
ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးတော့မယ့် အချိန်အထိတော့ အခက်အခဲတွေနဲ့ မရေမရာဖြစ်မှုတွေ အများကြီးရှိနေပါသေးတယ်။
၂၁၊ ဧပြီ။
အီရန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပါကစ္စတန်မှာ ဆက်လုပ်နိုင်မယ်လို့ အမေရိကန်ဘက်က ယုံကြည်မှုရှိနေပြီး အီရန်အဆင့်မြင့်အရာရှိတဦးကလည်း တီဟီရန်အနေနဲ့ တက်ရောက်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးတော့မယ့် အချိန်အထိတော့ အခက်အခဲတွေနဲ့ မရေမရာဖြစ်မှုတွေ အများကြီးရှိနေပါသေးတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရေနံစျေး ထပ်တက်တာနဲ့ စတော့စျေးကွက် ရိုက်ခတ်တာတွေကိုတားဆီးပေးနိုင်မယ့် သဘောတူညီချက်တခုကို လိုချင်နေပါတယ်။
ဒါပေမဲ့ အီရန်အနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်တဲ့ အခြေအနေမျိုး မရှိစေရဘူးလို့လည်း သူက အခိုင်အမာပြောထားပါတယ်။
တီဟီရန်ဘက်ကတော့ ဟော်မုဇ်ရေလက်ကြားကို သူတို့ ထိန်းချုပ်ထားနိုင်တဲ့အချက်ကို အသုံးချပြီး စစ်ပြန်မဖြစ်အောင် တားဆီးဖို့၊ ပိတ်ဆို့မှုတွေ လျှော့ချဖို့နဲ့ သူတို့ရဲ့ နျူကလီးယားစီမံကိန်းကို မထိခိုက်စေမယ့် သဘောတူညီချက်မျိုး ရဖို့ မျှော်လင့်နေပါတယ်။
အီရန်အရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောရာမှာတော့ အစောပိုင်းက ဆွေးနွေးပွဲတွေကို ပယ်ချထားပေမဲ့ အခုအခါမှာတော့ တက်ရောက်ဖို့ အပြုသဘောနဲ့ ပြန်လည်သုံးသပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘာမှတော့ ဆုံးဖြတ်ချက် မချရသေးဘူးလို့သူက အလေးအနက် ပြောပါတယ်။
ဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့ ပါကစ္စတန်သတင်းမြစ်တခုကတော့ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးပွဲတွေ ပြန်စဖို့ အခြေအနေကောင်းနေပြီး တကယ်လို့ သဘောတူညီချက်သာ လက်မှတ်ထိုးဖြစ်မယ်ဆိုရင် ထရမ့်ကိုယ်တိုင် တက်ရောက်တာ ဒါမှမဟုတ် ဗီဒီယိုကနေတဆင့် ပါဝင်တာမျိုး လုပ်နိုင်တယ်လို့ ဆိုပါတယ်။
“အရာအားလုံးက ရှေ့ကို တိုးနေပြီး မနက်ဖြန် ဆွေးနွေးပွဲတွေလုပ်ဖို့ လမ်းကြောင်းပေါ် ရောက်နေပါပြီ” လို့ အမည်မဖော်လိုတဲ့အဆိုပါ သတင်းမြစ်က အင်္ဂါနေ့မှာ ပြောပါတယ်။
အစောပိုင်းက အစ္စလာမ်မာဘတ်မှာလုပ်ခဲ့တဲ့ တွေ့ဆုံမှုတွေဟာ သဘောတူညီချက်မရဘဲ ပျက်ပြားခဲ့ပေမဲ့ အခုတပတ်မှာ အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် အင်္ဂါနေ့ အာရှစျေးကွက်ဖွင့်ချိန်မှာ ရေနံစျေးတွေ ကျဆင်းသွားပြီး စတော့စျေးတွေ ပြန်တက်လာပါတယ်။
ဆွေးနွေးပွဲတွေအပေါ် သံသယရှိခဲ့ကြလို့ တနင်္လာနေ့ စျေးကွက်မှာ ရေနံစျေးက ၆ ရာခိုင်နှုန်းလောက်အထိ ခုန်တက်သွားခဲ့တာပါ။ Brent ရေနံစိမ်းစျေးက တစည်ကို ၅၄ ဆင့် (၀.၆ ရာခိုင်နှုန်း) ကျပြီး ၉၄.၉၄ ဒေါ်လာ ဖြစ်သွားသလို အမေရိကန် West Texas Intermediate ရေနံစျေးကလည်း မေလအတွက် ၁.၁၁ ဒေါ်လာ (၁.၂ ရာခိုင်နှုန်း) ကျဆင်းပြီး ၈၈.၅၀ ဒေါ်လာ ဖြစ်သွားပါတယ်။
Ref – Reuters