မတ်လအတွင်းမှာ ဧရာဝတီတိုင်းက လူငယ်ဆယ်ဦး ပေါ်တာဆွဲခံခဲ့ရ

“အရင်လက ထူးကြီးဘက်မှာ အဖမ်းခံရတာတွေ ရှိတယ်ဗျ။ စစ်မှုထမ်းဖို့ဖမ်းသွားတာတွေ၊ လူငယ်နှစ်ယောက်။ သတင်းတွေကတော့ သိပ်ပြီးမထွက်ဘူးပေ့ါ။ စစ်မှုထမ်းဖို့အတွက် ဖမ်းတာပိုများတယ်။ အခုနောက်ပိုင်း တောက် လျောက်ပဲ လူငယ်တွေ အဖမ်းခံနေရတာ”

၁၀၊ ဧပြီ။

အရပ်သားပြည်သူတွေကို ပေါ်တာဆွဲ၊ ဖမ်းဆီးကာ စစ်မှုထမ်းပို့နေတဲ့ စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ နိုင်ငံအဝှမ်း ပြည်သူ ၃၅၇ ဦးကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၁၀ ဦးဟာ ဧရာ၀တီတိုင်းအတွင်းက ဖြစ်ပါတယ်။

Spring Revolution Database(SRD)က ဧပြီလ ၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ “အကြမ်းဖက်စစ်ကောင်စီ ကျူးလွန် ခဲ့သော စစ်ရာဇဝတ်မှုမှတ်တမ်း များ” အစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားတာပါ။

ဧရာ၀တီတိုင်းအတွင်းမှ ဖမ်းဆီးခံခဲ့ကြရသူတွေဟာ မတ်လ ၇ ရက်၊ ၁၁ ရက်နဲ့ ၂၁ ရက်နေ့တို့မှာ ဟင်္သာတမြို့ နယ်၊ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်တို့အတွင်း ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။

ရန်ကုန်ကနေ ဧရာ၀တီတိုင်းကို ပြေးဆွဲနေတဲ့ခရီးသည်တင်ကားပေါ်လိုက်ပါလာသူလူငယ်နှစ်ဦးဟာ မတ်လ ၇ ရက်နေ့မှာ ဟင်္သာတမြို့နယ် အထောင်မြို့အဝင်ရှိ လယ်တောစစ်ဆေးရေးဂိတ်မှာ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရ ပါတယ်။

မတ်လ   ၁၁ ရက်နေ့မှာလည်း ရခိုင်ပြည်နယ် စစ်တွေ၊ အမ်းမြို့နယ်တို့ကနေ ဧရာ၀တီတိုင်း ရေကြည်မြို့နယ်ရှိ စစ် ကော်မရှင်အမြာက်တပ်တည်ရှိရာ မြောက်စမ်းကျေးရွာကို စစ်ဘေးရှောင်ဖို့ရောက်လာသူ အရပ်သားပြည်သူ ၄ ဦး ဟာ အာရက္ခတပ်တော်(AA)ကို သတင်းပေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် မတ်လ ၂၁ ရက်နေ့မှာလည်း ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ဝတ်ကုန်း၊ တုံးတောအထက်စု၊ ရှား တောစုကျေးရွာတွေကနေ ပဲနုတ်ပြီးပြန်လာတဲ့ အရပ်သား ၄ ဦးကို အကြမ်းဖက်စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ် လို့ SRD ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့ဟာ SRD က အချက်အလက်အပြည့်အစုံနဲ့ ကောက်ယူရရှိတဲ့အရေအတွက်တွေဖြစ်ပြီး အချက်အလက် မပြည့်စုံတဲ့ သတင်းရင်းမြစ်တွေကို ချန်လှပ်ထားခဲ့ရတာကြောင့် ဖမ်းဆီးခံရတဲ့စာရင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ SRD ကဆိုထားပါတယ်။

ဧရာ၀တီဒေသခံပြည်သူတွေကလည်း ဧရာ၀တီတိုင်းအတွင်း စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံတွေက အပြစ်မဲ့ အရပ်သားတွေကို စစ်မှုထမ်းဖို့အပါအဝင် အခြားသောအကြောင်းတွေနဲ့ ဖမ်းဆီးမှုတွေ ဆက်တိုက်ရှိနေတာကြောင့် မတ်လအတွင်း ဖမ်းဆီးခံရသူဟာ ဒီထက်များနိုင်တယ်လို့ ဆိုပါတယ်။

