
“ဘယ်ထိပဲ သွားသွား ၂၅၀၀၀ ပါ၊ ၁၃ ရက်နေ့ လက်မှတ်တော့ရမယ်။ ၁၄ ရက်နေ့ဆိုရင် လက်မှတ်မရတော့ဘူး။ မထွက်တော့ဘူး”
၁၁၊ ဧပြီ။
ရန်ကုန်ကနေ ဧရာ၀တီတိုင်း ဘိုကလေး၊ မြင်းကကုန်း၊ မော်လမြိုင်ကျွန်းတို့ဆီ ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လက် မှတ်ခတွေဟာ အရင်က တသောင်းဝန်းကျင်သာ ရှိခဲ့ရာကနေ အခုအခါ နှစ်သောင်းခွဲထိ စျေးတက်သွားပါတယ်။
“လက်မှတ်ကတော့ ကားလောက် မကြပ်ဘူး။ ကြိုဝယ်ထားရင် ဝယ်လို့ရတယ်။ စျေးကတော်တော်တက်သွားတယ်ဗျ။ နှစ်ဆကျော်လောက် တက်တယ်။ ရှေ့နှစ်ပတ်လောက်က နှစ်သောင်းပဲ ရှိသေးတယ်။ အခုပတ်ကျတော့ နှစ်သောင်းခွဲထိ ဖြစ်သွားတယ် လက်မှတ်တစောင်ကို” လို့ မော်လမြိုင်ကျွန်းမြို့နယ်မှ ကိုသူရက ပြောပါတယ်။
ရန်ကုန်ကနေ မော်လမြိုင်ကျွန်းအထိ ရေယာဉ်လက်မှတ်တစောင်ကို အရင်က တသောင်း၊ တသောင်းနှစ်ထောင် သာရှိခဲ့တာဖြစ်ပြီး အခုအခါ နှစ်သောင်းခွဲ၊ နှစ်သောင်းခြောက်ထောင်ထိ စျေးထိုးတက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းကို ပုသိမ်သူ၊ ရွှေင်စင်ကြယ်၊ ရွှေမော်ကျွန်းစတဲ့ အမြန်ယာဉ်တွေ အလှည့်ကျ ပြေးဆွဲနေကြတာပါ။
ပုသိမ်သူ အမြန်ယာဉ်လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူတဦးက “ဘယ်ထိပဲ သွားသွား ၂၅၀၀၀ ပါ၊ ၁၃ ရက်နေ့ လက်မှတ်တော့ရမယ်။ ၁၄ ရက်နေ့ဆိုရင် လက်မှတ်မရတော့ဘူး။ မထွက်တော့ဘူး” လို့ ပြောပါတယ်။
ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်တွေက ဒေသခံတွေဟာ ရန်ကုန်ကနေ ကုန်ပစ္စည်းတွေကို ရေယာဉ်နဲ့ အဓိက သယ်ယူနေကြတာဖြစ်ပြီး ကားလမ်းထက် ရေလမ်းကို အဓိကအားကိုး၊ အသုံးပြုကြပါတယ်။ ရန်ကုန်ကနေ ဧရာ၀တီတိုင်းမြို့နယ်တွေဆီ ပြေးဆွဲနေတဲ့ ရေယာဉ်လက်မှတ်ခတွေ စျေးတက်တဲ့အပြင် ကားလက်မှတ်ခတွေဟာ လည်း နှစ်ဆကနေ သုံးဆထိ စျေးတက်နေပါတယ်။
အရင်တုန်းက နှစ်သောင်းကျော်သာရှိခဲ့တဲ့ ရန်ကုန် – ဖျာပုံကားခဟာ အခုအခါ ခုနစ်သောင်းထိ စျေးတက်နေပြီး ရန်ကုန် – ပုသိမ်ကားခဟာလည်း ခြောက်သောင်းဝန်းကျင်ထိ စျေးရှိနေပါတယ်။ ဒါ့အပြင် မြန်အောင်၊ ကြံခင်းဘက် သွားတဲ့ ကားခတွေဆိုရင်လည်း အရင်က နှစ်သောင်းဝန်းကျင်သာ ရှိခဲ့ရာကနေ အခုအခါ လေးသောင်းခွဲကနေ ငါး သောင်းခွဲဝန်းကျင်ထိ စျေးတက်သွားခဲ့ပါတယ်။
“စျေးလည်းတက်တယ်၊ လက်မှတ်လည်း ဝယ်မရဘူး။ အကုန်လုံး ကြိုဖြတ်ထားကြတယ်။ သင်္ကြန်တွင်းလည်း ကားတွေ မထွက်ဘူး ဒီနှစ်” လို့ ဟင်္သာတမြို့ခံတဦးက ပြောပါတယ်။
ရန်ကုန်ကနေ ဧရာ၀တီတိုင်းအတွင်းသို့ ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်နဲ့ ကားခတွေ စျေးတက်နေတဲ့အပြင် ဧရာ၀တီတိုင်းအတွင်း မြို့ ချင်းဆက်လမ်းတွေ၊ မြို့ပေါ်နဲ့ ကျေးရွာတွေကြား ပြေးဆွဲနေတဲ့ ကားခတွေဟာလည်း နှစ်ဆကနေ သုံးဆလောက်ထိ တက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတာကြောင့် အခုလို စက်သုံးဆီတွေ စျေးတက်၊ ရှားပါးနေသလို စစ်တပ်က နိုင်ငံကို အာဏာသိမ်းထားတဲ့အတွက် နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေအပြင် ၊ စစ်တပ်ရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် နိုင်ငံစီပွားရေး ကျဆင်းနေပြီး သယ်ယူပို့ဆောင်ခတွေနဲ့ ကုန်စျေးနှုန်းတွေပါ အဆမတန် စျေးလိုက်တက်လာခဲ့တာ ဖြစ်ပါတယ်။
စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေတာဟာ ကားခနဲ့ အမြန်ယာဉ်ခတွေကို စျေးတက်စေတဲ့အပြင် ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သား မိသားစုတွေနဲ့ လယ်ယာလုပ်သူတွေရဲ့ စားဝတ်နေရေးကိုပါ တိုက်ရိုက် ခြိမ်းခြောက်လာနေပါတယ်။