ဟော်မုဇ်ရေလက်ကြားအရေး ဆုံးဖြတ်ချက်ချဖို့ ကုလသမဂ္ဂ မဲခွဲမယ်

ကြာသပတေးနေ့မနက်ပိုင်း လုံခြုံရေးကောင်စီမှာ ပြောကြားတဲ့ မှတ်ချက်တွေအရ တရုတ်နိုင်ငံရဲ့ကုလသမဂ္ဂသံအမတ် ဖူကုန်းက အင်အားသုံးဖို့ ခွင့်ပြုချက်ပေးတာကို ကန့်ကွက်ခဲ့ပါတယ်။

 

၃၊ ဧပြီ။

 

ဟော်မုဇ်ရေလက်ကြားနဲ့ အနီးတဝိုက်မှာ ကုန်သွယ်ရေးသင်္ဘောတွေ ဘေးကင်းလုံခြုံဖို့ ဘာရိန်းနိုင်ငံက တင်သွင်းတဲ့ အဆိုပြုချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်တော့မယ်လို့ သံတမန်တွေကသောကြာနေ့မှာ ပြောပါတယ်။

 

ဒါပေမဲ့ ဗီတိုအာဏာပိုင် တရုတ်နိုင်ငံကတော့ အင်အားသုံးဖို့ ခွင့်ပြုချက်ပေးတာကို ကန့်ကွက်ကြောင်းအတိအလင်း ပြောထားပါတယ်။

 

လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံရဲ့ အစည်းအဝေးနဲ့ မဲခွဲမှုကို အရင်က သောကြာနေ့မှာ လုပ်ဖို့ စီစဉ်ထားပေမယ့် အခုတော့ စနေနေ့မနက်ပိုင်းကို ပြောင်းလိုက်ပြီလို့ သံတမန်နှစ်ဦးက ဆိုပါတယ်။ သောကြာနေ့ကကုလသမဂ္ဂရဲ့ ရုံးပိတ်ရက် ဖြစ်နေလို့ပါ။

 

ဖေဖော်ဝါရီလကုန်ပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရေနံစျေးနှုန်းတွေဟာ ထိုးတက်သွားခဲ့ပါတယ်။

 

တလကျော်ကြာလာပြီဖြစ်တဲ့ အဆိုပါ ပဋိပက္ခကြောင့် အဓိက ရေကြောင်းကုန်သွယ်ရေးလမ်းမကြီးဟာလည်း ပိတ်ဆို့သွားခဲ့ပါတယ်။

 

လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘာရိန်းနိုင်ငံဟာ ကုန်သွယ်ရေးသင်္ဘောတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ ခုခံကာကွယ်ရေးနည်းလမ်းအားလုံးကို အသုံးပြုခွင့်ပေးမယ့် ဆုံးဖြတ်ချက်မူကြမ်းကိုအပြီးသတ်လိုက်ပြီလို့ သံတမန်တွေက ပြောပါတယ်။

 

ကြာသပတေးနေ့အစောပိုင်းမှာ ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာတစ် ဘင် ရာရှစ် အယ်လ် ဇေယာနီက သောကြာနေ့မှာ မဲခွဲမှာဖြစ်ပြီး ဘာရိန်းအနေနဲ့ အရေးပါတဲ့ ကောင်စီဆီကနေ ညီညွတ်တဲ့ ရပ်တည်ချက်တခုကို မျှော်လင့်နေတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

 

အမေရိကန်နဲ့ တခြားပင်လယ်ကွေ့ အာရပ်နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရထားတဲ့ ဘာရိန်းဟာ ရုရှားနဲ့ တရုတ်တို့လို နိုင်ငံတွေရဲ့ ကန့်ကွက်မှုကို ကျော်လွှားနိုင်ဖို့အတွက် အတည်ပြုလိုက်နာရမယ့် အင်အားသုံး အရေးယူဆောင်ရွက်မှုဆိုတဲ့ တိုက်ရိုက်ဖော်ပြချက်ကို အဆိုပြုချက်ထဲကနေ အရင်ကတည်းက ဖြုတ်ပေးခဲ့ပါတယ်။

 

