
“အရင်နဲ့ကတော့ သိပ်မထူးဘူး။ တန်းစီကြတာပဲ။ အကြာကြီးတန်းစီပြီးမှ မထည့်ရတဲ့သူတွေ မနည်းဘူး ဒီနေ့ တွေ့ခဲ့တာ။
၄၊ ဧပြီ။
ဧရာ၀တီတိုင်း ပုသိမ်မြို့ဆီဆိုင်တွေမှာ QR ကုတ်နဲ့ ဆီတွေစဖြည့် နေကြရပြီဖြစ်ပြီး အချိန်အတော်ကြာ တန်းစီပြီးမှ QR ကို Scan ဖတ်မရတာကြောင့် ဆီမထည့်ဘဲ ပြန်လာခဲ့ကြရသူတွေလည်း များစွာရှိနေပါတယ်။
“နှစ်နာရီလောက် တန်းစီပြီးမှ Scan ဖတ်မရလို့ ပြန်လာခဲ့ရတယ်။ လူတွေကတော့ အများကြီးပဲ တန်းစီကြတာ။ ဆီက တခါဖြည့်ရင် လေးလီတာရတယ်။ တပတ်မှာ နှစ်ရက်ဖြည့်လို့ရမယ်လို့ ပြောကြတယ်။ ကိုယ်တော့ မဖြည့်ခဲ့ရဘူး” လို့ ပုသိမ်မြို့မှာ နေထိုင်တဲ့လူငယ်တဦးက ပြောပါတယ်။
အဲဒီ QR ကုတ်နဲ့ ဆီဖြည့်ပေးတဲ့စနစ်ကို ဒီနေ့ စတင်ခဲ့တာဖြစ်ပြီး ပုံမှန်နေ့တွေကလိုပဲ ကားနဲ့ဆိုင်ကယ်တွေ အများအပြား တန်းစီခဲ့ကြတယ်လို့ ဆိုပါတယ်။ QR ကုတ်စနစ်နဲ့ ဆီဖြည့်ရတယ် ဆိုပေမယ့် အရင်တုန်းကလိုမျိုး စုံ၊ မ ခွဲပြီး တန်းစီ၊ ဆီဖြည့်နေကြရသေးတာပါ။
“အရင်နဲ့ကတော့ သိပ်မထူးဘူး။ တန်းစီကြတာပဲ။ အကြာကြီးတန်းစီပြီးမှ မထည့်ရတဲ့သူတွေ မနည်းဘူး ဒီနေ့ တွေ့ခဲ့တာ။ အဲလို မဖြစ်အောင် လုပ်ဖို့လိုတယ်” လို့ အထက်ပါလူငယ်က ပြောပါတယ်။
ဝန်ထမ်းတွေကတော့ QR ကုတ်နဲ့ တန်းစီစရာမလိုဘဲ ဆီဖြည့်ခွင့်ရပြီး တခါဖြည့်ရင် ၅၀၀၀ ဖိုး၊ ၇၀၀၀ ဖိုးထိ ဖြည့်လို့ရတယ်လို့ ပုသိမ်မြို့မှ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။ “QR ကုတ်က ဒီနေ့ စပေးတာ။ ဝန်ထမ်းတွေကတော့ ရတယ်။ ယူနီဖောင်းနဲ့မှ ရတာ။ မြို့ပြင်ကထုတ်ရတာ” လို့ သူက ဆိုပါတယ်။
တစ်နိုင်ငံလုံးမှာ ဖွင့်လှစ်ရောင်းချနေတဲ့ စက်သုံးဆီဆိုင်ပေါင်း ၂၉၄၃ ဆိုင်ရှိတဲ့အနက် ဆိုင်ပေါင်း ၈၇၉ ဆိုင်မှာ Bar Code/ QR Code တွေကို Scan ဖတ်ပြီး ရောင်းချပေးတဲ့စနစ် စသုံးနေပြီဖြစ်ပြီး အခုပတ်ကစကာ ပုသိမ်မြို့နဲ့ ရန် ကုန် – ပြည် – မကွေးလမ်းမကြီး တလျှောက်ရှိ မြို့တွေမှာ စတင် အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ စစ်ကော်မရှင်က အသိပေးထားပါတယ်။
လက်ရှိမှာ ဓါတ်ဆီတလီတာကို ဆီဆိုင်တွေမှာ ကျပ် ၄၅၀၀ စျေးရှိနေပြီး ပြင်ပမှောင်ခို ဆိုင်တွေမှာတော့ တသောင်းဝန်းကျင်ထိ စျေးရှိနေတာပါ။
ဧရာ၀တီတိုင်းအတွင်းမှာ ဓါတ်ဆီဆိုင်ကြီးတွေကနေ ပြင်ပမှောင်ခိုရောင်းသူတွေဆီ ဓါတ်ဆီပေပါလိုက် ထုတ်ရောင်းပြီး မှောင်ခိုစျေးကွက်မှာ စျေးတင်ရောင်းနေကြတာကြောင့် ဆီစျေးပိုတက်လာပြီး တလီတာကို ကျပ်တ သောင်းခွဲဝန်းကျင်ထိ စျေးရှိနေပါတယ်။
စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေမှုဟာ ဧရာဝတီတိုင်း ကမ်းရိုးတန်းဒေသက ရေလုပ်သားမိသားစုတွေ နဲ့ ဆောင်းသီးနှီး၊ လယ်ယာလုပ်သူတွေရဲ့ စားဝတ်နေရေးကို တိုက်ရိုက် ခြိမ်းခြောက်နေပြီး ဒေသခံတွေ သွားလာရေး အတွက် အခက်ကြုံ လာနေပါတယ်။
ငါးဖမ်းလှေတွေ ရပ်နားထားရတာ၊ စိုက်ခင်းတွေ ပျက်စီးသွားတာတွေနဲ့ ကြုံနေကြရသလို နွေစပါးစိုက်ထားသူတွေ မှာလည်း စပါးစျေးကောင်းမရချိန် စက်သုံးဆီ စျေးအလွန်တက်နေတော့ ရိတ်သိမ်းဖို့ အခက်အခဲရှိနေကြတာပါ။
ဒါ့အပြင် ဧရာ၀တီတိုင်းအတွင်း မြို့ချင်းဆက်လမ်းတွေကို ပြေးဆွဲနေတဲ့ ကားခတွေ၊ ဧရာ၀တီ – ရန်ကုန်ကားခတွေ ဟာလည်း နှစ်ကနေ သုံးဆထိ စျေးတက်နေပြီး သင်္ကြန်အိမ်ပြန်မယ့်သူတွေနဲ့ ခရီးသွားတွေ အခက်အခဲကြုံနေကြ ရပါတယ်။