“အရင်လက ထူးကြီးဘက်မှာ အဖမ်းခံရတာတွေ ရှိတယ်ဗျ။ စစ်မှုထမ်းဖို့ဖမ်းသွားတာတွေ၊ လူငယ်နှစ်ယောက်။ သတင်းတွေကတော့ သိပ်ပြီးမထွက်ဘူးပေ့ါ။ စစ်မှုထမ်းဖို့အတွက် ဖမ်းတာပိုများတယ်။ အခုနောက်ပိုင်း တောက် လျောက်ပဲ လူငယ်တွေ အဖမ်းခံနေရတာ” လို့ ဧရာ၀တီတိုင်း မြန်အောင်မြို့နယ်မှ အမည်မဖော်လိုသူ လူငယ်တဦး က​ ပြောပါတယ်။

အဲဒီကောက်ယူရရှိထားတဲ့ အချက်အလက်တွေဟာ အကြမ်းဖက်စစ်တပ်အတွက် လစဥ်စစ်မှုထမ်းခေါ်ယူနေတဲ့ အရေအတွက် (၅,၀၀၀) ဦးအထဲက အချက်အလက်ပြည့်စုံတဲ့ မှတ်တမ်းတွေကိုပဲ ထုတ်ပြန် ရေးသားထားတာဖြစ်ပြီး အခုရရှိထားတဲ့ ဖမ်းဆီးခံရတဲ့စာရင်းဟာ လစဥ်စစ်မှုထမ်းအတွက် (၅,၀၀၀) ဦးအပြင် ထပ်တိုး ဖမ်းဆီးခံရသူတွေလည်း ပါဝင်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် အရပ်သားပြည်သူတွေ နိုင်ငံအတွင်းမလုံခြုံတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေဆီ အရေးပေါ် တိမ်းရှောင်စဥ် ပြည်ပနိုင်ငံတွေမှာ ဖမ်းဆီးခံရကာ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရတာတွေလည်း ရှိနေတဲ့အတွက် ပြည်ပ နိုင်ငံများမှာပါ ဖမ်းဆီးမခံရအောင် ဂရုစိုက်ဖို့လိုတယ်လို့ SRD အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

စစ်ကော်မရှင် လက်အောက်ခံ ရဲ၊အုပ်ချုပ်ရေးနဲ့ စစ်တပ်တို့ဟာ ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်လာတဲ့ ၂၀၂၅ နဲ့ အခု ၂၀၂၆ ခုနှစ်တို့ အတွင်းမှာ အဖမ်းအဆီးတွေ ပိုလုပ်လာတာ တွေ့ရပြီး ဖမ်းဆီးခံရသူတွေ နေ့စဉ်နီးပါး ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ရပ်ကွက်၊ ကျေးရွာတွင်း သောက်စား၊ မူးယစ်တဲ့ လူငယ်တွေ၊ ခိုး၊ လုတဲ့လူငယ်တွေ၊ ပင်ပင်ပန်းပန်း နေ့စားလုပ်ကိုင်နေကြရတဲ့ မိသားစုနောက်ခံ မရှိသူတွေကို ဖမ်းဆီး၊ ချုပ်နှောင်ကာ စစ်မှုထမ်းပို့တာ တွေလည်း လုပ်နေပါတယ်။

အဲဒီလို အဖမ်းအဆီးတွေကြောင့် သားယောကျ်ားရှိတဲ့ ပြည်သူတွေမှာ စိုးရိမ်မကင်းအခြေအနေနဲ့ နေထိုင်နေကြရ တယ်လို့ ဆိုပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့လတွေတုန်းက ကျေးရွာအုပ်စုတခုက တလမှာ လူတယောက်နှုန်း ဝန်းကျင်သာ စစ်မှုထမ်းခေါ်ခဲ့ပေမယ့် အခုနောက်ပိုင်း တရွာတယောက်နှုန်းထိ တိုးခေါ်နေတာကြောင့် စစ်မှုထမ်းကြေးတွေ လည်း တိုးပေးနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။