ဥရောပအရာရှိတဦးရဲ့ အဆိုအရ နှစ်နိုင်ငံကြား တိုက်ရိုက်ဆွေးနွေးတာမျိုး မရှိသေးပေမဲ့ အီဂျစ်၊ ပါကစ္စတန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကနေတဆင့်သတင်းစကားတွေ အပြန်အလှန် ပါးနေကြတယ်လို့ သိရပါတယ်။
၂၄၊ မတ်။
အမည်မဖော်လိုတဲ့ အီရန်အရာရှိတွေနဲ့အပြုသဘောဆောင်တဲ့ ဆွေးနွေးခဲ့ပြီး နောက် အီရန်ရဲ့လျှပ်စစ်ဓာတ်အားပေး စနစ်ကို ဗုံးကြဲမယ့် ခြိမ်းခြောက်မှုကို ရွှေ့ဆိုင်းလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ခဲ့တဲ့အပေါ် အီရန်ဘက်က ငြင်းဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ ဆွေးနွေးတာမျိုး လုံးဝမရှိခဲ့ဘူး ၊ သတင်းမှားဖြစ်တယ်လို့ အီရန်ဘက်က ဆိုပါတယ်။
ဥရောပအရာရှိတဦးရဲ့ အဆိုအရ နှစ်နိုင်ငံကြား တိုက်ရိုက်ဆွေးနွေးတာမျိုး မရှိသေးပေမဲ့ အီဂျစ်၊ ပါကစ္စတန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကနေတဆင့်သတင်းစကားတွေ အပြန်အလှန် ပါးနေကြတယ်လို့ သိရပါတယ်။
ပါကစ္စတန်အရာရှိတဦးနဲ့ တခြားသတင်းရင်းမြစ်တခုကလည်း စစ်ပွဲအဆုံးသတ်ဖို့ တိုက်ရိုက်ဆွေးနွေးပွဲတွေကို ဒီအပတ်အတွင်း အစ္စလာမ္မာဘတ်မြို့မှာ ပြုလုပ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
ထရမ့်ကတော့ သူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ အရှေ့အလယ်ပိုင်းကရန်လိုမှုတွေကို အပြီးအပိုင် အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ဖို့အတွက် အမေရိကန်နဲ့ အီရန်တို့ဟာ အလွန်ကောင်းမွန်ပြီး အကျိုးရှိတဲ့ စကားပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ ရေးသားခဲ့တာပါ။
အဆိုပါ ဆွေးနွေးမှုတွေကြောင့်ပဲ အီရန်ရဲ့ စွမ်းအင်ကွန်ရက်ကို တိုက်ခိုက်မယ့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းလိုက်တယ်လို့ သူက ဆိုပါတယ်။
ကြေညာချက်ကြောင့် ရှယ်ယာဈေးနှုန်းတွေ တက်လာပြီး ရေနံဈေးကတော့တစည်ကို ဒေါ်လာ ၁၀၀ အောက်အထိ ထိုးဆင်းသွားပါတယ်။
ပြီးခဲ့တဲ့အပတ်က ထရမ့်ရဲ့ ခြိမ်းခြောက်မှုနဲ့ အီရန်ရဲ့ တုံ့ပြန်မယ်ဆိုတဲ့စကားတွေကြောင့် ဈေးကွက်အတွင်း ကမောက်ကမတွေ ဖြစ်ခဲ့ပါတယ်။
