အမေရိကန်နဲ့ အီရန် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ဆင်နေပေမဲ့ လက်ဘနွန်အရေးနဲ့ ပိတ်ဆို့မှုတွေကြောင့် မရေမရာဖြစ်နေ

အစ္စရေးနဲ့ အမေရိကန်တို့ကတော့ လက်ဘနွန်စစ်ဆင်ရေးဟာ အီရန်-အမေရိကန် အပစ်အခတ်ရပ်စဲရေးရဲ့ အစိတ်အပိုင်းမဟုတ်ဘူးလို့ ပြောထားပေမဲ့ တီဟီရန်ဘက်ကတော့ အကျုံးဝင်တယ်လို့ အခိုင်အမာ ပြောနေတာပါ။

 

၁၁၊ ဧပြီ။

 

ခြောက်ပတ်ကြာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေရိကန်နဲ့ အီရန်တို့ဟာ စနေနေ့မှာ ပါကစ္စတန်မြို့တော် အစ္စလာမ္မာဘတ်မှာ ဆွေးနွေးပွဲလုပ်ဖို့ ရှိနေပါတယ်။

 

ဒါပေမဲ့ လက်ဘနွန်အရေးနဲ့ ပိတ်ဆို့မှုတွေအပေါ် ကတိကဝတ်မရဘဲ ဆွေးနွေးပွဲ စလို့မရဘူးလို့ တီဟီရန်ဘက်က ပြောလိုက်တာကြောင့် ဆွေးနွေးပွဲဖြစ်မြောက်ဖို့ မရေမရာ ဖြစ်လာခဲ့ပါတယ်။

 

ဒုသမ္မတ ဂျေဒီဗန့်စ် ဦးဆောင်ပြီး သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နဲ့ သမက်ဖြစ်သူ ဂျာရက် ကွပ်ရှ်နာတို့ ပါဝင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ပဲရစ်မှာ ဆီဖြည့်နားပြီးနောက် အစ္စလာမ္မာဘတ်ကိုဦးတည်လာနေပါတယ်။

 

လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ်ဖ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီတို့ ဦးဆောင်တဲ့ အီရန်ကိုယ်စားလှယ်အဖွဲ့ကတော့ သောကြာနေ့ကတည်းက ရောက်ရှိနေတာပါ။

 

ဝါရှင်တန်အနေနဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ဖွင့်ပေးဖို့နဲ့ လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲဖို့ အရင်က သဘောတူထားတယ်လို့ ကာလီဘတ်ဖ်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

 

မတ်လအတွင်း တိုက်ပွဲတွေစတင်ကတည်းက လက်ဘနွန်မှာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာတွေကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၂,၀၀၀ နီးပါး သေဆုံးခဲ့တာပါ။ အဆိုပါ ကတိတွေကို မတည်မချင်းဆွေးနွေးပွဲစမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

 

အစ္စရေးနဲ့ အမေရိကန်တို့ကတော့ လက်ဘနွန်စစ်ဆင်ရေးဟာ အီရန်-အမေရိကန် အပစ်အခတ်ရပ်စဲရေးရဲ့ အစိတ်အပိုင်းမဟုတ်ဘူးလို့ ပြောထားပေမဲ့ တီဟီရန်ဘက်ကတော့ အကျုံးဝင်တယ်လို့ အခိုင်အမာ ပြောနေတာပါ။

 

ဝါရှင်တန်ဘက်ကသာ စစ်မှန်တဲ့ သဘောတူညီချက်ကို ကမ်းလှမ်းပြီး အီရန်ရဲ့ ရပိုင်ခွင့်တွေကို ပေးအပ်မယ်ဆိုရင်သဘောတူညီမှုရဖို့ အီရန်ဘက်က အသင့်ပဲလို့ ကာလီဘတ်ဖ်က သီးခြားပြောဆိုခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာတွေကဖော်ပြပါတယ်။

 

အီရန်ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က ချက်ချင်း တုံ့ပြန်ခြင်းမရှိပေမဲ့ ထရမ့်ကတော့ အီရန်တွေအခုထိ သက်ရှိထင်ရှား ရှိနေရတဲ့ တခုတည်းသော အကြောင်းရင်းက သဘောတူညီမှုရဖို့ ဆွေးနွေးဖို့ပဲလို့ လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။

 

“အီရန်တွေဟာ နိုင်ငံတကာ ရေလမ်းကြောင်းတွေကို အသုံးချပြီး ကမ္ဘာကြီးကို ခေတ္တခြိမ်းခြောက်တာကလွဲလို့ သူတို့လက်ထဲမှာ ဘာဖဲချပ်မှ မရှိဘူးဆိုတာ မသိကြသေးဘူးထင်တယ်။ သူတို့ အခုထိ အသက်ရှင်နေတာ ဆွေးနွေးဖို့အတွက်ပဲ” လို့သူက ပြောလိုက်တာပါ။

