ဧရာဝတီတိုင်းမှာ နေ့အပူချိန်နဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်တက်လာနေ

“ ဧရာဝတီမှာဆိုရင် စိုက်ပျိုးရေးလုပ်သူတွေ၊ ငါးကန်တွေ၊ ဆားကွင်းတွေ၊ နောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကြသူတွေဂရုစိုက်ရမယ်။ သူတို့ကို နေပူကြီးထဲ မလုပ်ပါနဲ့လို့ ကန့်သတ်လို့ရတာမျိုး မဟုတ်ဘူး။ ဒီတော့ အသက်ကို ဉာဏ်စောင့်တယ်ပေါ့ ဒီလိုပဲပြောချင်တယ် ”

၇၊ ဧပြီလ။

ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံတောင်ဘက်ပိုင်းဒေသတွေမှာ ခရမ်းလွန်ရောင်ခြည် (UV Index) အညွှန်းကိန်းဟာ ၁၂ (EXTREME LEVEL)ကို ရောက်ရှိနေပြီး ဒါဟာ အလွန်အန္တရာယ်များတဲ့ အဆင့်ဖြစ်တာကြောင့် မနက် ၁၁ နာရီကနေ မွန်းလွဲ ၃ နာရီအတွင်း နေရောင်ခြည်အောက်မှာ ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်ခြင်းတွေကို ဂရုစိုက်ဖို့လိုတယ်လို့ မိုးဇလနဲ့ ကျန်းမာရေး ဆိုင်ရာကျွမ်းကျင် ပညာရှင်တွေက သတိပေးထားပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်တက်တယ်ဆိုတာဟာ အပူချိန်မြင့်တက်လာခြင်းနဲ့ တိုက်ရိုက် ပတ်သက် ဆက်နွယ်ခြင်းတော့ မရှိပါဘူး။

ဒါပေမယ့် ဧရာဝတီတိုင်းအတွင်းမှာ လာမယ့်ရက်သတ္တပတ်အတွင်း နေ့အပူချိန်တွေ ၄၂ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာနိုင်သလို လေထုညစ်ညမ်းမှုလည်း ရှိနေတာကြောင့် အခုလို ခရမ်းလွန်ရောင်ခြည် ပါဝင်မှုတွေပါ မြင့်တက်လာမယ်ဆိုရင် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ ထိရှလွယ်သူတွေအတွက် အန္တရာယ်ရှိတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။

“ဒီလောက်မြင့်တယ်ဆိုရင် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုနဲ့ ထိရှလွယ်တဲ့ အခြေအနေမှာ ရှိတဲ့သူတွေအတွက် အန္တရာယ်ရှိတယ်။ ကိုယ်ဝန်ဆောင်တို့ နာတာရှည်ရောဂါ ရှိသူတို့ပေါ့။ အခုက လယ်သိမ်းချိန်ဖြစ်တယ် နောက်ပြီး ဆီကလည်း တန်းစီရသေးတယ် ဆိုတော့ အဲ့လိုတွေ မလုပ်ပါနဲ့လို့ ပြောလို့ကလည်း မရဘူးပေါ့ ” လို့ လက်ရှိပြည်တွင်းမှာနေထိုင်ပြီး ရပ်ရွာ အခြေပြု ကျန်းမာရေး အထောက်အကူပြု လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ တဦးက ဆိုပါတယ်။

သူ့အနေနဲ့ လက်ရှိအချိန်မှာ ဧရာဝတီတိုင်းအတွင်းက ကျေးရွာတခုရဲ့ မှာ စေတနာဝန်ထမ်းအဖြစ် ရပ်ရွာ အခြေပြု ကျန်းမာ‌ရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေသူဖြစ်ပြီး သူရှိတဲ့ ဒေသက ဒေသန္တရ ဆေးပေးခန်းမှာတော့ အပူရှပ်(Heat Shock) လူနာတွေအတွက် ရှေးဦးသူနာပြုစုနည်းကလွဲရင် စောင့်ကြည့် ကုသနိုင်တဲ့ ဆေးဝါးတွေ ရှိမနေဘူးလို့ ဆိုပါတယ်။