ရိုက်တာက မြင်တွေ့ခဲ့ရတဲ့ မူကြမ်းအရ အဆိုပါ အရေးယူဆောင်ရွက်မှုတွေကို အနည်းဆုံး ခြောက်လသက်တမ်း ဒါမှမဟုတ် ကောင်စီက တခြားတမျိုး ဆုံးဖြတ်ချက်မချမချင်း ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ ကြာသပတေးနေ့မနက်ပိုင်း လုံခြုံရေးကောင်စီမှာ ပြောကြားတဲ့ မှတ်ချက်တွေအရ တရုတ်နိုင်ငံရဲ့ကုလသမဂ္ဂသံအမတ် ဖူကုန်းက အင်အားသုံးဖို့ ခွင့်ပြုချက်ပေးတာကို ကန့်ကွက်ခဲ့ပါတယ်။

 

အခုလို လုပ်တာဟာ “ဥပဒေနဲ့မညီဘဲ ခွဲခြားမှုမရှိတဲ့ အင်အားသုံးစွဲမှုကို တရားဝင်ဖြစ်အောင် လုပ်ပေးသလိုဖြစ်သွားမယ်၊ ဒါဟာ အခြေအနေကို ပိုဆိုးစေမှာဖြစ်ပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဆီကိုမလွဲမသွေ ဦးတည်သွားလိမ့်မယ်”လို့ သူက ထပ်ပြောပါတယ်။

 

အဆိုပါဆုံးဖြတ်ချက်ရဲ့ စတုတ္ထမြောက်မူကြမ်းကို ကြာသပတေးနေ့ နေ့လယ်ပိုင်းအထိ ကန့်ကွက်သူမရှိရင် အတည်ပြုမယ့်စနစ်နဲ့ တင်သွင်းခဲ့ပေမယ့် တရုတ်၊ ပြင်သစ်နဲ့ ရုရှားတို့က ကန့်ကွက်ခဲ့တာကြောင့် ပျက်ပြယ်သွားတယ်လို့ အနောက်နိုင်ငံ သံတမန်သတင်းရင်းမြစ်တခုက ဆိုပါတယ်။

 

ဒါပေမဲ့ အဲဒီနောက်မှာတော့ စာသားတွေကို အပြီးသတ်ညှိနှိုင်းပြီး အပြာရောင်စာသားအဆင့်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်လို့ မဲခွဲဖို့ အဆင်သင့်ဖြစ်သွားပြီလို့ သံတမန်တွေက ပြောပါတယ်။

 

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တခု အတည်ဖြစ်ဖို့အတွက် အနည်းဆုံး ထောက်ခံမဲ ကိုးမဲ လိုအပ်ပြီးအမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ အမေရိကန်တို့က ဗီတိုအာဏာနဲ့ မပယ်ချဖို့လိုပါတယ်။

 

ဟော်မုဇ်ရေလက်ကြားအတွင်း နိုင်ငံတကာ ရေကြောင်းသွားလာမှုကို ထိန်းချုပ်ဖို့ အီရန်ရဲ့ ဥပဒေနဲ့မညီတဲ့ ကြိုးပမ်းမှုဟာ ကမ္ဘာ့အကျိုးစီးပွားတွေကို ခြိမ်းခြောက်နေပြီး ပြတ်သားတဲ့တုံ့ပြန်မှုလိုအပ်တယ်လို့ အယ်လ် ဇေယာနီက ပြောပါတယ်။

 

အဖွဲ့ဝင် ၂၂ နိုင်ငံပါဝင်တဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် အာမက် အာဘိုး ဂိတ်ကလည်း ဆုံးဖြတ်ချက်တခု ရရှိဖို့ ဘာရိန်းရဲ့ ကြိုးပမ်းမှုတွေကို သူတို့ ထောက်ခံတယ်လို့ လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

 

ကြာသပတေးနေ့မှာ ဗြိတိန်နိုင်ငံဟာ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနဲ့ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် နိုင်ငံပေါင်း ၄၀ ကျော်နဲ့ အစည်းအဝေးတခု ကျင်းပခဲ့ပြီး ဘာရိန်းရဲ့ ကြိုးပမ်းမှုကို ထောက်ခံကြောင်းပြသခဲ့ပါတယ်။

 

ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်ခိုက်မှုတွေကို ဆက်လုပ်သွားမယ်လို့ ကတိပေးခဲ့ပေမယ့် ရေလက်ကြား ပြန်ဖွင့်ဖို့အတွက် အစီအစဉ်အတိအကျကိုတော့ ချမပြခဲ့ပါဘူး။

 

Ref – Reuters