လူသားမျိုးနွယ်ရဲ့ အနာဂတ် ပျက်စီးဆုံးရှုံးနိုင်ခြေအတွက် ပုပ်ရဟန်းမင်းကြီး လီယို သတိပေး

ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာ့ရေနံနဲ့ သယံဇာတတွေကို နယ်ချဲ့သိမ်းပိုက်မှု လုပ်နေတာတွေကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

 

၂၂၊ ဧပြီ။

 

ဆက်တိုက်ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကြောင့်  လူသားတို့ရဲ့အနာဂတ်ဟာ ဝမ်းနည်းစရာကောင်းလောက်အောင် ပျက်စီးဆုံးရှုံးနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပုပ်ရဟန်းမင်းကြီး လီယိုက သတိပေးလိုက်ပါတယ်။

 

အာဖရိက လေးနိုင်ငံခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး လီယိုဟာ အင်္ဂါနေ့က အီကွေတိုရီယယ် ဂီနီမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း အခုလို မှတ်ချက်ပြုခဲ့တာပါ။

သူ့ရဲ့ပွင့်လင်းပြတ်သားတဲ့ဝေဖန်မှုတွေကြောင့် သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဒေါသတကြီးတုံ့ပြန်ခံရတဲ့ ပထမဆုံး အမေရိကန်နိုင်ငံသား ပုပ်ရဟန်းမင်းကြီးလည်း ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာ့ရေနံနဲ့ သယံဇာတတွေကို နယ်ချဲ့သိမ်းပိုက်မှု လုပ်နေတာတွေကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

 

ဒါတွေကပဲ သွေးထွက်သံယို ပဋိပက္ခတွေကို ဖြစ်စေတာလို့ သူက ပြောပါတယ်။

 

“နိုင်ငံရေးအရ တာဝန်ယူမှုအပိုင်းမှာ လမ်းကြောင်းအသစ်ကို မပြောင်းလဲဘူးဆိုရင်၊ နောက်ပြီး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာသဘောတူညီချက်တွေကို လေးစားလိုက်နာမှု မရှိဘူးဆိုရင် လူသားတွေရဲ့ ကံကြမ္မာဟာ ကြေကွဲစရာကောင်းလောက်အောင်ထိခိုက်ပျက်စီးသွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်”လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ကြားပါတယ်။

 

အီကွေတိုရီယယ် ဂီနီသမ္မတ တီအိုဒိုရို အိုဘီယန်း အင်ဂွဲမား အမ်ဘာဆိုဂိုနဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေကို ပြောကြားတဲ့မိန့်ခွန်းမှာ ဘာသာဝင်ပေါင်း ၁.၄ ဘီလီယံရှိတဲ့ ကက်သလစ်အသင်းတော်ရဲ့ အကြီးအကဲက ဘုရားသခင်က ဒါမျိုးကို အလိုမရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

 

အန်ဂိုလာနိုင်ငံကနေ ဂီနီပင်လယ်ကွေ့ထဲက ဘိုင်အိုကိုကျွန်းပေါ်မှာရှိတဲ့ မာလာဘိုမြို့ကို ပျံသန်းလာတဲ့ လေယာဉ်ပေါ်မှာတော့ ပုပ်ရဟန်းမင်းကြီး လီယိုဟာ လွန်ခဲ့တဲ့ တနှစ်က ကွယ်လွန်သွားခဲ့တဲ့ သူ့ရှေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ဂါရဝပြု ဆုတောင်းပေးခဲ့ပါသေးတယ်။

 

၁၀ ရက်ကြာ အာဖရိကခရီးစဉ်ရဲ့ နောက်ဆုံးခရီးအဖြစ် အီကွေတိုရီယယ် ဂီနီကို ရောက်ရှိနေတဲ့ လီယိုဟာ အာဖရိကမှာရှိနေစဉ်အတွင်း အရင်နဲ့မတူဘဲ ပြတ်သားထက်သန်တဲ့ ပြောဆိုမှုပုံစံကို အသုံးပြုလာပြီး စစ်ပွဲတွေ၊ မညီမျှမှုတွေနဲ့ ကမ္ဘာ့ခေါင်းဆောင်မှုအပိုင်းတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်နေပါတယ်။

 

အကြမ်းဖက်မှုတွေကို တရားမျှတအောင်လုပ်ဖို့ ဘာသာရေးကို အသုံးချနေတာအပေါ် စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့ လီယိုရဲ့ပြောကြားချက်ဟာ ပြီးခဲ့တဲ့ မတ်လက သူပြောခဲ့တဲ့ “လက်မှာ သွေးစွန်းနေတဲ့ ခေါင်းဆောင်တွေရဲ့ ဆုတောင်းစကားကိုဘုရားသခင်က ငြင်းပယ်တယ်” ဆိုတဲ့ စကားကို ပြန်ပြီး သတိရစေပါတယ်။

 

အဲဒီတုန်းက ပြောကြားချက်ဟာ အီရန်နဲ့စစ်ဖြစ်ဖို့အတွက် ခရစ်ယာန်ဘာသာရေး အသုံးအနှုန်းတွေကို သုံးပြီး တရားမျှတအောင်လုပ်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်ကို ရည်ရွယ်တယ်လို့ ကွန်ဆာဗေးတစ် ကက်သလစ်အသိုင်းအဝိုင်းက သုံးသပ်ခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ဘာတာမြို့မှာရှိတဲ့ လုံခြုံရေးတင်းကျပ်ထားတဲ့ အချုပ်ခန်းတခုကို သွားရောက်မှာပါ။

အဆိုပါ နေရာဟာ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် ဖမ်းဆီးခံထားရသူတွေကို ရှေ့နေ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးဘဲ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားလေ့ရှိတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ နေရာသုံးခုထဲက တခုဖြစ်တယ်လို့ အမ်နက်စတီ အပြည်ပြည်ဆိုင်ရာအဖွဲ့က ဆိုထားပါတယ်။

 

ဒါ့အပြင် လီယိုဟာ ၂၀၂၁ ခုနှစ်တုန်းက စစ်တပ်ဝင်းအတွင်း ပေါက်ကွဲမှုတွေဖြစ်ပွားပြီး လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့နေရာကိုလည်း သွားရောက်ပြီး ဆုတောင်းပေးမှာပါ။

အဆိုပါ ပေါက်ကွဲမှုဟာ ခဲယမ်းမီးကျောက်တွေကို စနစ်တကျ သိုလှောင်ထားခြင်းမရှိလို့ ဖြစ်ရတာလို့ အစိုးရဘက်က ပြောဆိုထားပါတယ်။

 

လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တောင်းဆိုနေကြပေမဲ့ အခုထိတော့ ထူးခြားမှု မရှိသေးပါဘူး။

Ref – Reuters