FBI ညွှန်ကြားရေးမှူးရဲ့ အီးမေးလ်ကို အီရန်နဲ့ ဆက်နွှယ်တဲ့ ဟက်ကာတွေ ဖောက်ထွင်း

ပြီးခဲ့တဲ့လက အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ အီရန်နဲ့ ဆက်နွှယ်နေတဲ့ ဟက်ကာတွေဟာ အစပိုင်းမှာ ငြိမ်နေခဲ့ကြပါတယ်။

ဒါပေမဲ့ ပဋိပက္ခတွေ ကြာလာတာနဲ့အမျှ သူတို့ရဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေကို ပိုပြီး ကြွားဝါလာကြပါတယ်။

 

၂၈၊ မတ်။

 

အီရန်နိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ ဟက်ကာတွေဟာ FBI ညွှန်ကြားရေးမှူး ကက်ရှ် ပါတေးလ်ရဲ့ ကိုယ်ပိုင်အီးမေးလ်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပါတယ်။

 

ပြီးတော့ ညွှန်ကြားရေးမှူးရဲ့ ဓာတ်ပုံတွေနဲ့ တခြားစာရွက်စာတမ်းတွေကို အင်တာနက်ပေါ်မှာ ဖြန့်ချိလိုက်တယ်လို့ ဟက်ကာအဖွဲ့နဲ့ FBI ဘက်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

 

Handala Hack Team လို့ ခေါ်တဲ့ ဟက်ကာအဖွဲ့က သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ “ပါတေးလ်ဟာ အောင်အောင်မြင်မြင် အဟက်ခံရသူတွေရဲ့ စာရင်းထဲမှာ သူ့နာမည်ကို တွေ့ရတော့မယ်”လို့ ရေးသားထားပါတယ်။

 

အဲဒီဟက်ကာတွေဟာ ပါတေးလ်ရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေကို ဖြန့်ချိခဲ့တာဖြစ်ပြီး အဲဒီထဲမှာ သူဆေးပြင်းလိပ်ရှူနေတာ၊ သောက်နေတာတွေ၊ ရှေးဟောင်းအမိုးဖွင့်ကား စီးနေတာတွေနဲ့ ရမ်အရက်ပုလင်းကြီးကို ကိုင်ပြီး မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံရိုက်ရင်း မျက်နှာပြောင်နေတဲ့ ပုံတွေ ပါဝင်နေပါတယ်။

 

ပါတေးလ်ရဲ့ အီးမေးလ်တွေ ပစ်မှတ်ထားခံရတာကို FBI ဘက်က အတည်ပြုခဲ့ပါတယ်။ FBI ပြောရေးဆိုခွင့်ရှိသူ ဘန် ဝီလျံဆန်က ထုတ်ပြန်ချက်တစ်ခုမှာ “ဒီလုပ်ရပ်ကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို လျှော့ချဖို့ လိုအပ်တဲ့ ခြေလှမ်းတွေအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်ထားပါတယ်” လို့ ပြောပါတယ်။

ပြီးတော့ ပါသွားတဲ့ အချက်အလက်တွေဟာ “အရင်က အဟောင်းတွေသာဖြစ်ပြီး အစိုးရရဲ့ သတင်းအချက်အလက်တွေ တခုမှ မပါဘူး” လို့လည်း ဆိုပါတယ်။

ပါလက်စတိုင်းလိုလားတဲ့ ဟက်ကာအဖွဲ့လို့ ကိုယ့်ကိုကိုယ်ကြေညာထားတဲ့ Handala အဖွဲ့ဟာ အီရန်အစိုးရရဲ့ ဆိုင်ဘာထောက်လှမ်းရေးဌာနတွေက အသုံးချနေတဲ့ အဖွဲ့တွေထဲက တခုဖြစ်တယ်လို့ အနောက်နိုင်ငံက သုတေသီတွေက ယူဆထားကြပါတယ်။

