အရန်ရေနံတွေကို ထုတ်သုံးတော့မယ်လို့ ဂျပန်ဝန်ကြီးချုပ်ပြော

“အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ဂျပန်နိုင်ငံအတွက်ရော နိုင်ငံတကာ အသိုက်အဝန်းအတွက်ပါ အလွန်ပဲ အရေးကြီးပါတယ်”လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

၂၄၊ မတ်။

အခုဖြစ်ပွားနေတဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြားက စစ်ပွဲကြောင့် ရေနံထောက်ပံ့မှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေချိန် နိုင်ငံတော်အရန် ရေနံတွေကို မတ်လ ၂၆ ရက်နေ့မှာ စတင်ထုတ်ယူသုံးစွဲမယ်လို့ ဂျပန်ဝန်ကြီးချုပ် တာကာအီချီက ဒီကနေ့မှာ ပြောပါတယ်။

အရှေ့အလယ်ပိုင်း တင်းမာမှုတွေကြောင့် ဂျပန်စီးပွားရေးအပေါ် သက်ရောက်လာနိုင်တဲ့ ဒဏ်ကို လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ အဆိုပါ အစီအစဉ်ကို ကြေညာခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဂျပန်နိုင်ငံဟာ ပုဂ္ဂလိကကဏ္ဍမှာ စုဆောင်းထားတဲ့ ရေနံတွေကို စတင်ထုတ်သုံးခဲ့ပါသေးတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံမှာ လက်ရှိသိုလှောင်ထားတဲ့ အရှေ့အလယ်ပိုင်း ရေနံထုတ်လုပ်သူတွေရဲ့ ဖက်စပ်အရန်ရေနံတွေကိုလည်း မတ်လကုန်ပိုင်းမှာ စတင်ထုတ်ယူသွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်တာကာအီချီက ဆိုပါတယ်။

“အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ ဂျပန်နိုင်ငံအတွက်ရော နိုင်ငံတကာ အသိုက်အဝန်းအတွက်ပါ အလွန်ပဲ အရေးကြီးပါတယ်”လို့ သူက ပြောပါတယ်။

ဒါ့အပြင် တိုကျိုအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းပြီး လိုအပ်တဲ့ သံတမန်ရေးရာ ကြိုးပမ်းမှုမှန်သမျှကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ဝါရှင်တန်မှာ ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာလည်း သူနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ ရေနံသယ်ယူပို့ဆောင်ရေးမှာ အဓိကကျတဲ့ ဟော်မုဇ် ရေလက်ကြားမှာ သင်္ဘောတွေ ဘေးကင်းကင်း သွားလာနိုင်ရေးနဲ့ စွမ်းအင်ထောက်ပံ့မှု တည်ငြိမ်စေရေးရဲ့ အရေးပါပုံကို အတည်ပြုဆွေးနွေးခဲ့ကြတယ်လို့ ဂျပန် ဝန်ကြီးချုပ် တာကာအီချီက ပြောပါတယ်။

Ref – KYODO NEWS