
အဆိုပါ F-15 တိုက်လေယာဉ်ကို ပစ်ချခဲ့တာလို့ တီဟီရန်ဘက်က ပြောဆိုထားပြီး အမေရိကန် မီဒီယာတွေကတော့ လေယာဉ်မှူးနှစ်ဦးထဲက တဦးကို အမေရိကန် အထူးတပ်ဖွဲ့တွေက ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။
၄၊ ဧပြီ။
စစ်ပွဲစတင်ချိန်ကတည်းက အီရန်နိုင်ငံအတွင်း ပထမဆုံးအကြိမ် ပျက်ကျသွားတဲ့ အမေရိကန် တိုက်လေယာဉ်မှူးတွေကို ရှာဖွေဖို့အတွက် အီရန်နဲ့ အမေရိကန် တပ်ဖွဲ့တွေဟာ ဧပြီ ၄ ရက်၊ စနေနေ့ အစောပိုင်းမှာ အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။
အဆိုပါ F-15 တိုက်လေယာဉ်ကို ပစ်ချခဲ့တာလို့ တီဟီရန်ဘက်က ပြောဆိုထားပြီး အမေရိကန် မီဒီယာတွေကတော့ လေယာဉ်မှူးနှစ်ဦးထဲက တဦးကို အမေရိကန် အထူးတပ်ဖွဲ့တွေက ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။
ဒါ့အပြင် ပင်လယ်ကွေ့အတွင်းမှာ အမေရိကန်ရဲ့ A-10 မြေပြင်တိုက်ခိုက်ရေး လေယာဉ်တစင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ အီရန်စစ်တပ်က ပြောပါတယ်။ လေယာဉ်မှူးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ရေးသားဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ တလကျော်က အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့ပြီး အဆင့်မြင့်ဆုံးခေါင်းဆောင် အလီခါမေနီသေဆုံးခဲ့ရာကနေ စစ်ပွဲ စတင်ခဲ့တာပါ။
အဲဒီနောက်မှာတော့ လက်တုံ့ပြန်မှုတွေကနေတဆင့် အရှေ့အလယ်ပိုင်း တခုလုံးကို ပဋိပက္ခတွေ ပြန့်နှံ့သွားခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေခဲ့သလို ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာကိုလည်း ထိခိုက်စေခဲ့ပါတယ်။
F-15 လေယာဉ် ဆုံးရှုံးမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို အမေရိကန် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလဲဗစ်ကတော့ “ဒီအကြောင်းကို သမ္မတကြီးဆီတင်ပြထားပြီးပြီ” လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ F-15 ဆုံးရှုံးသွားတာဟာ အီရန်နဲ့ ညှိနှိုင်းမှုတွေအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့NBC သတင်းဌာနကို ပြောပြီး “လုံးဝ မရှိပါဘူး။ ဒါဟာ စစ်ပွဲပဲလေ” လို့ သူက ဖြေပါတယ်။
အီရန်စစ်တပ်ရဲ့ ဗဟိုစစ်ဆင်ရေးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ အီရန်နိုင်ငံ အလယ်ပိုင်း လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အမေရိကန် ဂျက်တိုက်လေယာဉ်တစင်းကို IRGC လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အဆင့်မြင့် စနစ်တွေနဲ့ပစ်ချဖျက်ဆီးလိုက်ပြီလို့ ပြောပါတယ်။
“အဲဒီဂျက်လေယာဉ်ဟာ လုံးဝ ပျက်စီးသွားပြီဖြစ်ပြီး ဆက်လက် ရှာဖွေမှုတွေ လုပ်နေပါတယ်” လို့လည်း သူက ဆိုပါတယ်။ အီရန်ပြည်တွင်းရုပ်သံလိုင်းတခုက သတင်းထောက်ကတော့ လေယာဉ်မှူးကို အရှင်ဖမ်းမိသူ ဘယ်သူမဆို တန်ဖိုးရှိတဲ့ ဆုလာဘ်ကို ရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ အီရန်စစ်ဆင်ရေးအတွင်းမှာ လေယာဉ်တချို့ ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အီရတ်မှာ ပျက်ကျခဲ့တဲ့ ဆီတင်လေယာဉ်တစင်းနဲ့ ကူဝိတ်ဘက်က မှားယွင်းပစ်ခတ်မှုကြောင့် ပျက်ကျခဲ့တဲ့ F-15 သုံးစင်းလည်း ပါဝင်ပါတယ်။
တိုက်ပွဲဝင် ပျံသန်းမှု အတွေ့အကြုံ နာရီ ၄၀၀ ရှိတဲ့ အမေရိကန် အငြိမ်းစား ဗိုလ်မှူးချုပ် ဟူစတန် ကန့်ဝဲလ်ကတော့ လေယာဉ်ပျက်ကျသွားတဲ့ လေယာဉ်မှူးတွေအတွက် အဓိက အရေးကြီးဆုံးက သူတို့ ဘယ်နေရာမှာ ရှိနေလဲဆိုတာ သိဖို့နဲ့ ဘယ်လို ဆက်သွယ်ရမလဲဆိုတာ သိဖို့ဖြစ်တယ်လို့ ပြောပါတယ်။
“ကျွန်တော်သာဆိုရင်တော့ ဖမ်းဆီးမခံရဖို့အတွက် အရင်ဆုံး ပုန်းနေဖို့ကိုပဲ ဦးစားပေးမှာပါ”လို့ သူက AFP ကို ပြောပါတယ်။
တချိန်တည်းမှာပဲ အစ္စရေး၊ အီရန်၊ လက်ဘနွန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေမှာ တိုက်ခိုက်မှုအသစ်တွေ ရှိနေပါတယ်။ တီဟီရန်မြောက်ပိုင်းမှာလည်း အင်အားပြင်းတဲ့ ပေါက်ကွဲသံကြီးတွေ ကြားနေရတယ်လို့ AFP သတင်းထောက်တဦးက ပြောပါတယ်။
အစ္စရေးကတော့ တီဟီရန်မြို့တော်ကို ဆက်တိုက် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေသလို ဘေရွတ်မှာလည်း ပြိုင်တူ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ဘက်ပေါင်းစုံက တိုက်ခိုက်မှုတွေဟာ စီးပွားရေးနဲ့ စက်မှုဇုန်တွေကို ပိုမို ပစ်မှတ်ထားလာတာကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် ထောက်ပံ့မှုတွေ ပြတ်တောက်သွားမှာကို စိုးရိမ်နေကြပါတယ်။
Ref – Reuters