမ္ဘာကြီးအတွက် လုံခြုံရေးနဲ့ သာယာဝပြောမှုကိုမြှင့်တင်ပေးနိုင်မယ်လို့လည်း သူက ဆိုမှာပါ။ ချားလ်စ်ဘုရင်က သူတို့နှစ်နိုင်ငံရဲ့ မိတ်ဘက်ဖြစ်မှုကို လူသားသမိုင်းမှာ အကြီးကျယ်ဆုံး မဟာမိတ်ဖွဲ့မှုတွေထဲက တခုလို့လည်း ရည်ညွှန်းသွားမှာ ဖြစ်ပါတယ်။
ထရမ့်ဟာ ဗြိတိန်တော်ဝင်မိသားစုကို ပွင့်ပွင့်လင်းလင်း အားပေးသူတယောက် ဖြစ်သလို၊ ချားလ်စ်ကိုလည်း ကြီးမြတ်တဲ့လူလို့အမြဲ ချီးမွမ်းပြောဆိုလေ့ ရှိပါတယ်။ ဒါပေမဲ့ သူဟာ ဝန်ကြီးချုပ် ကီယာ စတာမာ ဦးဆောင်တဲ့ ဗြိတိန်အစိုးရနဲ့တော့ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
ဝန်ကြီးချုပ် စတာမာကတော့ ၁၉၅၆ ခုနှစ် စူးအက်တူးမြောင်း အကျပ်အတည်းနောက်ပိုင်း အနိမ့်ဆုံးအခြေအနေကို ရောက်နေတဲ့ နှစ်နိုင်ငံကြားက ထူးခြားတဲ့ ဆက်ဆံရေးကို အခုခရီးစဉ်ကနေတဆင့် ပြန်လည် ခိုင်မာလာစေဖို့ မျှော်လင့်နေပါတယ်။
Ref – Reuters