
အဆိုပါ ဖြစ်ရပ်မှာ အမျိုးသားထောက်လှမ်းရေးဌာန (NIS) ဝန်ထမ်းတဦးနဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်ဘက်အရာရှိတဦးတို့ ပါဝင်ပတ်သက်နေတာကို တောင်ကိုရီးယားအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိခဲ့ရတယ်လို့ သမ္မတက ဆိုပါတယ်။
၆၊ ဧပြီ။
အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ တောင်ကိုရီးယားနိုင်ငံသားတဦး လုပ်ဆောင်ခဲ့တဲ့ ဒရုန်းကျူးကျော်မှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားကို တနင်္လာနေ့မှာ ဝမ်းနည်းကြောင်း ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် နောက်နောင်မှာ အဆိုပါ ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် တားဆီးသွားမယ်ဆိုတာကိုလည်း ဆိုးလ်အစိုးရက အလေးအနက်ထား ကတိပြုလိုက်ပါတယ်။
“ဒါဟာ ကျွန်တော်တို့ အစိုးရရဲ့ ရည်ရွယ်ချက်မဟုတ်ပေမဲ့လည်း လူတစုရဲ့ တာဝန်မဲ့ပြီး မဆင်မခြင် လုပ်ရပ်တွေကြောင့် မလိုအပ်ဘဲ စစ်ရေးအရ တင်းမာမှုတွေ ဖြစ်ခဲ့ရတဲ့အပေါ် မြောက်ကိုရီးယားကို ဝမ်းနည်းကြောင်း ဖော်ပြချင်ပါတယ်”လို့ သမ္မတလီကအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဖြစ်ရပ်မှာ အမျိုးသားထောက်လှမ်းရေးဌာန (NIS) ဝန်ထမ်းတဦးနဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်ဘက်အရာရှိတဦးတို့ ပါဝင်ပတ်သက်နေတာကို တောင်ကိုရီးယားအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိခဲ့ရတယ်လို့ သမ္မတက ဆိုပါတယ်။
မြောက်ကိုရီးယားအပေါ် တဦးတယောက်ချင်းစီက ရန်စတဲ့ လုပ်ရပ်မျိုးတွေ မလုပ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တားမြစ်ထားတယ်လို့လည်း သူက ထပ်လောင်းပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ တောင်ဘက်က လွှတ်လိုက်တဲ့ ဒရုန်းတွေဟာ သူတို့ရဲ့ ဝေဟင်ပိုင်နက်ကို ကျူးကျော်ခဲ့တယ်လို့ပြုံယမ်းဘက်က ပြောခဲ့ပါတယ်။
ဒါဟာ ဆိုးလ်အစိုးရရဲ့ ပြင်းထန်တဲ့ ရန်စမှုဖြစ်တယ်လို့ စွပ်စွဲခဲ့သလို အဆိုပါ ဒရုန်းတွေကို ပစ်ချခဲ့တယ်လို့လည်း ဆိုထားပါတယ်။
တောင်ကိုရီးယားဘက်ကတော့ စစ်တပ်နဲ့ ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းစုံစမ်းစစ်ဆေးရေးကို လုပ်ဆောင်ခဲ့ပါတယ်။
အာဏာပိုင်တွေရဲ့ အဆိုအရ ခွင့်ပြုချက်မရှိဘဲ ဒရုန်းပျံသန်းမှုတွေနဲ့ ပတ်သက်ပြီး လေကြောင်းဥပဒေနဲ့ နိုင်ငံတော်လုံခြုံရေးဥပဒေတွေကို ချိုးဖောက်မှုနဲ့ အသက် ၃၀ အရွယ် တောင်ကိုရီးယား အမျိုးသားတဦးကို အစိုးရရှေ့နေတွေက တရားစွဲဆိုထားပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားကို သူတို့ရဲ့ အဓိက ရန်သူနိုင်ငံအဖြစ် ကြေညာထားခဲ့ပြီး သမ္မတလီရဲ့ အစိုးရအဖွဲ့က ကမ်းလှမ်းတဲ့ ဆက်ဆံရေး တိုးမြှင့်မှုတွေကိုလည်း ပယ်ချထားပါတယ်။