ဒီဇယ်နဲ့ ဓါတ်မြေဩဇာ တလ အခွန်ကင်းလွတ်ခွင့်ပေးတာ အကျိုးရှိရဲ့လား

“ဘာမှ မထူးဘူးပေါ့ဗျာ။ ဒါက ရယ်စရာကြီးပါ။ တကယ်လုပ်ပေးရမှာက အမှန်တကယ် အသုံးပြုနေတဲ့ လယ်သမားရဲ့ လက်ထဲကို ဈေးနူန်းသက်သက်သာသာနဲ့ ရောက်လာအောင် လုပ်ပေးရမှာ။

၂၊ ဧပြီလ။

ဧပြီလ ၁ ရက်နေ့ကနေ စပြီး ဧပြီ ၃၀ ရက်နေ့အထိ ဒီဇယ်နဲ့ ဓါတ်မြေဩဇာတွေ တင်သွင်းမှုအတွက် ကြိုတင်ဝင်ငွေခွန် တင်သွင်းရတဲ့ ၂ ရာခိုင်နှူးန်ကို ကင်းလွတ်ခွင့် ပြုမယ်လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန် ကြီးဌာနကနေ ဒီကနေ့မှာ ကြေညာခဲ့ပါတယ်။

အခုလို ကြိုတင်ဝင်ငွေခွန် တလတာ ကင်းလွတ်ခွင့် ပေးလိုက်ခြင်းဟာ တောင်သူလယ်သမားတွေ လက်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအပေါ် အကျိုးသက်ရောက်မှု အားနည်းနိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

စိုက်ပျိုးရေး နဲ့ တောင်သူလယ်သမားအရေး ကျွမ်းကျင်သူလဲဖြစ် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးလည်းဖြစ်တဲ့ မအူပင် ဦးစိန်ဝင်းကတော့ အခုလို အခွန်ကို တလလောက် ကင်းလွတ်ခွင့်ပြုလိုက်ရုံနဲ့ ဘာမှမထူးခြားသွားနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“သူတို့ ဒီလိုလုပ်တာက ယုန်တောင်ပြေး ၊ ခွေးမြောက်လိုက်ပဲ ။ ဧရာဝတီတိုင်းမှာက သူ့နေရာနဲ့သူ ၁၂ လ ရာသီလုံး စိုက်ပျိုးရေး လုပ်ကြတာမျိုး။ ဒီလို တလလောက်လေး ကင်းလွတ်ခွင့်ပြုရုံနဲ့ ဘာမှ မထူးခြား သွားဘူး။ပြီးတော့ တကယ်လုပ်ရမှာက အဲ့ကုန်သည်တွေကို မင်းတို့ ကုန်ကျစားရိတ် အရင်းထက် ဘယ်နှရာခိုင်နှူန်းပဲ တင်ရောင်းခွင့် ပြုမယ်ဆိုတာမျိုး လုပ်ရမှာ”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက တောင်သူလယ်သမားတွေဟာ သွင်းအားစုလို့ခေါ်တဲ့ ဓာတ်မြေဩဇာ အပါအဝင် ပိုးသတ်ဆေးအမျိုးမျိုး၊ အသီးပွင့် အားဆေးအမျိုးမျိုးရဲ့ ဈေးနူန်းမြင့်တက်လာမှုတွေကို ၂၀၂၂ နောက်ပိုင်း ကတည်းက ဆက်တိုက် ကြုံတွေ့ခဲ့ရတာပါ။

လက်ရှိအချိန်မှာတော့ သွင်းအားစုတွေ ဈေးတက်တာအပြင် အခြားသော နိုင်ငံရေးရိုက်ခတ်မှု၊ စစ်ရေးရိုက်ခတ်မှုတွေနဲ့ ကမ္ဘာ့စစ်ရေး အခြေအနေတွေကြောင့် စက်သုံးဆီ ပြတ်လပ်မှုနဲ့ပါ ကြုံတွေ့နေရပြီး စပါးတွေ ရိတ်သိမ်းဖို့တောင် ခက်ခဲနေကြပါပြီ။

