
လက်ရှိမှာ ဓါတ်ဆီတလီတာကို ဆီဆိုင်တွေမှာ ကျပ် ၄၅၀၀ စျေးရှိနေပြီး ပြင်ပမှောင်ခို ဆိုင်တွေမှာတော့ တသောင်းဝန်းကျင်ကနေ တသောင်းခွဲထိ စျေးရှိနေတာပါ။
၇၊ ဧပြီ။
ဧရာ၀တီတိုင်း ပုသိမ်မြို့ဆီဆိုင်တွေမှာ QR ကုတ်နဲ့ ဆီတွေ စဖြည့်နေကြရပြီ ဖြစ်ပေမယ့် လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေနဲ့ လိုင်စင်ရှိပေမယ့် QR ကို Scan ဖတ်မရတဲ့ ဆိုင်ကယ်တွေ အများစု ရှိနေပြီး အဲဒီ ဆိုင်ကယ်တွေဟာ ဆီမဖြည့် ရဖြစ်နေကြပါတယ်။
“ဆိုင်ကယ်အများစုဗျ ဆီဖြည့်မရတာ။ ဆီဆိုင်မှာ ဖြည့်မရတော့ အရေးအကြောင်း သွားဖို့လိုရင် ရပ်ကွက်ဆီဆိုင်က မှောင်ခိုဝယ်ရတယ်။ တလီတာ တသောင်းနဲ့။ ဆိုင်ကယ်အကုန်လုံး ဖြည့်လို့ရအောင် လုပ်ရမယ်။ မဟုတ်ရင် မှောင်ခိုစျေးကလည်း ရှိနေမှာပဲ” လို့ ပုသိမ်မြို့မှာ နေထိုင်တဲ့ လူငယ်တဦးက ပြောပါတယ်။
အဲဒီ QR ကုတ်နဲ့ ဆီဖြည့်ပေးတဲ့စနစ်ကို ဧပြီလ ၄ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး QR ကုတ်စနစ်နဲ့ ဆီဖြည့်ရတယ် ဆိုပေမယ့် အရင်တုန်းကလိုမျိုး စုံ၊ မ ခွဲပြီး တန်းစီ၊ ဆီဖြည့်နေကြရသေးတာပါ။ ဆီဖြည့်ဖို့ လာတန်းစီးကြသူတွေ အများအပြားရှိပြီး Scan ဖတ်မရသူတွေဟာ ဆီမရဘဲ ပြန်သွားကြရတာ ဖြစ်ပါတယ်။
အဲဒီလို QR ကုတ်နဲ့ ဆီဖြည့်ကြရတဲ့ ဆီဆိုင်တွေမှာ ဆိုင်ကယ်တွေဟာ တပတ်မှာ တကြိမ်၊ တကြိမ်မှာ ဆီရှစ်လီတာ ဆီဖြည့်ခွင့်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုင်ကယ်တွေရဲ့ ဆီတိုင်ကီတွေဟာ အနည်းဆုံး နှစ်လီတာကျော်ကနေ လေးလီတာ ဝန်းကျင်ထိသာ ဆံ့တာမို့ ဆီအပြည့်မရ ဖြစ်နေကြပါတယ်။
“ကျွန်မဆိုင်ကယ်ဆိုရင် 110 Luojia ၊ တိုင်ကီက သေးသေးလေး၊ နှစ်လီတာကျော်ကျော်ပဲ ဆံ့တယ်။ Smash တို့ Honda တို့ဆိုလည်း လေးလီတာလောက်ပဲ ဆံ့တာ။ သတ်မှတ်ထားတဲ့ဆီပမာဏ မပြည့်မရဘူးဖြစ်တာပေ့ါ” လို့ ပုသိမ်မြို့မှာ တက္ကသိုလ်တက်နေတဲ့ ကျောင်းသူတဦးက ပြောပါတယ်။
Scan ဖတ်မရလို့ ဆီမဖြည့်ကြရသူတွေအပြင် Scan ဖတ်လို့ရပေမယ့် ဆီဆိုင်မှာ ဆီမရှိတော့တာမို့ ဆီမဖြည့်ဘဲ ပြန်လှည့်လာကြရသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီလို ဆီဆိုင်တွေမှာ ဆီဖြည့်မရကြတဲ့အခြေအနေမှာ ဆီဆိုင်ကြီးတွေဟာ ပြင်ပမှောင်ခိုဆိုင်တွေကို ဆီခိုးထုတ် ရောင်းနေပြီး စျေးအဆမတန် တင်ရောင်းနေကြတာတွေလည်း ပိုများလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ ဓါတ်ဆီတလီတာကို ဆီဆိုင်တွေမှာ ကျပ် ၄၅၀၀ စျေးရှိနေပြီး ပြင်ပမှောင်ခို ဆိုင်တွေမှာတော့ တသောင်းဝန်းကျင်ကနေ တသောင်းခွဲထိ စျေးရှိနေတာပါ။
ဝန်ထမ်းတွေကတော့ QR ကုတ်နဲ့ တန်းစီစရာမလိုဘဲ ဆီဖြည့်ခွင့်ရပြီး တခါဖြည့်ရင် ၅၀၀၀ ဖိုး၊ ၇၀၀၀ ဖိုးထိ ဖြည့်လို့ရတယ်လို့ ပုသိမ်မြို့မှ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။
တစ်နိုင်ငံလုံးမှာ ဖွင့်လှစ်ရောင်းချနေတဲ့ စက်သုံးဆီဆိုင်ပေါင်း ၂၉၄၃ ဆိုင်ရှိတဲ့အနက် ဆိုင်ပေါင်း ၈၇၉ ဆိုင်မှာ Bar Code/ QR Code တွေကို Scan ဖတ်ပြီး ရောင်းချပေးတဲ့စနစ် စသုံးနေပြီဖြစ်ပြီး အခုပတ်ကစကာ ပုသိမ်မြို့နဲ့ ရန်ကုန် – ပြည် – မကွေးလမ်းမကြီး တလျှောက်ရှိ မြို့တွေမှာ စတင် အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ စစ်ကော်မရှင်က အသိပေးထားပါတယ်။
စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေမှုဟာ ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သား မိသားစုတွေ နဲ့ လယ်ယာလုပ်သူတွေရဲ့ စားဝတ်နေရေးကို တိုက်ရိုက် ခြိမ်းခြောက်နေပြီး ဒေသခံတွေ သွားလာရေးအတွက် အခက်ကြုံ လာနေပါတယ်။
ငါးဖမ်းလှေတွေ ရပ်နားထားရတာ၊ စိုက်ခင်းတွေ ပျက်စီးသွားတာတွေနဲ့ ကြုံနေကြရသလို နွေစပါး စိုက်ထားသူတွေမှာလည်း စပါးစျေးကောင်းမရချိန် စက်သုံးဆီ စျေးအလွန်တက်နေတော့ ရိတ်သိမ်းဖို့ အခက်အခဲ ရှိနေကြတာပါ။
ဒါ့အပြင် ဧရာ၀တီတိုင်းအတွင်း မြို့ချင်းဆက်လမ်းတွေကို ပြေးဆွဲနေတဲ့ ကားခတွေ၊ ဧရာ၀တီ – ရန်ကုန်ကားခတွေဟာလည်း နှစ်ဆကနေ သုံးဆထိ စျေးတက်နေပြီး သင်္ကြန်ကာလ အလုပ်ပိတ်ရက် အိမ်ပြန်မယ့် သူတွေနဲ့ ခရီးသွားတွေ အခက်အခဲ ကြုံနေကြရပါတယ်။