မတ်လ ၁၁ရက်နေ့ကလည်း မီချီဂန်အခြေစိုက် ဆေးဘက်ဆိုင်ရာပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Stryker ကို ဟက်ခဲ့တယ်လို့ Handala က ပြောခဲ့ဖူးပြီး ကုမ္ပဏီရဲ့ ဒေတာအချက်အလက် အများအပြားကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းမှုကို Handala ဘက်က အကြောင်းပြန်ခြင်း မရှိပါဘူး။ ရိုက်တာ သတင်းဌာနအနေနဲ့လည်း သောကြာနေ့ ညနှောင်းပိုင်းမှာ သူတို့ရဲ့ ဝက်ဘ်ဆိုက်ထဲကို ဝင်ရောက်ကြည့်ရှုလို့ မရခဲ့ပါဘူး။

ပါတေးလ်ရဲ့ ဓာတ်ပုံတွေနဲ့အတူ ဟက်ကာတွေဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်းက ပေးပို့ခဲ့တဲ့ အီးမေးလ်ပေါင်း ၃၀၀ ကျော်ကို နမူနာအဖြစ် ဖြန့်ချိခဲ့ပါတယ်။ အဲဒီအီးမေးလ်တွေထဲမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ အလုပ်ကိစ္စတွေ ရောထွေးနေတာကို တွေ့ရပါတယ်။

ရိုက်တာသတင်းဌာနအနေနဲ့ ပါတေးလ်ရဲ့ အီးမေးလ်တွေ ဟုတ်မဟုတ်ဆိုတာကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါပေမဲ့ Handala ဖောက်ထွင်းခဲ့တယ်လို့ ပြောတဲ့ ကိုယ်ပိုင် Gmail လိပ်စာဟာ အရင်က ဖြစ်ခဲ့တဲ့ ဒေတာပေါက်ကြားမှုတွေမှာ ပါတေးလ်နဲ့ ဆက်နွှယ်နေတယ်လို့ Dark Web ထောက်လှမ်းရေးလုပ်ငန်းတခုဖြစ်တဲ့ District 4 Labs က မှတ်တမ်းတင်ထားတဲ့ လိပ်စာနဲ့ ကိုက်ညီနေပါတယ်။

Gmail ကို ပိုင်ဆိုင်တဲ့ Google ဘက်ကတော့ ဒီအပေါ် မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့လက အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းမှာ အီရန်နဲ့ ဆက်နွှယ်နေတဲ့ ဟက်ကာတွေဟာ အစပိုင်းမှာ ငြိမ်နေခဲ့ကြပါတယ်။

ဒါပေမဲ့ ပဋိပက္ခတွေ ကြာလာတာနဲ့အမျှ သူတို့ရဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေကို ပိုပြီး ကြွားဝါလာကြပါတယ်။

Stryker ကို ဟက်ခဲ့တဲ့အပြင် အရှေ့အလယ်ပိုင်းမှာ အခြေစိုက်တဲ့ Lockheed Martin ကာကွယ်ရေးကုမ္ပဏီက ဝန်ထမ်းအများအပြားရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုလည်း ဖြန့်ချိခဲ့တယ်လို့ Handala က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

Lockheed Martin ဘက်ကတော့ အဆိုပါ သတင်းတွေကို သိထားပြီး ကုမ္ပဏီအပေါ် ကျရောက်လာမယ့် ဆိုင်ဘာခြိမ်းခြောက်မှုတွေကို လျှော့ချဖို့ မူဝါဒတွေ၊ လုပ်ထုံးလုပ်နည်းတွေ ချမှတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

အစ္စရေး ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Check Point က အရာရှိချုပ် ဂေးလ်မက်ဆင်းကတော့ ပါတေးလ်ကို အခုလို ဟက်ပြီး အချက်အလက်တွေ ဖြန့်ချိတာဟာ အမေရိကန် အရာရှိတွေကို အရှက်ရစေဖို့နဲ့ သူတို့ကို မလုံခြုံသလို ခံစားရအောင် လုပ်ဖို့ အီရန်ရဲ့ မဟာဗျူဟာ တစိတ်တပိုင်းဖြစ်တယ်လို့ ပြောပါတယ်။

အီရန်တွေဟာ “သူတို့ဆီမှာ ရှိသမျှ အကုန်နဲ့ ပစ်ခတ်တိုက်ခိုက်နေတာ” လို့လည်း သူက ဆိုပါတယ်။

 

Ref – Reuters