“ လက်ရှိ အပူချိန်နဲ့ဆက်စပ် အခြေအနေတွေကြောင့် ရှိတဲ့အပူချိန်ထက် ပိုပူတယ်လို့ ခံစားရနိုင်တယ်။ ဆီတန်းစီကြမယ့် လူတွေလည်း ဂရုစိုက်ကြဖို့လိုတယ် ” လို့ မိုးဇလ ကျွမ်းကျင်ပညာရှင် ဦးဝင်းနိုင်ကလည်း ပြောပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရနဲ့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ အပူချိန်နဲ့ ခရမ်းလွန်ရောင်ခြည်သင့်မှုကို ကာကွယ်နိုင်ဖို့ နေပူထဲမထွက်ကြဖို့၊ ထွက်မယ်ဆိုရင်လည်း ထီး၊ ဦးထုတ်တွေ အပါအဝင် အရေပြားတွေကို ဖုံးအုပ်ကာကွယ်ထားနိုင်တဲ့ အဝတ်အစားမျိုးတွေကို ဝတ်ဆင်ကြဖို့၊ ရေများများသောက်သုံးကြဖို့ စသဖြင့် တိုက်တွန်းမှုတွေ ပြုလုပ်ထားပါတယ်။

“ ဧရာဝတီမှာဆိုရင် စိုက်ပျိုးရေးလုပ်သူတွေ၊ ငါးကန်တွေ၊ ဆားကွင်းတွေ၊ နောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကြသူတွေဂရုစိုက်ရမယ်။ သူတို့ကို နေပူကြီးထဲ မလုပ်ပါနဲ့လို့ ကန့်သတ်လို့ရတာမျိုး မဟုတ်ဘူး။ ဒီတော့ အသက်ကို ဉာဏ်စောင့်တယ်ပေါ့ ဒီလိုပဲပြောချင်တယ် ” လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဝန်ထမ်းတဦးက ဆိုပါတယ်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၁၁+ (ဥပမာ – ၁၂,၁၃) ဆိုတာဟာ အရေပြား နေပူလောင်မှုဆိုးရွားခြင်း၊ မျက်လုံးကိုထိခိုက်မှုဖြစ်စေပြီး တိမ်စွဲစေခြင်း၊ အရေပြားကင်ဆာ ဖြစ်ပွားနိုင်တဲ့ အခြေအနေကို ကြုံရနိုင်ပြီး နေရောင်ခြည်နဲ့ အရေပြားတိုက်ရိုက်ထိတွေ့ချိန် ကြာလေ ဖြစ်ပွားနိုင်ချေ များလေဖြစ်ပါတယ်။

တချိန်တည်းမှာ အပူချိန်တွေလည်း မြင့်တက်နေတာကြောင့် ရုတ်တရက် အပူရှပ်ခြင်း (Heat Shock)ကြောင့် အသက်အန္တရာယ် ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။

ဒါအပြင် လေထုညစ်ညမ်းမှုကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

လက်ရှိ ဧရာဝတီတိုင်းက ရာသီဥတုနဲ့ ပတ်သက်လို့ ဒီအခြေအနေတွေကို ရင်ဆိုင်နေရသလို စိုက်ပျိုးရေးလုပ်ငန်းက ဆုံးရှုံးမှုတွေ၊ စစ်ကောင်စီရဲ့ ပေါ်တာဆွဲမှုတွေ၊ စစ်မှုထမ်းထောက်ပံ့ကြေးတွေကို ဖိအားပေး ကောက်ခံနေတာတွေ စတဲ့ကိစ္စတွေကိုလည်း ကြုံတွေ့နေရပါတယ်။