ထရမ့်က သတင်းထောက်တွေကို ဆက်ပြောတာကတော့ စစ်မဖြစ်ခင်ကတည်းက အီရန်နဲ့ ညှိနှိုင်းပေးခဲ့ဖူးတဲ့ သူ့ရဲ့ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့ သားမက်ဖြစ်သူ ဂျာရတ် ကွတ်ရှ်နာတို့ဟာ တနင်္ဂနွေနေ့ ညနေပိုင်းကအီရန်အဆင့်မြင့်အရာရှိတဦးနဲ့ ဆွေးနွေးခဲ့ကြပြီး တနင်္လာနေ့မှာလည်းဆက်လက်ဆွေးနွေးမယ်လို့ ဆိုပါတယ်။
ဝစ်ကော့ဖ်နဲ့ ကွတ်ရှ်နာတို့ ဆက်သွယ်နေတဲ့ အီရန်အရာရှိက ဘယ်သူလဲဆိုတာကိုတော့ ထရမ့်က ထုတ်မပြောပါဘူး။ ဒါပေမဲ့ “ကျွန်တော်တို့ ဆက်ဆံနေတာက အလေးစားရဆုံးနဲ့ ခေါင်းဆောင်လို့ ကျွန်တော် ယုံကြည်တဲ့သူနဲ့ပါ” လို့ပဲဆိုပါတယ်။
အစ္စရေးအရာရှိတဦးနဲ့ အဆိုပါကိစ္စကို သိရှိနားလည်တဲ့ တခြား သတင်းရင်းမြစ်နှစ်ခုကတော့ အီရန်ဘက်က ဆွေးနွေးနေသူဟာ ဩဇာကြီးမားတဲ့လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကေးလ် ကာလီဘတ်ဖြစ်တယ်လို့ ဆိုကြပါတယ်။
ကာလီဘတ်ကတော့ X လူမှုကွန်ရက်ကနေတဆင့် အမေရိကန်နဲ့ ဒီလိုဆွေးနွေးမှုမျိုး မရှိဘူးလို့ ငြင်းဆိုလိုက်ပြီး ဒါဟာ ဘဏ္ဍာရေးဈေးကွက်ကိုကစားဖို့ ကြိုးစားမှု သက်သက်ပဲလို့ ပြောပါတယ်။
“အမေရိကန်နဲ့ ဘာဆွေးနွေးမှုမှ မလုပ်ထားပါဘူး။ သတင်းအမှားတွေကို သုံးပြီး ငွေကြေးနဲ့ ရေနံဈေးကွက်ကို ကစားနေတာ၊ ပြီးတော့ အမေရိကန်နဲ့အစ္စရေးတို့ ပိတ်မိနေတဲ့ အကျပ်အတည်းကနေ ရုန်းထွက်ဖို့ ကြိုးစားနေတာပဲ” လို့ သူက ရေးသားခဲ့တာပါ။
အီရန်ရဲ့ အထူးတော်လှန်ရေးအစောင့်တပ် (IRGC) ကလည်း အမေရိကန်ရဲ့ပစ်မှတ်တွေကို တိုက်ခိုက်မှုအသစ်တွေ စတင်နေပြီလို့ ပြောပြီး ထရမ့်ရဲ့စကားတွေဟာ ဟောင်းနွမ်းနေတဲ့ စိတ်ဓာတ်စစ်ဆင်ရေး သက်သက်သာဖြစ်ပြီး တီဟီရန်ရဲ့ တိုက်ပွဲအပေါ် ဘာသက်ရောက်မှုမှ မရှိဘူးလို့ ပြောလိုက်ပါတယ်။
အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တိုက်ခိုက်မယ်ဆိုတဲ့ ထရမ့်ရဲ့ခြိမ်းခြောက်မှုကို အီရန်ဘက်ကလည်း အရှေ့အလယ်ပိုင်းက အမေရိကန်မဟာမိတ်တွေရဲ့ အခြေခံအဆောက်အအုံတွေကို ပြန်လည်ချေမှုန်းမယ်လို့တုံ့ပြန်ထားပါတယ်။
ဒါဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုမှာ ကြီးမားတဲ့ ပြတ်တောက်မှုတွေ ခန့်မှန်းထားတာထက် ပိုကြာရှည်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကို မြင့်တက်စေပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့အဆိုပါ စစ်ပွဲအတွင်းမှာ လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။
Ref – Reuters