“ဘာမှ မထူးဘူးပေါ့ဗျာ။ ဒါက ရယ်စရာကြီးပါ။ တကယ်လုပ်ပေးရမှာက အမှန်တကယ် အသုံးပြုနေတဲ့ လယ်သမားရဲ့ လက်ထဲကို ဈေးနူန်းသက်သက်သာသာနဲ့ ရောက်လာအောင် လုပ်ပေးရမှာ။ အခွန်ကင်းလွတ်ခွင့်ပြုတာက ကုန်သည်ကို ပြုတာလေ။ လယ်သမားတွေဆီ ဘယ်လိုပုံနဲ့ ရောက်လာမလဲ ဘယ်လိုမှ မသိနိုင်ဘူး။ အလွယ်ကူဆုံးပြောရင် အစိုးရက ထုတ်ပေးတဲ့ ဓာတ်မြေဩဇာ တအိတ်ကို ၇ သောင်း ဒါပေမယ့် ကိုယ်စားလှယ်တွေ ကတဆင့် လယ်သမားဆီ ရောက်တဲ့အခါ ၁ သိန်း ၂ သောင်း။ ကျယ်ကျယ်ပြောရင် အဖမ်းကခံရဦးမယ် ” လို့ ဟင်္သာတမြို့နယ်မှာ နေထိုင်တဲ့ တောင်သူလယ်သမားရေး ကူညီဆောင်ရွက်ပေးနေသူ တဦးက ဆိုပါတယ်။

ဒါပေမယ့် ဧရာဝတီတိုင်းက လယ်သမားတချို့ကတော့ အခွန်ကင်းလွတ်ခွင့် ပြုထားချိန်မှာ ဓာတ်မြေဩဇာ ဈေးတွေများ ကျလာနိုင်မလားဆိုပြီး  မျှော်လင့်နေကြပါတယ်။

ဇလွန်မြို့နယ်မှာနေထိုင်တဲ့ လယ်သမား ဦးတိုးက “ ဓာတ်မြေဩဇာဈေးက လယ်သမားတွေ စိတ်ကူးယဉ်နိုင်တဲ့ အနေအထားအထိ ကျလာရင်တော့ မိုးစပါးမှာ ကြဲခင်းလောက်ပဲဖြစ်ဖြစ် စိုက်မယ်လို့ တွေးမယ့်သူတွေ ရှိလာနိုင်တယ်။ အခုက ကျွန်တော်တို့ဘက်မှာ ကြဲခင်းတောင် မလုပ်နိုင်တော့တဲ့ထိ ထိသွားတဲ့သူတွေရှိတော့ ဒီသတင်းက သူတို့လို ဆက်မစိုက်နိုင်တော့မယ့် သူတွေအတွက် မျှော်လင့်ချက် ဖြစ်လာနိုင်တယ် ” လို့ ပြောပါတယ်။

တောင်သူလယ်သမားတွေနဲ့ တောင်သူလယ်သမားအရေး ကျွမ်းကျင်သူတွေကတော့ လယ်သမားတွေအတွက် အမှန်တကယ် အကျိုးရှိတဲ့ ဆောင်ရွက်မှုမျိုး လုပ်မယ်ဆိုရင် စပါးဈေးကို ကုန်ကျစရိတ်နဲ့ ကာမိတဲ့အထိ ဆွဲတင်ပေးဖို့လိုအပ်ပြီး စစ်မှုထမ်းထောက်ပံ့ကြေးအပါအဝင် မလိုလားအပ်တဲ့ အပိုကုန်ကျစရိတ်တွေကို ရပ်ဆိုင်းဖြုတ်သိမ်းပေးဖို့ လိုအပ်တယ်လို့ ထောက်ပြထားကြပါတယ်။

လက်ရှိအခြေအနေအရ လယ်တဧကအတွက် အနိမ့်ဆုံး သွင်းအားစုကုန်ကျစရိတ်ဟာ ၇ သိန်းနဲ့ အထက်မှာရှိနေပြီး ဒါဟာ လူသားအရင်းအမြစ် လုပ်အားခနဲ့ ရိတ်သိမ်းချွေလှေ့ခတွေ မပါဝင်သေးပါဘူး။