 

ပါကစ္စတန်ကို သွားနေတဲ့လမ်းမှာ ဗန့်စ်က ကောင်းမွန်တဲ့ ရလဒ်ထွက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပေမဲ့ “သူတို့ကသာ ကျွန်တော်တို့ကို လှည့်စားဖို့ ကြိုးစားမယ်ဆိုရင်တော့ ဒီဆွေးနွေးရေးအဖွဲ့က လက်ခံမှာမဟုတ်ဘူးဆိုတာ သူတို့ သိသွားပါလိမ့်မယ်”လို့လည်း ထည့်ပြောခဲ့ပါတယ်။

 

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်က အောင်မြင်မလား၊ ပျက်စီးမလား ဆုံးဖြတ်မယ့် ဆွေးနွေးပွဲလို့ ခေါ်ဆိုလိုက်တဲ့ အဆိုပါ ပွဲမတိုင်ခင် စနေနေ့မှာတော့ အစ္စလာမ္မာဘတ်မြို့ထဲမှာ လုံခြုံရေးတွေကို မကြုံစဖူး တင်းကျပ်ထားပြီးစစ်သားနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ကင်းလှည့်နေကြပါတယ်။

 

ထရမ့်က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ စစ်ပွဲကို နှစ်ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာခဲ့တာကြောင့် အမေရိကန်နဲ့ အစ္စရေးရဲ့ အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်သွားခဲ့ပါတယ်။

 

ဒါပေမဲ့ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားတာကတော့ မပြီးဆုံးသေးပါဘူး။ ဒါဟာ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုမှာ အကြီးမားဆုံး အနှောင့်အယှက် ဖြစ်စေခဲ့သလို၊ လက်ဘနွန်က အစ္စရေးနဲ့ ဟစ်ဇဘိုလာတို့ကြား တိုက်ပွဲတွေကိုလည်း ငြိမ်သက်သွားအောင် မလုပ်နိုင်သေးပါဘူး။

 

သောကြာနေ့က လက်ဘနွန်တောင်ပိုင်းတခွင်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ဆက်ဖြစ်ခဲ့ပါတယ်။ နာဘာတီယာမြို့ကအစိုးရအဆောက်အအုံတခုကို တိုက်ခိုက်ခဲ့တာကြောင့် လက်ဘနွန် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့ သမ္မတဂျိုးဇက်အောင်းန်က ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးမြောက်ပိုင်းက မြို့တွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဟစ်ဇဘိုလာဘက်ကလည်းသူတို့ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ကြေညာခဲ့ပါတယ်။

 

အပစ်အခတ်ရပ်စဲရေး ကြေညာပြီး နာရီပိုင်းအကြာမှာပဲ အစ္စရေးဟာ စစ်ပွဲအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့ပြီး လူနေထူထပ်တဲ့နေရာတွေကို ရုတ်တရက် ဗုံးကြဲခဲ့တာကြောင့် လူပေါင်း ၃၅၀ ကျော် သေဆုံးခဲ့တယ်လို့လက်ဘနွန်အာဏာပိုင်တွေက ပြောပါတယ်။

 

ထရမ့်က အောင်ပွဲခံပြီး အီရန်ရဲ့ စစ်ရေးစွမ်းရည်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကြေညာထားပေမဲ့ သူအစက ချမှတ်ခဲ့တဲ့ရည်မှန်းချက်တော်တော်များများတော့ မအောင်မြင်သေးပါဘူး။

 

အဲဒါတွေကတော့ အီရန်ရဲ့ အိမ်နီးချင်းတွေကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ကို ဖျက်ဆီးဖို့၊ နျူကလီးယားစီမံကိန်းကို ရပ်တန့်ဖို့နဲ့ အီရန်ပြည်သူတွေ အစိုးရကို ဖြုတ်ချနိုင်အောင် လုပ်ဆောင်ပေးဖို့ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

 

အီရန်ဟာ အိမ်နီးချင်းတွေကို တိုက်ခိုက်နိုင်တဲ့ ဒုံးပျံတွေနဲ့ ဒရုန်းတွေ ရှိနေဆဲဖြစ်သလို၊ ဗုံးလုပ်ဖို့ လိုအပ်တဲ့အဆင့်နီးပါးအထိ သန့်စင်ထားတဲ့ ယူရေနီယံ ၄၀၀ ကီလိုဂရမ်ကျော်ကိုလည်း ပိုင်ဆိုင်ထားဆဲပါ။

 

Ref – Reuters