အမေရိကန်ရဲ့ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို ပြန်လည်သုံးသပ်နေတယ်လို့ အီရန်ကပြောပေမဲ့ ဆွေးနွေးမှု မရှိသေး

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချ်ချီကတော့ အမေရိကန်နဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးတာမျိုး မရှိသေးပေမဲ့ ကြားခံလူတွေကတဆင့်သတင်းစကားတွေကိုတော့ အပြန်အလှန် ပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

၂၆၊ မတ်။

 

လေးပတ်နီးပါးကြာလာပြီဖြစ်တဲ့ တိုက်ပွဲတွေကို အဆုံးသတ်ဖို့အတွက် အီရန်နိုင်ငံဟာ သဘောတူညီချက်တခုရဖို့ အသည်းအသန်ဖြစ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

 

ဒါဟာ အမေရိကန်ရဲ့ အဆိုပြုချက်ကို သူ့နိုင်ငံက ပြန်သုံးသပ်နေပေမဲ့ ပဋိပက္ခ လျှော့ချရေး ဆွေးနွေးပွဲတွေလုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ပြောထားတဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

 

အခုလို အပြန်အလှန် ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ထုတ်ပြန်ချက်တွေဟာ စစ်ပွဲကြောင့် စီးပွားရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်မှုတွေ တိုးမြင့်လာနေချိန်မှာ ထွက်ပေါ်လာတာပါ။

 

တကမ္ဘာလုံးမှာ လောင်စာဆီပြတ်လပ်မှုတွေ ပျံ့နှံ့လာနေတာကြောင့် ကုမ္ပဏီတွေနဲ့ နိုင်ငံတွေဟာ အဲ့ဒီပြဿနာတွေကို ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ကြိုးစားနေရပါတယ်။

 

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချ်ချီကတော့ အမေရိကန်နဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးတာမျိုး မရှိသေးပေမဲ့ ကြားခံလူတွေကတဆင့်သတင်းစကားတွေကိုတော့ အပြန်အလှန် ပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

“ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့ နိုင်ငံတွေကတဆင့် သတင်းစကားတွေ ပေးပို့တာ၊ကျွန်တော်တို့ဘက်ကလည်း ကိုယ့်ရပ်တည်ချက်ကို ပြန်ပြောတာ ဒါမှမဟုတ်လိုအပ်တဲ့ သတိပေးချက်တွေ ထုတ်ပြန်တာကို ဆွေးနွေးပွဲလို့ ခေါ်လို့မရပါဘူး” လို့ အာရက်ချ်ချီက ဗုဒ္ဓဟူးနေ့က နိုင်ငံပိုင်ရုပ်သံ အင်တာဗျူးတခုမှာပြောခဲ့ပါတယ်။

 

ဝါရှင်တန်မှာလုပ်တဲ့ ပွဲတခုမှာ ထရမ့်က  အီရန်ခေါင်းဆောင်တွေဟာ “တကယ်တော့ ဆွေးနွေးနေကြတာပါ၊ သူတို့သဘောတူညီချက်တခုကို အသည်းအသန် လိုချင်နေကြတယ်၊ ဒါပေမဲ့ သူတို့ပြည်သူတွေ သတ်တာခံရမှာကြောက်လို့ ထုတ်မပြောရဲကြတာ၊ နောက်ပြီးကျွန်တော်တို့ သတ်မှာကိုလည်း သူတို့ ကြောက်နေကြတယ်” လို့ ဆိုပါတယ်။

 

ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းမှာ လူပေါင်းထောင်ချီ သေဆုံးခဲ့ရပါတယ်။

 

အဲဒီထဲမှာ အမေရိကန်က ဘယ်သူနဲ့ ဆွေးနွေးနေတယ်ဆိုတာကိုတော့ ထရမ့်က ထုတ်မပြောပါဘူး။ အီရန်ဘက်ကလည်း အစ္စရေး၊ အမေရိကန်စခန်းတွေနဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ပြန်လည်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

 

အီရန်ရဲ့ အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီဟာ ပဋိပက္ခစတင်တဲ့ ပထမဆုံးနေ့မှာပဲ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

 

သူ့နေရာမှာ သားဖြစ်သူ မူဂျာတာဘာနဲ့ အစားထိုးခဲ့ပေမဲ့ သူဟာလည်းတိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရခဲ့ပြီး ရာထူးခန့်အပ်ခံရကတည်းက ဘယ်ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုဖိုင်မှာမှ ပေါ်မလာသေးပါဘူး။

 

ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ငါးပုံတပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကြီး ပိတ်သွားတာကြောင့် လေကြောင်းလိုင်းတွေကနေ စူပါမားကတ်တွေနဲ့ တပတ်ရစ်ကား အရောင်းအဝယ်တွေအထိ အခက်တွေ့နေရပါတယ်။

 

ကုန်ကျစရိတ်တွေ တက်လာတာ၊ ဝယ်လိုအား ကျလာတာနဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ပြတ်တောက် ကုန်တာတွေကို ရင်ဆိုင်နေရတာပါ။ တချို့အစိုးရတွေဆိုရင် ကိုဗစ်ကာလတုန်းက သုံးခဲ့တဲ့ ကူညီထောက်ပံ့ရေး အစီအစဉ်တွေကိုတောင် ပြန်သုံးဖို့ စဉ်းစားနေကြပါတယ်။

 

တောင်သူတွေနဲ့ ရေလုပ်သားတွေဟာ သူတို့ရဲ့ စက်ယန္တရားတွေအတွက်ဒီဇယ်ဆီရဖို့ ရုန်းကန်နေရပါတယ်။ တကယ်လို့ စစ်ပွဲဟာ ဇွန်လအထိသာဆက်ဖြစ်နေမယ်ဆိုရင် လူပေါင်း သန်းနဲ့ချီပြီး အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ခန့်မှန်းထားပါတယ်။

ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် အမေရိကန်က ပါကစ္စတန်ကတဆင့် အီရန်ကို ပေးပို့ထားတဲ့ အချက် ၁၅ ချက်ပါ အဆိုပြုချက်ထဲမှာ ရေလက်ကြားကိုပြန်ဖွင့်ဖို့၊ အီရန်ရဲ့ ယူရေနီယံသိုလှောင်မှုတွေကို ဖယ်ရှားဖို့၊ ဒုံးကျည်အစီအစဉ်တွေကို ကန့်သတ်ဖို့နဲ့ ဒေသတွင်းက မဟာမိတ်တွေကို ထောက်ပံ့နေတာတွေ ရပ်တန့်ဖို့ စတဲ့ အချက်တွေ ပါဝင်တယ်လို့ ဒီအစီအစဉ်ကို သိထားတဲ့အစ္စရေးအစိုးရ သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

အိမ်ဖြူတော်ဘက်ကတော့ အဆိုပါ အဆိုပြုချက်ရဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြောဖို့ ငြင်းဆိုထားပါတယ်။

 

Ref – Reuters